ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် များသည် ပဋိပက္ခ ဖြစ်ပွားရခြင်း အကြောင်းရင်းကို စတင်စစ်ဆေးမှု ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့နယ် အတွင်းမှ မီးလောင်ကျွမ်းသွားသည့် ကျေးရွာများသို့ ကွင်းဆင်းကာ ဒုက္ခသည်များကို တွေ့ဆုံ မေးမြန်းကြောင်း၊ စုံစမ်းတွေ့ရှိချက်များကို အသေးစိတ် သုံးသပ်၍ ၃ လ အတွင်း သမ္မတထံ တင်ပြရမည် ဖြစ်ကြောင်း၊ ၃ လအတွင်း စစ်ဆေးမှု မပြီးပါက အချိန်ထပ်ယူကာ ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း ကော်မရှင် အဖွဲ့က ပြောသည်။
ကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ စက်တင်ဘာလ ၇ ရက်နေ့က ရောက်ရှိနေပြီး ထိုမှတဆင့် ကျောက်တော်၊ မြောက်ဦး ဒေသများသို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကာ မောင်တောမြို့သို့ ယနေ့ရောက်ရှိ၍ စစ်ဆေးမှု လုပ် ဆောင်နေကြောင်း ကော်မရှင်အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောသည်။
“မီးလောင်သွားတဲ့ ရွာသားတွေနဲ့ တွေ့ပြီး စစ်ဆေး မေးမြန်းမှုတွေလုပ်တယ်၊ မြောက်ဦးမှာလည်းပဲ မရမာလူမျိုးနေအိမ် တချို့
မီးလောင်တာကို စစ်ဆေးတယ်၊ အဓိက စစ်ဆေးတာက ပဋိပက္ခ စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းပါ”ဟု ၎င်းက ဆိုသည်။
စုံစမ်းရေး ကော်မရှင်သည် ရခိုင်ဒေသတွင်း ပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းကို အဓိက စစ်ဆေး၍ ထိုစစ်ဆေးမှု အပေါ် အခြေခံသုံးသပ်ကာ ရေရှည် တည်ငြိမ်ရေး၊ ရခိုင်ပြည်နယ် အတွက်သာမက နိုင်ငံတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ ပြည်တွင်း လုံခြုံရေး အစီအစဉ်များ အတွက် ဆောင်ရွက်သွားမည်ဟု သိရသည်။
“လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မေးမြန်းမှုတွေ လုပ်နိုင်ပါတယ်၊ အာဏာပိုင်တွေ က လုံခြုံရေး ကိစ္စ စီစဉ်ပေးတာ လောက်ပါပဲ”ဟု ဦးအေးသာအောင် က ပြောသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် မောင်တောမြို့နယ်ရှိ မီးလောင်ကျွမ်းသွားသည့် မောရဝတီ၊ သရေကုန်ဘောင် ကျေးရွာ များသို့ သွားရောက်၍ ဒုက္ခသည်များနှင့်တွေ့ဆုံ မေးမြန်း စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း၊ မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများသို့ လာရောက်ခြင်း မရှိသေးကြောင်း မောင်တော မြို့ခံ တချို့က ပြောဆိုသည်။
ဒေသခံ ရခိုင် တိုင်းရင်းသားများ၊ ရခိုင်မျိုးနွယ်စုများနှင့်ဘင်္ဂါလီဒုက္ခသည် အားလုံးနှင့် သီးခြားစီ မေးမြန်းမှု လုပ်ဆောင်ကြောင်း၊ ကျောက်တော်၊ မြောက်ဦးဒေသ တို့၌ မြို့မိ မြို့ဘများ နှင့်လည်း တွေ့ဆုံဆွေးနွေး၍ ရေရှည် တည်ငြိမ်ရေး ကိစ္စများကို ကော် မရှင် အဖွဲ့က ဆွေးနွေးသွားကြောင်း မြောက်ဦး ဒေသခံများကလည်း ပြောသည်။
ကော်မရှင်အဖွဲ့ က စစ်တွေမြို့နယ်ရှိ ဒုက္ခသည် စခန်းများသို့လည်း ယခုရက်ပိုင်းအတွင်း ထပ်မံသွားရောက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်မည် ဖြစ် ကြောင်း၊ ထိုမှတဆင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ် စသည့်ဒေသ များသို့ သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုသည်။
စစ်တွေမြို့နယ်၌ ဘင်္ဂါလီဒုက္ခသည် စခန်း ၇ ခုရှိပြီး လူဦးရေ ၆ သောင်းဝန်းကျင် ရှိကြောင်း၊ ၎င်းတို့ နေထိုင် စားသောက်ရေး ကိစ္စကို ပြည်နယ်အစိုးရက ဆောင်ရွက်ပေးနေကြောင်း၊ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) အဖွဲ့က ဆန်ပေးနေသည့်အတွက် စားစရာ ပြည့်စုံမှုရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ဧရာဝတီ ကို ပြောသည်။
စစ်တွေ မြို့ရှိ ဘုန်းကြီးကျောင်းများ၌ ရခိုင်တိုင်းရင်းသား ဒုက္ခသည် စခန်း ၅ ခုရှိကြောင်း၊ ထိုစခန်း ၅ ခုကို တနေရာတည်းတွင် စုပေါင်းထားနိုင်ရန် နေအိမ်များ တည်ဆောက်နေကြောင်း ၎င်း က ဆက်ပြောသည်။
ယခုခရီးစဉ်သည် ပထမဆုံးဖြစ်ပြီး ကော်မရှင်တခုလုံးအနေဖြင့် စုံစမ်းစစ်ဆေးကြမည်ဖြစ်၍ လာမည့်ခရီးစဉ်များတွင် ဆပ်ကော် မတီ ၈ ရပ်က မိမိတို့တာဝန်ယူထားရာ ကဏ္ဍအလိုက် အသေးစိတ် ထပ်မံစစ်ဆေးမှု ပြုလုပ်ကြမည် ဖြစ်ကြောင်း အဖွဲ့ဝင်များ က ပြောသည်။ ၎င်းတို့၏ စစ်ဆေးတွေ့ရှိချက်များကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သမ္မတထံ အစီရင်ခံစာတင်ပြရမည် ဖြစ် သည်။
စုံစမ်းရေး ကော်မရှင်အဖွဲအား သာသနာရေး ဦးစီးဌာန ညွန်ချုပ် အငြိမ်းစား ဒေါက်တာ မျိုးညွန့် ဦးဆောင်ပြီး ခရစ်ယာန် ဘာ သာရေး ခေါင်းဆောင်များ၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပညာရှင်များ စသည့် ၂၇ ဦးဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် သမ္မတ က တာဝန်ပေးဖွဲ့စည်းထားခြင်းဖြစ်သည်။
သတင်းစာ ဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ၊ ရခိုင် တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ဒေါက်တာ ကျော်ရင်လှိုင်(Myanmar Egress)၊ ဗဟု ဖွံ့ဖြိုး ရေး အဖွဲ့မှ ဦးအောင်နိုင်ဦး တို့လည်း ပါဝင်သည်။
ဇွန်လဆန်းမှ စတင်ခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် သေဆုံးသူ ၈၀ ဝန်းကျင်၊ ဒဏ်ရာရသူ ၁၁၂ ဦး၊ လူနေအိမ် ၅၀၀၀ ဝန်းကျင်၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက်စီးခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဇူလိုင်လ ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ဒေသမှ မသီတာထွေး အသတ်ခံရမှု နှင့်ဆက်စပ်၍ တောင်ကုတ်မြို့၌ လူ ၁၀ ဦးအသတ်ခံ ရ သည့် ကိစ္စအား စုံစမ်းစစ်ဆေးရန် အတွက် အာဏာပိုင်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ တခုကိုလည်း ဇွန်လ တွင် ဖွဲ့စည်း ခဲ့သေးသည်။
ထိုအဖွဲ့၌ ပြည်ထဲရေး ဒု ဝန်ကြီ ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာ ရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် အထူးစုံစမ်းရေးအဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦးပါဝင်သည်။ ထိုအ ဖွဲ့ သည် ၎င်းတို့၏ စစ်ဆေးတွေ့ရှိမှုများကို ဇွန်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ထံ အစီရင်ခံ တင်ပြရမည်ဟု အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။