သတင်း

မြန်မာ မိန်းကလေး ၄၂ ဦး ထိုင်းတွင် ရောင်းစားခံရ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ အလယ်ပိုင်း ကန်ချနဘူရီမြို့ရှိ တည်းခိုဆောင် တခုတွင် ရောင်းစားခံရပြီး လိင်ဖျော်ဖြေရေး အလုပ်လုပ်နေသည့် မြန်မာ နိုင်ငံမှ မိန်းကလေး ၄၂ ဦးကို ထိုင်းအာဏာပိုင်များက မကြာသေးခင် ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။

အဆိုပါ မိန်းကလေးများကို တနင်္ဂနွေနေ့တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ဒေသခံများ၏ သတင်းပေးမှုဖြင့် ဝင်ရောက်စီးနင်း၍ ကယ်တင်ခဲ့ကြောင်း ကန်ချနဘူရီမြို့နယ် ရဲစခန်းမှ ရဲ ဝန်ထမ်းတဦးက ပြောသည်။

လိင်ဖျော်ဖြေရေးဖြင့် အဖမ်းခံရသူများထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် မိန်းကလေး ၉ ဦး ပါဝင်ကြောင်း၊ အားလုံးကို ကန် ချနဘူရီမြို့နယ် ရဲ စခန်း၌ ထိန်းသိမ်းထားကြောင်း၊ စစ်ဆေးမှုများ ပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ယခု ရောင်းစားခံရသည့် မြန်မာ မိန်းကလေး ၄၂ ဦးနှင့် စပ်ဆက်၍ လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ယူဆရသော ထိုင်းနိုင်ငံ သား ၃ ဦးကို ထိုင်း အာဏာပိုင်များက ဖမ်းဆီးထားပြီး ဥပဒေ အရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း thairath.co.th ဝက်ဘ် ဆိုက်တွင်လည်း ယမန်နေ့က ထိုင်းဘာသာဖြင့် ဖော်ပြထားသည်။

လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ယူဆရသူများသည် ထိုင်းအမျိုးသား ၂ ဦးနှင့် အမျိုးသမီးတဦးတို့ ဖြစ်ကြောင်း ထိုင်းသတင်း တွင် ပါရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီ မြို့နယ်ရှိ ဆဲမ်ဆမ် လှေဆိပ်တွင် ရောင်းစားခံရပြီး ချုပ်နှောင်  ခိုင်းစေခံရသည့် မြန်မာ နိုင်ငံသား ၂၈ ဦးကို ဒေသခံ အာဏာပိုင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ကယ်တင်ခဲ့ သည်။

ထိုင်းနိုင်ငံအတွင်း မြန်မာပြည်သား အချင်းချင်း ထိုင်း အလုပ်ရှင်များထံသို့ ရောင်းစားမှုများလည်း ရှိကြောင်း သိရသည်။

မြန်မာ နိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအဝင် ဈေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး ၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြပြီး ခေါင်းပုံဖြတ်ခံရခြင်းများလည်း မကြာခဏ ကြုံတွေ့ရကြောင်း သတင်းများအရ သိရသည်။

သို့သော် မြန်မာပြည်သားအများစုက ပွဲစားများ အပါအဝင် နည်းလမ်း အမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီး အစစ် အဆေးများကြားမှ နေ့စဉ်ကဲ့သို့ လာရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲ ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့်မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ်ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် မတ်လမှ စတင်၍ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေး ရုံးများကိုလည်း ထိုင်း-မြန်မာနယ်စပ် ကော့ သောင်းမြို့နှင့် တာချီလိတ် မြို့တို့တွင် ဖွင့်လှစ်ထားပြီး တတိယ မြောက်ရုံးကို ကရင်ပြည်နယ် မြဝတီ မြို့၌ ယခုနှစ် မကုန်ခင် ဖွင့် လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ ၂၀၁၁-၂၀၁၄ လုပ်ငန်းစီမံချက် သဘော တူညီချက်အရ ထိုရုံးများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်း ဝန်းကျင်ရှိနိုင်ကြောင်း အလုပ် သမားအဖွဲ အစည်းများက ခန့်မှန်းထားသည်။

Loading