မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့အရာ

ဖရန်စစ် ဖူကူယားမား

This article has been converted from Zawgyi One to Unicode

ဒီတခေါက် ကျနော့်ခရီးစဉ်ရဲ့ ဒုတိယပိုင်းကတော့ မွန်ဂိုလီးယားကနေ မြန်မာနိုင်ငံကိုသွားရတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ (အူလန်ဘာတောမြို့ [Ulaan Baator] ကနေ နေပြည်တော်အထိ အရောက်သွားရတဲ့ခရီးကို ခပ်ပေါ့ပေါ့လေးတော့ မတွက်လိုက်ပါနဲ့။ ကျနော်ပြောတာ ယုံ)။ နေပြည်တော်ခရီးကတော့ ကျနော့်ရဲ့ SAIS (School of Advanced International Studies, Johns Hopkins University) မိတ်ဆွေဟောင်း ရော်ဂျာလိဒ် (Roger Leeds) နဲ့အတူ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ရက်တိုသင်တန်းတခု ပေးဖို့ပါ။

“ဖွံ့ဖြိုးရေးအတွက် ဦးဆောင်မှု အကယ်ဒမီ” ဆိုတဲ့ ခမ်းခမ်းနားနား ခေါင်းစဉ်အောက်မှာ ဒီသင်တန်းအတွက် ရော်ဂျာနဲ့ ကျနော်တို့ နှစ်ယောက် ပူးတွဲရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းက HBS ပုံစံကို အခြေခံထားတာပါ။ HBS ပုံစံဆိုတာက အစိုးရကိုယ်တိုင်က လမ်းဖွင့်ပေးလို့ဖြစ်စေ သို့တည်းမဟုတ် အစိုးရကိုယ်တိုင်က စီးပွားရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ ကြားဝင် ကူညီပေးချင်တာကြောင့် ဖြစ်စေ ဖြစ်ပေါ်လာတဲ့ ပုဂ္ဂလိကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှတဆင့် ပုဂ္ဂလိကကဏ္ဍ မြင့်တက်လာစေရေး အားထုတ် ဆောင်ရွက်ချက်တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာရှိတဲ့ အသက်လည်း သိပ်မကြီးသေး၊ လုံးလုံးလျားလျားကြီး အကျင့်ပျက်သူလည်း မဟုတ်သေးတဲ့အပြင် သူတို့ဟာ တချိန်ချိန်မှာ ပြုပြုပြောင်းလဲရေး သမားတွေအဖြစ် ကိုယ့်လက်ကိုယ့်ခြေ လုပ်နိုင်မည့် နေရာတွေမှာ ရောက်လာနိုင်သူတွေ ဖြစ်နိုင်တဲ့ အလယ်လတ်အဆင့် အသက်ငယ်ငယ် အစိုးရဝန်ထမ်းတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ရန်ကုန်မှာတော့ လူထုအခြေပြု လှုပ်ရှားတက်ကြွသူတွေ၊ လွှတ်တော်အမတ်တွေကို အတိုချုံးပြီး သင်ပေးခဲ့ပါတယ်။ နေပြည်တော်မှာတော့ ဗျူရိုကရက် တော်တော်များများကို သင်ကြားပေးခဲ့ပါတယ်။

ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံအတွင်း အံ့အားသင့်ဖွယ် ဖြစ်ထွန်းမှုတွေကို အစဉ်တစိုက် လေ့လာသူတိုင်းလိုလို မေးလေ့ရှိတဲ့ ပထမဆုံးမေးခွန်းက “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခွင့်အလမ်းတွေက တကယ်အစစ်အမှန်ရော ဟုတ်ရဲ့လား” ဆိုတာပါပဲ။ ဘယ်အရာကိုမှတော့ တိတိကျကျ အာမခံလို့ မရပါ။ မြန်မာစစ်တပ်က အာဏာရှင်စနစ်ပုံစံ ပြန်သွားနိုင်တဲ့ အခြေအနေမျိုးတွေ အများကြီးရှိပါတယ်။ တိုင်းပြည်အတွင်းမှာရှိတဲ့ လူတော်တော်များများ အပြောအရတော့ လမ်းဖွင့်ပေးမှုတွေဟာ အချိန်တော်တော်ကြာကြာကတည်းက ဖြစ်ပေါ်နေကြောင်း၊ စစ်ခေါင်းဆောင်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဘုံသဘောတူညီချက်တခု ရှိနေတာကို ထင်ဟပ်စေကြောင်း ပြောဆိုကြပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး နေဝင်း အာဏာလက်ဝယ် မရှိတော့အချိန် ခံလိုက်ရသလိုမျိုး သူမခံချင်ဘူး။ ဒါက တကယ်ပဲ။ အဲဒီလို မဖြစ်ရလေအောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရှေးရိုးစွဲ စစ်ဗိုလ်ချုပ်ကြီးတွေကို ပါလီမန်ထဲပို့လိုက်တယ်၊ ပိုတော်တဲ့ ဗိုလ်ချုပ်တွေကိုတော့ ဝန်ကြီးတွေ လုပ်ခိုင်းလိုက်ပြီး သူ့အပေါ် ကျေးဇူးခံ ကျေးဇူးစားရှိတဲ့၊ တပ်ထဲမှာ အစဉ်အလာအရ အတော်ငယ်သေးတဲ့ ဗိုလ်ချုပ်တွေလက်ထဲ စစ်တပ်ကို အပ်လိုက်တယ်။ စစ်တပ်မှာ တတိယသြဇာ အရှိဆုံးလည်းဖြစ် နောင်မှာ သမ္မတဖြစ်လာမည့် သူရဦးရွှေမန်းကိုတော့ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ပေးလိုက်တယ်။ အဲဒီလို အပြောင်းအလဲတွေ လုပ်ပေးလိုက်ခြင်းအားဖြင့် ယခင် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိသမ္မတ ဦးသိန်းစိန်အတွက် စန်းတက်ဖို့ လမ်းစဖွင့်ပေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့တယ်။ နိုင်ငံရေးအတိုက်အခံများစွာကို ထောင်ကလွှတ်ပေးခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၄၀ ကို ပါလီမန်ထဲရောက်လာစေခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို စီစဉ်ပေးခဲ့တာတွေ လုပ်ခဲ့ပါတယ်။

တကယ်တမ်းကြည့်မယ်ဆိုရင် လုပ်ပိုင်ခွင့်အာဏာကို စစ်တပ်နဲ့ သမ္မတထံကနေ လွှတ်တော်ထဲ လွှဲပေးလိုက်တာကြောင့် ပြုပြင်ပြောင်းလဲရေးအတွက် ပြဿနာ ဖြစ်သွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိလွှတ်တော်ထဲကို ကြည့်မယ်ဆိုရင် စစ်တပ်အရာရှိတွေ (ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်ဖြစ်လာသူတွေ) နဲ့ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အရပ်သားအမည်ခံတွေပဲ ရှိပါတယ်။ ဒါ့အပြင် တကယ်တမ်းကျတော့ ဒီလူတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလုံး စစ်အစိုးရနဲ့ ပေါင်းစားပြီး ချမ်းသာနေကြတဲ့ အရင်းရှင်လူတစုနဲ့လည်း အလွမ်းသင့်နေကြသူတွေ ဖြစ်တဲ့အပြင်၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာနဲ့တပြိုင်နက် မြန်မာ့စီးပွားရေး တိုးတက်မှုတွေ အစဖော်နိုင်ဖို့ အသည်းအသန်လိုနေတဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်တခုကိုလည်း လွှတ်တော်ထဲမှာ သူတို့ ဆွေးနွေးနေကြပါတယ်။ လက်ရှိ လက်တဆုပ်စာ စီးပွားရေးသမားအများစုက နိုင်ငံခြားစီးပွားရေး ပြိုင်ဆိုင်မှုကို ကြောက်ကြတယ်။ အမျိုးသားစီးပွားရေးကို အကြောင်းပြပြီး အနာဂတ် နိုင်ငံခြားသားပိုင်ဆိုင်မှုကို ကန့်သတ်ဖို့ ကြိုးစားနေကြတယ်။

၂၀၀၅ ခုနှစ်ကတည်းက တည်ထားတဲ့ မြို့တော်သစ် နေပြည်တော်မှာ အရင်လူတစု ကောင်းစားရေး လက်ဝေခံ အရင်းရှင်စနစ်ပုံစံဟောင်းရဲ့ ခြေရာလက်ရာ အများကြီးရှိခဲ့တယ်။ နေပြည်တော်ဟာ တော်တော် ထူးဆန်းထွေလီတဲ့ မြို့တမြို့ပဲ။ အစိုးရဆန့်ကျင်ရေး စီတန်းလှည့်လည်ပွဲတွေကို ရှောင်ရှားဖို့ ဆောက်ထားပုံရပါတယ်။ ဝန်ကြီးဌာနတွေတခုနဲ့ တခုအကြား ကီလိုမီတာ အဝေးကြီးခြားပြီး ဆောက်ထားကာ လမ်းသွားလမ်းလာမရှိ၊ လူသူကင်းမဲ့တဲ့ လမ်းမကျယ်ကြီးတွေနဲ့ ဆက်ထားပါတယ်။

သမ္မတ အိမ်တော်ရှေ့က လမ်းမကြီးကို ရေကြည့်တော့ ကားသွားလမ်းအခု ၂၀ ရှိပါတယ်။ သမ္မတအိမ်တော်က အမေရိကန်အိမ်ဖြူတော်ထက် အဆပေါင်းများစွာ ကြီးပါတယ်။ ကျနော်တို့တည်းတဲ့ ဟိုတယ်က ခေတ်မီပြီး ဆွဲဆောင်မှုရှိလှတယ်။ ဒါပေမယ့် ဧည့်သည် မရှိသလောက်နီးပါး ခြောက်သွေ့လှပါတယ်။ အဲဒီလမ်းထဲမှာပဲ အနည်းဆုံး နောက်ထပ် ဒါဇင်ဝက်လောက်ရှိမယ့် ဇိမ်ခံဟိုတယ်တွေ ဆောက်လုပ်နေတာကို တွေ့ရပါတယ်။ နောက်နှစ်မှာကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်နဲ့ ပွဲတော်အပြီး နောက်တနှစ်မှာ ဆက်တိုက်ကျင်းပရမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးအတွက်လည်း ပြင်ဆင်ဆောက်လုပ်နေခြင်း ဖြစ်ပါတယ်။ အဲဒီပွဲနှစ်ခုကလွဲလို့ လက်ရှိဆောက်ထားတဲ့၊ ဆောက်လုပ်နေဆဲ ဟိုတယ်တွေဟာ စီးပွားရေးဘယ်လိုမှ အလုပ်ဖြစ်မယ့်ပုံ မရှိပါဘူး။ ဒီဟိုတယ်တွေ ဆောက်နေတာက အစိုးရက သူ့စီးပွားရေး မဟာမိတ်တွေကို ပေးထားတဲ့ စီးပွားရေးမက်လုံးတွေရဲ့ အကျိုးရလဒ်ကြောင့်ပဲ ဖြစ်တယ်။

နှစ်ပေါင်းများစွာ နိုင်ငံရေးဖိနှိပ်မှုတွေ ရှိပေမယ့်လည်း မြန်မာနိုင်ငံအတွင်း လူထုအခြေပြု လူ့အဖွဲ့အစည်းရဲ့ တင်းခံနိုင်မှုကတော့ အံ့အားသင့်စရာပါ။ ကျနော့်ကို မိတ်ဆက်ပေးတဲ့ လူတော်တော်များများဟာ ထောင်ထဲမှာ နှစ်ပေါင်း ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၈ နှစ် အထိ ထိန်းသိမ်းခံခဲ့ရသူတွေပါ။ မိတ်ဆက်ပေးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေထဲမှာ ကျနော့်စာအုပ်တွေကို မြန်မာလို ပြန်ဆိုပေးတဲ့၊ တခြားသူတွေကို အတွေးအခေါ်တွေ ဖွင့်ပေးတဲ့ ကွန်မြူနစ် ရဲဘော်ဟောင်းကြီး တယောက်လည်း ပါတာကို တွေ့ခဲ့ရပါတယ်။ ရန်ကုန်အခြေစိုက် NLD ရဲ့ ဌာနချုပ်ရုံးခန်းကတော့ လှုပ်ရှားမှုမျိုးစုံနဲ့ ပြည့်နှက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အကြောင်းမလှစွာ ကျနော် တွေ့ခွင့်မကြုံခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ ဖိနှိပ်မှု အဆိုးဝါးဆုံး တိုင်းပြည်တွေအနက် တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသားများရဲ့ ပူးပေါင်းပါဝင်မှုအဆင့် အလွန်မြင့်မားတယ်ဆိုတဲ့ အချက်က မထင်မှတ်ရအောင် အံ့အားသင့်ဖွယ် ဖြစ်ပါတယ်။

အခုတလော စီးပွားရေးပညာရှင်တွေနဲ့ ပတ်သက်ပြီး ကျနော့်မှာ အဆိုးမြင် ရှိနေပေမယ့် အခုအချိန်မှာ မြန်မာနိုင်ငံက တကယ်တမ်းလိုနေတာက ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူတွေ မဟုတ်ဘူး။ အင်ဒိုနီးရှားအစိုးရကို အကြံပေးခဲ့ဖူးတဲ့ ဘာကလေ မာဖီးယား (Berkeley mafia) လိုမျိုး အရည်အချင်းပြည့်မီတဲ့ စီးပွားရေးပညာရှင်တချို့ပဲ ဖြစ်တယ် (ဘာကလေ မာဖီးယားဆိုတာ အမေရိကန်မှာ ပညာသင်ခဲ့တဲ့ အင်ဒိုနီးရှား စီးပွားရေးပညာရှင်အုပ်စုကို ရည်ညွှန်းခေါ်ဆိုတာပါ)။ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေက နေရာတိုင်းလိုလိုမှာ ရှိနေတယ်။ စပြောရမယ်ဆိုရင် ဘဏ်စနစ် မရှိတဲ့အတွက်ကြောင့် ငွေအလွှဲအပြောင်းတွေ အားလုံးကို ငွေသားနဲ့ပဲဆောင်ရွက်နေရပြီး နိုင်ငံခြားသားတွေကိုလည်း သက်ဆိုင်ရာ ငွေကြေးကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ ငွေမာ အမေရိန်ကန်ဒေါ်လာကို ငွေသားအလိုက် ယူလာဖို့ အကြံပြုထားတယ်။

နေပြည်တော် ပြင်ပကို ကြည့်မယ်ဆိုရင် တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံက မရှိသလောက် ဖြစ်နေတယ်။ နယ်စပ်တလျှောက် လူသုံးကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အလွန်ခက်ခဲသလို မိုးရာသီကုန်တာနဲ့ လျှပ်စစ်မီးက လုံး၀ မမှန်တော့ပါဘူး။ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ပြီး အထီးကျန်နေလာခဲ့တဲ့အတွက် တိုင်းပြည် လူသားအရင်းအမြစ် မလုံလောက်မှုက တော်တော်ကြီးပါတယ်။ တခြားပြဿနာတွေအပြင် ၁၉၆၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာနဲ့ မသင်တော့တဲ့အပြင် ကျောင်းသားဆန္ဒပြမှုတွေ ပြီးကတည်းက ရန်ကုန်တက္ကသိုလ်ကို ၃ နှစ် ပိတ်ထားခဲ့တယ်။ ပြင်ပကမ္ဘာအကြောင်း လေ့လာချင်စိတ် အရမ်းပြင်းပြနေကြတာကို ကျနော်တို့ မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်။ မျိုးဆက် တဆက်ထက်မက အချိန်ယူဖြည့်ဆည်းပေးရမှာ ဖြစ်တယ်။

မွန်ဂိုလီးယားနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံကို ကြည့်မယ်ဆိုရင် အာရှတိုင်းပြည်တွေ ဖြစ်နေခြင်း၊ အင်္ဂလိပ်အက္ခရာ M နှင့် စပေါင်းရခြင်း အဲဒီနှစ်ချက် တူတာအပြင် နှစ်နိုင်ငံစလုံးဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည် ဖြစ်နေတာ၊ တရုတ်နိုင်ငံကို ကြောက်ရွံ့ရတာ၊ မုန်းတည်းတာတွေက တိုင်းပြည် အပြောင်းအလဲအတွက် အရေးကြီးတဲ့ တွန်းအားတွေ ဖြစ်နေတာ တွေ့ရတယ်လို့ ကျနော်ရေးခဲ့ဖူးပါတယ်။

လူသုံးကုန်ပစ္စည်း လိုအပ်နေတဲ့ လောဘသား တရုတ်နိုင်ငံက မွန်ဂိုလီးယားမှာ အောင်မြင်နေတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းကို မောင်းနှင်နေတယ်။ ဒါကြောင့် အင်အားကြီး တရုတ်၊ ရုရှ နှစ်နိုင်ငံရဲ့ အောက်က လွတ်အောင်ဆိုပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပ တိုင်းပြည်တွေနဲ့ ဆက်ဆံရေးတိုးချဲ့ ဆောင်ရွက်တဲ့ “တတိယ အိမ်နီးနားချင်း” မူဝါဒ (Third Neighbor policy) ကို မွန်ဂိုလီးယားအစိုးရက တွန်းတွန်းတိုက်တိုက် အကောင်အထည်ဖော် လုပ်ဆောင်လာနေတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း အလားတူပါပဲ။ အမေရိကန် ပိတ်ဆို့အရေးယူမှုတွေ စလိုက်ကတည်းက စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တရုတ်ကုမ္ပဏီတွေက အဓိက အရေးပါလာတယ်။ ဧရာဝတီမြစ်ဆုံ ရေကာတာကြီး တည်ဆောက်ခြင်းက ရရှိမယ့် လျှပ်စစ်ဓါတ်အား ၉၉ ရာခိုင်နှုန်းကို တရုတ်ကို တင်ပို့ရောင်းချ ပေးရမယ်ဆိုတဲ့အချက်က စစ်အစိုးရကို အနောက်ကမ္ဘာနဲ့ ထိစပ်ဖို့ (သူ့ပြည်သူတွေနဲ့ပါ ထိစပ်ဖို့) တွန်းအားဖြစ်စေတဲ့ အချက်တွေအနက်က တချက်ဖြစ်ခဲ့တယ်။ သမ္မတ ဦးသိန်းစိန်က ရေကာတာ တည်ဆောက်တာကို မရပ်တန့်ခိုင်းခင်က သဘာဝပတ်ဝန်းကျင်အပြင် အမျိုးသားယဉ်ကျေးမှုအရပါ ရေကာတာ တည်ဆောက်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီကျတဲ့ လမ်းဖွင့်ပေးမှုတွေက ရှေ့ဆက်သွားဖို့ အလွန်ကြီးမားတဲ့ ခြေလှမ်းတလှမ်းဖြစ်ပေမယ့် အဲဒီခြေလှမ်းက အနောက်ကို အသာလေး ပြန်လှည့်သွားနိုင်ပါတယ်။ မူဝါဒအသစ် ရေးဆွဲဖန်တီးသူတွေက အခုအပြောင်းအလဲ လေပြေအရှိန်အဟုန်ကို ဆက်ထိန်းထားလိုတယ်ဆိုရင် အနောက်ကမ္ဘာကလာတဲ့ ပါတနာ အသစ်တွေထံက ရရှိတဲ့ အမြတ်အစွန်း ထုတ်နိုင်ရပါမယ်။ ဒီအဆင့်မှာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းက ဧရာမတာဝန် ဖြစ်တယ်။ လတ်တလော မြင်နေရတဲ့ ဒီမိုကရေစီ အကူးအပြောင်း တော်တော်များများမှာ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေက လူထုအခြေပြု လှုပ်ရှားတက်ကြွသူတွေ အဖြစ်ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ နိုင်ငံရေးပါတီ စည်းရုံးရေးမှူးတွေအဖြစ် မပြောင်းလဲနိုင်ကြဘူး။ ဒါ့အပြင် လူထုအကျိုးပြု မူဝါဒကို ချမှတ်၊ အကောင်အထည်ဖော်တဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သူတွေ အဖြစ်လည်း မပြောင်းလဲနိုင်ခဲ့တာကို တွေ့နေရတယ်။ အဲဒီကဏ္ဍတွေ အားလုံးအတွက် မြန်မာနိုင်ငံမှာ အကူအညီတွေ အများကြီးလိုပါလိမ့်မယ်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြန်မာပြည်သို့ လာရောက်ခဲ့သော Francis Fukuyama က The American Interest တွင် ရေးသားခဲ့သည့်၏ What Myanmar Needs ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။

Loading