အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တခုအဖြစ် တိုင်းနှင့် ပြည်နယ် ၁၃ ခုမှ အဖွဲ့ဝင်လူငယ်များကို ပထမဆုံးအကြိမ် ၁၅ ရက်ကြာ ဖွံ့ဖြိုးရေးသင်တန်းပေးရာ ယမန်နေ့က သင်တန်းပြီးဆုံးသည်။
အဆိုပါသင်တန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းဥပဒေ၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ ဒီမိုကရေစီနှင့် နိုင်ငံရေး၊ သတင်းနှင့် နည်းပညာ စသည့် ကဏ္ဍများကို ရခိုင်ပြည်နယ်မှအပ တခြားပြည်နယ်နှင့် တိုင်းများမှ တက်ရောက် လာသော NLD အဖွဲ့ဝင် လူငယ် စုစုပေါင်း ၅၄ ဦးကို သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“နောင်လာမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီကျကျ ပြည်သူတရပ်လုံးရဲ့ ပါတီတရပ်ဖြစ်ဖို့ ဆိုတဲ့အခါမှာ လူငယ်တွေရဲ့ကိစ္စဟာ ကြီးမားတဲ့အခန်းက ပါလာပြီး သူတို့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှု မရှိရင် မဖြစ်တော့ဘူး။ ဒါကြောင့်မို့လို့ သူတို့ကို သိသင့်သိထိုက်တာ လုပ်မှ တော်မယ်ဆိုပြီး စပြီးတော့ ဒါတွေပေးတာပါ” ဟု NLD ပါတီ၏ နာယက ဦတင်ဦးက ဧရာဝတီသို့ ပြောသည်။
တက်ရောက်ခဲ့သည့် လူငယ်များမှတဆင့် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ထိုမှတဆင့် ကျေးရွာအဆင့်အထိ ဆင့်ပွားပညာပေး စည်းရုံးမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ အဆိုပါ ဖွံံ့ဖြိုးရေးသင်တန်းကို ယခုလမှစတင်ကာ လစဉ် တလလျှင် တကြိမ်နှုန်း တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်များကို ခေါ်ယူသင်ကြားပေးသွားမည် ဖြစ်သည်ဟု ဦးတင်ဦးက ဆက်ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ မဆလ အစိုးရလက်ထက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၄၇ မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို တက်ရောက်သူများက တက်တက်ကြွကြွ ဆွေးနွေးသင်ယူကြကြောင်း ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေနှင့် ပတ်သက်ပြီး သင်ကြားပေးခဲ့သော ဥပဒေပညာရှင် ဦးကိုနီက ပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်တယ်ဆိုရင် ဘယ်လိုပြင်သင့်သလဲ ဆိုတဲ့ဟာကို ဒီကလေးတွေကနေတဆင့် ပြည်သူလူထုကို သွယ်ဝိုက်သောနည်းဖြင့် Message ပေးတဲ့ သဘောပါပဲ၊ ကလေးတွေကလည်း တော်တော် စိတ်ဝင်စားတယ်။ လာမယ့် ၂၀၁၅ မှာ သူတို့ တော်တော်လုပ်နိုင်မယ်လို့ ကျနော်ထင်တယ်” ဟု ဦးကိုနီက ဧရာဝတီသို့ ပြောသည်။
ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့သော လူငယ်ဖွံ့ဖြိုးရေး သင်တန်းကို အဖွဲ့ချုပ် ပညာရေးကော်မတီက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်သူဦးရေမှာ နည်းပါးနေသော်လည်း လစဉ် တလတဖွဲ့နှုန်းဖြင့် ဆက်တိုက် လုပ်ဆောင်သွားရန် အစီအစဉ် ရှိကြောင်း သင်တန်းကြီးကြပ်ရေးမှူး မကြည်ပြာလင်းက ပြောသည်။ သူသည် သင်တန်းတွင်လည်း ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီ ဘာသာရပ်ကို ပို့ချပေးသည်။
“အခု ကျမတို့က တပြည်နယ်၊ တတိုင်းကို ၄ ဦးစီ သူတို့ပြည်နယ်တိုင်း ကော်မရှင်တွေကနေ ရွေးချယ်ပြီးတော့ လွှတ်လိုက်တာပါ၊ အရမ်းနည်းမှန်းသိပါတယ်။ လောလောဆယ် အစီအစဉ်အရ အဖွဲ့ချုပ်မှာပဲ လစဉ်လတိုင်း အကောင်အထည် ဖော်သွားဖို့ ရှိပါတယ်။ နယ်ကိုတော့ နောက်ထပ် ဒီသင်တန်းက ဆရာတွေရော၊ အပြင်က ဆရာတွေရော အဆင်ပြေကြမယ်ဆိုရင်တော့ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မကြည်ပြာလင်းက ပြောသည်။
သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ် NLD လူငယ်အဖွဲ့ ကိုယ်စားပြု တက်ရောက်ခဲ့သူ မခင်ဌေးဝင်းက “မျိုးဆက်သစ် လူငယ်တွေအတွက် တကယ့်ကို သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို နက်ရှိုင်းစွာ သိလိုက်ရပါတယ်။ အရင်က နိုင်ငံရေးကို စိတ်ပါဝင်စားလို့ လုပ်ခဲ့တာပဲရှိတယ်၊ ဒီလောက် ကျယ်ပြန့်မယ်ကို မထင်ခဲ့ဘူး။ ဒီသင်တန်းက တကယ့်ကို ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လောက်ထိ လေ့လာရမလဲဆိုတာကို သိရှိလာရတယ်” ဟု ပြောသည်။
ကချင်ပြည်နယ် NLD လူငယ်အဖွဲ့ ကိုယ်စားပြု တက်ရောက်ခဲ့သူ ကိုဥက္ကာမိုးက “ကျနော်တို့ ကချင်ပြည်နယ်က ငြိမ်းချမ်းရေး မရသေးဘူးဆိုတာ အားလုံးလည်း သိပြီးသားပဲလေ။ ငြိမ်းချမ်ရေး မရသေးဘူးဆိုတာကလည်း နိုင်ငံရေး ပြဿနာပဲ။ ဒီကသင်ပေးလိုက်တဲ့ ဘာသာရပ်တွေနဲ့ ကျနော်တို့ရဲ့ စဉ်းစားတွေးခေါ်မှု အပိုင်းတွေနဲ့ ပူးပေါင်းပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အဓိက ပြိုင်ဘက်ဖြစ်နေဦးမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) သည် ယခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး ၂ ပတ်အကြာတွင် ပြုပြင်ပြောင်းလဲမှု တချို့ စတင်လုပ်ဆောင်ခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီ အကြီးအကဲများက ပြောသည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိမည်ဟု မူလက မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ် ၄၅ နေရာအနက် NLD ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။