လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ကန့်ကွက်ဆန္ဒပြသူ မသွဲ့သွဲ့ဝင်းအပါအဝင် ၁၂ ဦး ပြန်လည် လွှတ်မြောက်ရေး ဆောင်ရွက်နေသည့် မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲဝင်တို့၏ နေအိမ်များကို ယမန်နေ့ ညပိုင်း ဒေသခံ အာဏာပိုင်များက ဝင်ရောက်ရှာဖွေကြောင်း သတင်းရသည်။
ကျောင်းသားသမဂ္ဂဝင်များဖြစ်သည့် ကိုနွေဦးကို၊ ကိုဟိန်းဇော်ဝင်း၊ ကိုထင်ရှား၊ ကိုသန့်ဇော်ဦး၊ ကိုရှိန်းကို၊ ကိုဝင်းကိုအောင်၊ ကိုအာ ကာ၊ကိုဝင်းမင်းထွန်း၊ ကိုရဲရင့်ကျော်တို့ ၏ အိမ်များကို ယမန်နေ့ ည ၂နာရီခန့်က မုံရွာ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူး များက ဝင်ရောက်ရှာဖွေခြင်းဖြစ်သည်ဟု သမဂ္ဂ အဖွဲ့ဝင်ကိုရဲရင့်ကျော်က ပြောသည်။
“သူတို့မှာ ရှာဖွေပုံစံ ဝရမ်းတွေမပါဘူး၊ ဧည်စာရင်း စစ်ချင်လို့ဆိုပြီး ဖွင့်ခိုင်းတယ်၊ ပြီးတော့ အဲဒီလူတွေ ဘယ်မှာလဲ ဘယ်သွားလဲ ဆိုပြီးမေးတယ်၊ ကျနော်တို့ ကြိုတင်ရှောင်နေလိုက်တာ မှန်သွားတယ်”ဟု ၎င်းကဆိုသည်။
ယခုလတ်တလောတွင် အဆိုပါ ကျောင်းသားများမှာ လုံခြံစိတ်ချသည့် နေရာတွင် ရှောင်တိမ်းနေကြပြီး၊ အာဏာပိုင်များက ဆက် လက် ဖမ်းဆီးထားသည့် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းနှင့် မအေးအေးမြတ် နှစ်ဦး လွတ်မြောက်ရေးအတွက် မုံရွာရဲစခန်းရှေ့တွင် ဆက်လက် ဆန္ဒထုတ်ဖော်ဦးမည်ဟု ကိုရဲရင့်ကျော်က ပြောသည်။
မုံရွာမြို့သို့ သွားရောက် ကာ ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဝတ်ပြုဆုတောင်းကြသည့် ဝက်မှေးရွာသူ၊ရွာသားများကိုလည်း မြို့မ ဘုန်းတော်ကြီးကျောင်းတွင် သံဃာတော်များက စောင့်ရှောက်ထားကြောင်းသိရသည်။
မုံရွာရဲစခန်းတွင် လတ်တလော အဖမ်းခံထားရသည့် မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့နှစ်ဦးကို အာဏာပိုင်များက အကြမ်းဖက်နှိပ် စက်သည်ဟု အဖမ်းခံရာမှ လွတ်မြောက်လာသူများက ပြောဆိုသည့်အတွက် စိုးရိမ်ကြောင်းလည်း ကိုရဲရင့်ကျော်က ဆက်ပြော သည်။
ယနေ့ မုံရွာမြို့ အခြေအနေမှာ လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး လက်နက်အပြည့် တပ်ဆင်ထားသည်ဟု လည်းသိရသည်။
မုံရွာဒေသခံများ ကန့်ကွက်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ယခင်ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုကုမ္ပဏီမှ ရင်းနှီး မြုပ်နှံမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း နှုတ်ထွက်သွားသည့်အတွက် ဟောင်ကောင်အခြေစိုက် တရုတ်ကုမ္ပဏီ တခု ဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာစီးပွားရေးဦးပိုင်လီမိတက်တို့ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်း ဖြစ်သည်။
အဆိုပါ စီမံကိန်းကြောင့် အနီးအနားရှိ ဝက်မှေး၊ ဆည်တဲ၊ ဇီးတော၊ ကန်တော အပါအဝင် ရွာပေါင်း ၂၆ ရွေ့ပြောင်းခဲ့ရပြီး၊ စိုက်ပျိုးဧက ၇၈၀၀ ကျော်သိမ်းဆည်းခြင်းခံရသည်။
ထိုသို့ လယ်ယာမြေများ သိမ်းပိုက်ခြင်းနှင့် ပတ်သက်ပြီး ယမန်နေ့က ဝက်မှေးရွာသူ၊ ရွာသားများ မုံရွာမြို့ ဆုတောင်းပြည့် ဘုရား တွင် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ရာ မုံရွာအာဏာပိုင်များ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စီမံကိန်း ဧရိယာတွင် ပါဝင်သည့် ကျေးရွာများကို ပြောင်းရွေ့ခိုင်းရုံသာမက မြန်မာစာပေလောကနှင့် ဗုဒ္ဓသာသနာတော်တွင် နာမည်ကျော် လယ်တီဆရာတော် ဘုရားကြီး ၏ တရာအားထုတ်ရာ သမိုင်းဝင်နေရာဟောင်းများကိုလည်း ဖျက်ဆီးပစ်ခဲ့ ပြီးဖြစ်ကြောင်း မုံရွာမြို့ခံတဦးကလည်းဆိုသည်။
ထိုသို့ သမိုင်းဝင်နေရာများ ကွယ်ပျောက်ခဲ့ရခြင်း၊ ကြေးနီတူးဖော်ခြင်းကြောင့် မုံရွာမြို့မှ လှမ်း၍ မြင်တွေ့ရသည့်တောင်တန်း ကြီး များ ပျောက်ကွယ်မည့် အရေး၊ သဘာဝပတ်ဝန်းကျင်များ ထိခိုက်လာမည့် အရေးကြောင့် ယခုအခါ မုံရွာမြို့ပေါ်နေ ပြည်သူများ ကပါ ကန့်ကွက်ခဲ့သည်။