စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာ ၂၆ ရွာကို ကိုယ် စားပြုသော ရွာသူရွာသား ၃၀၀ ကျော်က ဆည်တဲရွာ၌ ယမန်နေ့ က လူထုအစည်းဝေးပြုလုပ်ပြီး လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံး၀ ရပ်ဆိုင်းပေးရန် တောင်းဆို လိုက်သည်။
နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သော ဆည်တဲရွာ လူထုအစည်းဝေးမှ ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် လျော်ကြေးပေးရေးကိစ္စထက် ယင်းစီမံကိန်းအား လုံး၀ ရပ်ဆိုင်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း အစည်းဝေးတက်ရောက်သူများက ဧရာဝတီသို့ ပြောသည်။
ထို့အတူ ဒေသခံ လူထုအစည်းအဝေးမှ စီမံကိန်းရပ်တန့်ပေးရေး ကြေညာချက်တစောင် ကိုလည်း ထုတ်ပြန်လိုက်သည်။
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ချင်းတွင်းမြစ်အား ညစ်ညမ်းစေနိုင်ခြင်း၊ သာသနာ့အောင်မြေအား ဖျက်ဆီးနေခြင်း၊ လက်ပံတောင်းတောင် ဒေသ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ မုံရွာမြို့ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် ကြေးနီစီမံကိန်း လုံးဝမလုပ်ဘဲ အပြီးတိုင် ဖျက်သိမ်းရန်နှင့် လက်ပံတောင်းတောင်ရှိ ကျေးရွာပေါင်း ၂၆ ရွာကိုယ်စား ရွာ ၁၂ ရွာ မှ လူအင်အား ၃၂၀ တို့ဟာ တဦးချင်းသဘောထက် နိုင်ငံတော် လူထု အကျိုးစီးပွားကို ရှေးရှုပြီး မိမိတို့ ဆန္ဒကို အသိပေးအပ်ပါကြောင်း”ကြေညာချက်က ဆိုသည်။
ကြေညာချက်တွင် လက်ပံတောင်းတောင်စီမံကိန်းကြောင့်“ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ရုပ်သိမ်းပေးရန်၊ မတရားဖမ်းဆီး အရေးယူမှုများ လုံးဝမပြုလုပ်ရန်”တို့ကို တောင်းဆိုထားကြောင်း ပါဝင်သူတဦးဖြစ်သည့် ဦးဖိုးကျောင်းက ဧရာဝတီသို့ ပြောသည်။
ဦးဖိုးကျောင်းသည် ပြောင်းရွှေ့ရန်သတ်မှတ်ခံထားရသော ရွာ ၄ ရွာထဲမှ ဆည်တဲရွာကဖြစ်ပြီး စီမံကိန်းကြောင့် မြေ ၁၅ ဧက ကျော် သိမ်းယူခြင်း ခံရသူလည်း ဖြစ်သည်။
မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်သော ကြေးနီစီမံကိန်းတဝိုက် ကုမ္ပဏီဘက်မှ လုံခြုံရေးများ လာရောက်ချထားရာမှ တင်းမာမှုများ စတင်ခဲ့သည်။ ဝက်မှေး၊ ဆည်တဲ၊ တုံတောကျောင်း၊ ဇီးတော နားက မြေများကို ကုမ္ပဏီဘက်က ဘူဒိုဇာများနှင့် ထပ်ထိုးသည့်အတွက် စီမံကိန်းပြန်မလုပ်ရန် ရွာသားများက ကားများရှေ့တွင် ကာ၍ တားမြစ်ခဲ့ကြ ပြီး လယ်သိမ်း တိုက်ပွဲများ ဖော်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့သည်။
ယခင်လ ၂၁ ရက်ကတည်းက စတင်တင်းမာမှု ဖြစ်လာသော ထိုစီမံကိန်းဒေသတွင် လူမှုရေးလှုပ်ရှားသူ ကွန်ရက်များနှင့် ကျောင်း သား လူငယ်များ ဝင်ရောက်ကူညီဖြေရှင်းပေးမှုများ ရှိနေပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ကွန်ရက်မှ ကိုဝေဠုကို သြ ဂုတ် လ ၃၁ ရက်က စတင်ဖမ်းဆီးခဲ့ကာ သာသနာညှိးနွမ်းစေမှုဖြင့် တရားစွဲဆိုခံနေရသည်။
“ဒေသခံပြည်သူတွေ သူတို့ဘာလိုချင်လဲဆိုတာ သက်ဆိုင်ရာရော တနိုင်ငံလုံး သိရှိအောင် ကြေညာချက် ထုတ်ပြန်တာပါ။ သူတို့က မြေလျော်ကြေးယူပြီး ဒီနေရာကနေ စွန့်ခွာသွားမယ်ဆိုရင် ဒီတောင်ကြီးပတ်ပတ်လည်က ကြေးနီစီမံကိန်းကြောင့် ပျက်စီးသွားမယ်။ ပျက်စီးမှုကြောင့် မုံရွာမြို့ ထိခိုက်နိုင်၊ ချင်းတွင်းမြစ်ရေ ပျက်စီးနိုင်တယ်။ မြေလျော်ကြေး ကျေနပ်ရုံနဲ့မပြီးဘဲ တခြား ပတ်ဝန်း ကျင်ပါ ထိခိုက်နိုင်တဲ့အတွက် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းရေးသာ အဓိက ဖြစ်တယ်ဆိုတာ ဆုံးဖြတ်ခဲ့တာ” ဟု ဒေသခံများအား ကူညီပေးနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ရက်မှ ကိုဟန်ဝင်းအောင် ကလည်း ဧရာဝတီသို့ ပြော သည်။
စက်တင်ဘာ ၁၀ ရက် တနင်္လာနေ့က မုံရွာမြို့သို့ သွားရောက်ဝတ်ပြုဆုတောင်းသူများထဲမှ ၁၂ ဦးကိုဖမ်းဆီးခဲ့ပြီး ၉ ဦး ကို နေ့တွင်း ချင်း ပြန်လွှတ်ခဲ့သော်လည်း ဝက်မှေးရွာသူ ၃ ဦး ဖြစ်သော မသွဲ့သွဲ့ဝင်း၊ မအေးနက်နှင့် မဖြူဖြူဝင်း တို့သည် မုံရွာထောင်တွင် ဆက် လက် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည့်အတွက် မုံရွာမြို့တွင်လည်း ဆန္ဒပြမှု ဖြစ်ပေါ်လျက်ရှိသည်။
လက်ပံတောင်းတောင်တဝိုက် လုံခြုံရေးများ တိုးမြှင့်ချထားပြီး မုံရွာတဖက်ကမ်းသို့ သွားလာခွင့်များ စောင့်ကြည့်ခံနေရကြောင်း ဒေ သ ခံများက ပြောသည်။
မုံရွာဘက်တွင်လည်း ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရေး ဆန္ဒပြမှုများ ပြေလည်မှုရစေရန် ကျောင်းသား လူငယ် အဖွဲ့များက ဝင်ရောက်စေ့စပ်နေပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီနှင့်ခေါင်းဆောင်များ ရောက်ရှိနေကြောင်း သိရသည်။