ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်တွင် အသစ် ပေါ်ထွက်လာတဲ့ Jamaatul Arakan ဆိုတဲ့ စစ်သွေးကြွ အဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နဲ့ စစ်တပ်တွေက အထူး စစ်ဆင်ရေး တရပ်ပြုလုပ်ကာ ကောက်စ်ဘဇားခရိုင်နဲ့ ဘန်တရိုဘန် ခရိုင်တွေမှာ ရှာဖွေဖမ်းဆီးနေကြောင်း ဒေသတွင်း သတင်းတွေ အရသိရပါတယ်။
Jamaatul Arakan စစ်သွေးကြွ အုပ်စုဝင်တွေကို စက်တင်ဘာလ ၁ရက်နေ့က ၄ ဦး၊ ၃ ရက်နေ့က ၉ ဦး ကောက်စ်ဘဇားခရိုင်ထဲမှာ ဖမ်းမိထားပြီး စစ်ဆေးမှုတွေ ပြုလုပ်ကြောင်း ခရိုင် ရဲချုပ် Selim Md Jahangir က သတင်းထောက်တွေကို ဒီလ ၆ ရက်နေ့က ပြောပေမဲ့ အမည်တွေကို ပြောကြားခဲ့ခြင်း မရှိပါဘူး။
“ဖမ်းမိထားတဲ့ လူတွေကို စစ်ဆေးမှုတွ လုပ်နေတယ်။ နောက်ပြီးတော့ စစ်သွေးကြွတွေရဲ့ အဓိက အခြေစိုက်ရာလို့ ယူဆရတဲ့ နေရာတွေကိုလည်း ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ ပြောသွားတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ရှိနေတဲ့ ကောက်စ်ဘဇားအခြေစိုက် သတင်းထောက်တယောက်က ပြောပါတယ်။
အာဏာပိုင်များ အနေနဲ့ ဘန်တရိုဘန် ခရိုင် အလယ်ခေါ်တောင်မြို့နယ်၊ နတ်ကျောက်စရီမြို့နယ်နှင့် ကောက်စ်ဘဇားခရိုင် မော်ရှခါလီ (ရခိုင် အခေါ် မဟားဇိုး) ကျွန်းတွေမှာ Jamaatul Arakan စစ်သွေးအုပ်စုဝင်တွေ အခြေစိုက်နေရာအဖြစ် သင်္ကာမကင်းဖြစ်နေပြီး ယင်းနေရာတွေကို ကောက်စ်ဘဇားနဲ့ ဘန်တရိုဘန်ခရိုင် ရဲတပ်ဖွဲ့တွေက တပြိုင်တည်း ပူးပေါင်းရှာဖွေတာတွေ လုပ်နေပါတယ်။
၆ ရက်နေ့က အလယ်ခေါ်တောင်မြို့ရဲ့ အရှေ့မြောက်ဘက် ၁၅ ကီလိုမီတာလောက် အကွာရှိ နေရာတခုကို စစ်တပ်နဲ့ ရဲ အင်အား ၅၀ လောက် သွားရောက်ရှင်းလင်းမှုတွေ လုပ်ခဲ့ပေမယ့် ဖမ်းဆီးရမိမှု မရှိကြောင်း သိရပါတယ်။
Jamaatul Arakan အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား၊ ဘန်တရိုဘန်၊ ရန်ဂါမတီနဲ့ ခခါရာဆိုရီ ခရိုင်တွေမှာ ဖောက်ခွဲမှုတွေ ပြုလုပ်ဖို့ ကြံစည်မှုတွေ ရှိပြီး သူတိုရဲ့ အဓိက ဦးတည်ချက်ကတော့ မူစလင်နိုင်ငံ ထူထောင်ရေးဖြစ်ကြောင်း ကောက်စ်ဘဇားမြို့ ထောက်လှမ်းရေး သတင်းရပ်ကွက်က ဆိုပါတယ်။
သူကိုယ်သူ Jamaatul Arakan ရဲ့ ခေါင်းဆောင်ဖြစ်ကြောင်း ဖမ်းမိထားတဲ့ ၄ ဦးအဖွဲ့ထဲက Omar Faruq က ပြောဆိုထားကြောင်း ရဲအရာရှိကို ကိုးကားပြီး The Daily Star သတင်းစာက ရေးသားဖော်ပြပါတယ်။
Jamaatul Arakan စစ်သွေးကြွအဖွဲ့ဝင်တွေကို စစ်ဆင်ရေးလုပ် ဖမ်းဆီးနေတဲ့ သတင်းတွေကို ကောက်စ်ဘဇား၊ ဘန်တရိုဘန်နဲ့ ဒါကာမြို့ထုတ် သတင်းစာတွေမှာ ဆက်တိုက်ဆိုသလို ဖော်ပြနေကြပြီး ရုပ်သံသတင်းဌာနတွေကလည်း အလေးထား ဖော်ပြလာနေပါတယ်။
စစ်သွေးကြွအုပ်စုဟာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေပြီး Jamaatul Arakan ကို လူအင်အား ၄၀-၅၀ လောက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ The Daily Star က ရေးပါတယ်။
Jamaatul Arakan ဆိုတဲ့ အဖွဲ့ဟာ Jamaatul Mujahideen Bangladesh (JMB) အဖွဲ့သာဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရခိုင်-ဘင်္ဂါလီ အဓိကရုဏ်းတွေ ဖြစ်ပွားပြီးနောက် Jamaatul Arakan ဆိုတဲ့ နာမည်ကို ပြောင်း အသုံးပြုလာခြင်းဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ကောက်စ်ဘဇားခရိုင် ရဲအရာတဦးက ပြောပါတယ်။