ဝတ္ထုရေးတဲ့ ၈၈
လတ်တလောမှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ကိုယ်တိုင်ရေး လုံးချင်းဝတ္ထုတွေဟာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေခဲ့ပြီး ရုပ်ရှင်ရိုက်ဖို့အထိ အနုပညာအသိုင်းအဝိုင်းမှာ အောင်မြင်နေပါတယ်။
ပထမဆုံး ကိုမင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ဆိုတဲ့ လုံးချင်းဝတ္ထု ထွက်ရှိလာပါတယ်။ နောက်တော့ ကိုမြအေးရဲ့ “မိုးကောင်းကင်၌ တိမ်တိုက်များ”ဆိုတဲ့ လုံးချင်းဝတ္ထု လည်း ထွက်ရှိလာပြန်ပါတယ်။ ဒီလို ထွက်ရှိလာတဲ့ ဝတ္ထုတွေကတော့ ထွက်တဲ့နေ့မှာတင်ပဲ ဒါရိုက်တာ ဝင်းထွန်းထွန်းက “နောက်ကြည့်မှန်” ဝတ္ထု၊ ဒါရိုက်တာ ကြည်ဖြူသျှင်က “မိုးကောင်းကင်၌ တိမ်တိုက်များ”ဝတ္ထု တို့ကို အနုပညာကြေးပေး ဝယ်ယူသွားပြီး ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းဖို့အထိ ဖြစ်နေကြပြီ။ လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကိုဂျင်မီရဲ့”လမင်းစန္ဒာ အင်းလေးကန်သာ”ဆိုတဲ့ ဝတ္ထု ထွက်ရှိလာမှာဖြစ်ပြီး အဲ့ဒီဝတ္ထုကိုလည်း လပ်ကီးဆဲဗင်း ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးက ဝယ်ယူလိုက်ထားပါပြီတဲ့။
ကိုကိုကြီးရဲ့ “ပြောချင်လို့ ပြောခဲ့တာတွေ အင်တာဗျူးများ (၁)” ဆိုတဲ့ စာအုပ်ကတော့ ဇာတ်လမ်းမဟုတ်တော့ ရုပ်ရှင်ရိုက် မရဘူးပေါ့။ မစပ်စုတို့က အားပေးပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ အခုလို သူတိုရဲ့ ဘဝအတွေ့အကြုံတွေနဲ့ ရင်းပြီး အကျဉ်းထောင် အသီးသီးမှာရှိနေတုန်း ထွက်ကျလာတဲ့ သူတို့ရဲ့ ခံစားချက်စာစုတွေကို ရုပ်ရှင်အဖြစ်လည်း ကြည့်ရတော့မယ်ဆိုတော့ စိတ်ဝင်စားတာပေါ့။
တချို့ကတော့ ပြောကြပါတယ်။ ထောင်ကထွက်လာတဲ့သူတွေဆီက ထောင်ထဲမှာ ဘယ်လို ကြုံတွေ့ ရင်ဆိုင် ဖြတ်သန်းခဲ့ရတာကို မျှော်လင့်တာ ထွက်လာတော့ ဝတ္ထု ဖစ်ရှင်တွေ ချည်းပဲတဲ့။ ဟိုတုန်းက နိုင်ငံရေးသမားတွေ ထောင်က ပြန်ထွက်လာရင် ထောင်အကြောင်း ရေးတာ အရမ်းဖတ်ကောင်းတယ်တဲ့။ မြန်မာစာပေလောကမှာ အရေးပါတဲ့ ထောင်စာပေမျိုး အရင်က ပြည်ပရောက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ရေးသားထုတ်ဝေဖူးပြီး နောက်ဆုံး အဘဦးဝင်းတင်ပဲ ရေးသေးတယ်တဲ့။
မစပ်စုတို့ ရှာဖတ်ရဦးမယ်။ အဲ … ၈၈ အဖွဲ့ထဲမှာ အမျိုးသမီးတွေလည်း ပါတော့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ ခံစားချက် စာစုတွေကော မကြာခင်မှာ ထွက်ရှိလာဖို့များ ရှိနေမလားဆိုတာ အမျိုးသမီးထု ကိုယ်စား မစပ်စု တီးခေါက်ကြည့်ပါတယ်။
မိန်းမသားတဦးအနေနဲ့ အကျဉ်းထောင်လိုနေရာမျိုးမှာ ဘယ်လိုကြိုးစားရုန်းကန်ပြီး အချိန်တွေကို ကုန်လွန်စေခဲ့မှန်းမသိ ကုန်လွန်ခဲ့ရတဲ့သူတိုရဲ့ ဘဝဇာတ်ကြောင်း အဖြစ်မှန်တွေကို ဝတ္ထုတပုဒ်အဖြစ် ပြန်အသက်သွင်းမယ်ဆိုရင်လည်း နောက်ထပ် ရုပ်ရှင်ဇာတ်ကားတကားအဖြစ် ဆိုတာပါ ထွက်ပေါ်လာမှာ မလွဲဘူးလို့ မစပ်စု မြင်ယောင်မိပါတယ်။
နိုင်ငံရေး အကျဉ်းသူဟောင်းတွေအနေနဲ့ လက်တလောမှာ ဝတ္ထု စာအုပ်တအုပ်အနေနဲ့ ထွက်ရှိဖို့ အစီအစဉ်မရှိသေးပေမယ့် နောက်ပိုင်းမှာ နောင်လာနောက်သားတွေ၊ ပြည်သူတွေကို အကျိုးပြုမယ့် စာပေမျိုးတွေကို ထုတ်လုပ်သွားဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသူ နိုင်ငံရေး အကျဉ်းသူဟောင်း မမီးမီးက ဧရာဝတီကို ပြောပါတယ်။
“စာအုပ်အဖြစ်နဲ့ မဟုတ်ရင်တောင်မှ စာစောင်လေးတွေ လက်ကမ်းစာစောင်လို ပုံစံမျိုးတွေ စာစဉ်လေးတွေအဖြစ် လုပ်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ကျမတို့ထဲက တချို့သော နိုင်ငံရေး အကျဉ်းသူတွေဟာ တချို့ မဂ္ဂဇင်းတွေမှာလည်း သူတို့ရဲ့ ကလောင်နာမည်တွေနဲ့ အကျိုးပြုစာပေတွေ ရေးသားနေတာတွေလည်းရှိပါတယ်” လို့ သူက ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အရင်ကတော့ ၈၈ နဲ့ ပတ်သက်တဲ့ ဘယ်နာမည်ကိုမဆို ပြောဖို့နေနေသာသာ ကြားရရင်တော့ ကြက်သီးထလောက်အောင် ကြောက်နေတတ်တဲ့ ခေတ်အခြေနေကနေ ဒီ ၈၈ မျိုးဆက်တွေရဲ့ အနုပညာလက်ရာတွေဟာ အများကြိုက်ဈေးကွက်ထဲအထိ လွတ်လပ်မြန်ဆန်စွာ ထိုးဖောက် ဝင်ရောက်လာနိုင်ခဲ့တာကိုက ပြောင်းလဲလာတဲ့ ခေတ်သမိုင်းလို့ ပြောရလေမလား။
အရည်အသွေးကို ပြန်ပေးမယ့် အကယ်ဒမီ
ရုပ်ရှင်လောကသားတွေရဲ့ တနှစ်တာအတွက် အကြီးဆုံးမျှော်လင့်ချက်ကြီးတခုဖြစ်တဲ့ အကယ်ဒမီပေးပွဲကို အရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေကို အားရကျေနပ်မှု မရှိခဲ့ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ကိုလူမင်းက ဧရာတီကိုပြောပါတယ်။
“အဓိက လိုရင်းတိုရှင်းပြောရမယ်ဆိုရင် အားရကျေနပ်မှုမရှိလို့ပါ။ ဒီ ရွေးချယ် အကဲဖြတ်တဲ့နေရာမှာ အနုပညာရှင်တွေ အားနည်းနေတာ ဌာနဆိုင်ရာတွေ ကြီးစိုးမှုများနေတာ ပြီးတော့ နိုင်ငံရေး အသွေးအရောင်တွေနဲ့ အကဲဖြတ်တာ အလှည့်ကျ စနစ်ဆိုတာကြီးကို ဦးစားပေးပြီး စဉ်းစားတဲ့ကိစ္စ အဲ့ဒါမျိုးတွေ အများကြီးပါဝင်နေပါတယ်”လို့ ရုပ်ရှင်အစည်းအရုံး ဒု ဥက္ကဌ ကိုလူမင်းက ဆိုပါတယ်။
အရင် ခေတ်အဆက်ဆက်ပေးခဲ့တဲ့ အကယ်ဒမီပေးပွဲတွေဟာ အနုပညာလောကသားတွေကော ပရိသတ်တွေကပါ မေးခွန်းထုတ်စရာတွေ အများကြီးရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဒါကြောင့် လာမယ့် ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီကစလို့ ရုပ်ရှင်အစည်းအရုံးကပဲ ကြီးမှူးပြီး ပေးသွားဖို့ စီစဉ်နေကြပြီး တကယ့် ဝါရင့် အနုပညာရှင်တွေဦးစီဖွဲ့စည်းထားတဲ့ အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းကာ ရွေးချယ် ဆုံးဖြတ်ကြမှာပါ။
အရင် စစ်အစိုးရခေတ်ကတည်းက ယနေ့ အချိန်အထိဆိုသလို မစပ်စုတို့ မြန်မာ့ ရုပ်ရှင် အနုပညာရှင်တွေရဲ့ အကယ်ဒမီပေးပွဲကြီးကလည်း ပြောလည်းပြောချင်စရာပါပဲ။ အနုပညာ တော်ဖို့၊ ဖန်တီးလိုက်တဲ့ အနုပညာ အားကောင်းဖို့ထက် ဘယ်သူကတော့ နိုင်ငံတော်နဲ့ပတ်သက်တဲ့နေရာမှာ ဇာတ်ကားတွေမှာ အားတက်သရော ပါဝင်ခဲ့တယ်။ ဘယ်သူကိုတော့ သိပ်ကြည့်မရဘူး။ ဒီလူကတော့ ဒီနှစ်အတွက် အလှည့်ကျပါတယ် ဆိုတဲ့ စံနှုန်းတွေနဲ့ သတ်မှတ် အကဲဖြတ်ကြတယ်လို့ ရေပန်းစား ထင်ရှားခဲ့တာပါ။
ကြည့် …။ မစပ်စု ပြောပြန်ရင်လဲ ပြောတယ် ဖြစ်ဦးမယ်။ တလောက နိုင်ငံတော်အစိုးရကနေ အမည်မည်းစာရင်း (Black List) ဝင်သူတွေကို ပယ်ဖျက်ပေးလိုက်တဲ့အထဲမှာ ထူးထူးခြားခြား ဘယ်သူမှ ထင်မထားတဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်တယောက် ပါနေတယ်တဲ့။
အကယ်ဒမီပိုင်ရှင်တွေ၊ အကယ်ဒမီပေးဖို့ ရာထားခြင်း ခံရသူတွေဟာ မစပ်စုသိသလောက် အမည်မည်းစာရင်းဝင် မပြောနဲ့ နိုင်ငံရေး၊ လူမှုရေးတို့မှာ ရှေ့ နည်းနည်းလေး ထွက်မိတာ၊ အာဏာပိုင်တွေရဲ့ မျက်စိဆံပင်မွှေး စူးအာင် နေမိရင် အမျက်တော်ရှ ဖယ်ရှားခြင်း ခံရတတ်လေတော့ အကယ်ဒမီတွေ တပွေ့တပိုက် ရထားတဲ့ ဒီ အနုပညာရှင်ဟာ အကယ်ဒမီ မရခင်ဘဲ Black List ဝင်လား အကယ်ဒမီ ရပြီးမှပဲ Black list ဝင်လား ဆိုတာတော့ စိတ်ဝင်စားစရာ ဖြစ်လို့ နေတာ အမှန်ပါ။ Black List ဝင်ဖြစ်ရက်နဲ့ အကယ်ဒမီတွေ တပွေ့တပိုက် ရခဲ့တာဆိုရင်တော့ သူ့မှာ အကယ်ဒမီရစေနိုင်မယ့် အစွမ်းတွေ ရှိနေတာတော့ အမှန်လို့ ပြောရမလိုပါပဲ။
ကဲ … ဌာနဆိုင်ရာ လက်အောက်က လွတ်မြောက်လာမယ့် အသစ် အကယ်ဒမီပေးပွဲကတော့ ပြည်သူတွေ အနုပညာလောကသားတွေ အတွက် အနုပညာ အရည်အချင်း စံတွေကို ဘယ်လို အကဲဖြတ်မယ် မကြာမည် လာမည် မျှော်…။