မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီးတိုးမြှင့် ဆောင်ရွက်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ့ တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက် သင့်တယ်၊ တရုတ်နိုင်ငံနဲ့ ပူးတွဲဆောင်ရွက် သင့်တယ်၊ ပြီးတော့ မြန်မာနိုင်ငံ အပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ် အရေးယူမှု တွေကိုလည်း လျှော့ချသင့်တယ်လို့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) က တိုက်တွန်းလိုက်ပါတယ်။
CSIS က တာဝန်ရှိသူတွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှု တွေကို လေ့လာစူးစမ်းဖို့ အတွက် သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး
ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ အပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း ညှိနှိုင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ အစီရင်ခံ တင်ပြခဲ့တာပါ။
“မြန်မာနိုင်ငံတွင် အရပ်ဖက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှုအား စစ်တပ်က ဆက်လက်ပံ့ပိုး၍ တိုင်းရင်းသားဒေသ များတွင် အပစ်အခတ်ရပ်စဲရန် သဘောတူပါက အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့တပ်မတော်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများပြုလုပ်ရန် စတင် စဉ်းစားသင့်ပါသည်။ ထို့ပြင် မြန်မာစစ်တပ်အရာရှိများအား ရွေးချယ်၍ အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေးအထောက်အကူ အစီအစဉ်ဖြစ်သော နိုင်ငံတကာ စစ်ရေးပညာနှင့် သင်တန်း (International Military Education and Training) အစီအစဉ်တွင်ပါဝင်စေပြီး နိုင်ငံတွင်းရှိ ကာကွယ်ရေးစစ်တက္ကသိုလ်များတွင် တက်ရောက်ခွင့် ပေးသင့်ပါသည်” လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ CSIS ရဲ့ ခရီးစဉ်အစီရင်ခံစာထဲမှာ ရေးသားထားပါ တယ်။
ဒါ့ပြင် ဒီလအတွင်း ဦးသိန်းစိန်နဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့အခါမှာလည်း တွေ့ဆုံဖို့ သမ္မတ ဘားရက် အိုဘားမားကို တိုက်တွန်းထားပါသေးတယ်။ မြန်မာပြည်က သွင်းကုန်တွေတားမြစ်ထားတာကို လျှော့ချသင့်တယ်၊ ပြီးတော့ တချိန်တည်းမှာလည်း နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့တွေက မြန်မာနိုင်ငံအပေါ် ထောက်ပံ့တဲ့အစီအစဉ်တွေကို ပံ့ပိုးရမယ်လို့ CSIS က ဆိုပါတယ်။
“မြန်မာအစိုးရ၊ အတိုက်အခံခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့် စီးပွားရေးနယ်ပယ်မှ ခေါင်းဆောင်တို့က အလေးထား ဆွေးနွေးကြသည်မှာ ၎င်းတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင် အရေးပေါ်ဆောင်ရွက်စရာနှင့် ချက်ချင်း လက်ငင်း ဆောင်ရွက်စရာများ ရှိနေသည်ဆိုသည့် အချက်ဖြစ်သည်” လို့ CSIS က ပြောပါတယ်။
“မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုကို အားပေးအားမြှောက်ပြုရန်နှင့် ပံ့ပိုးရန် အရေးပါသည့် (သမိုင်းဝင် ဖြစ်ကောင်း ဖြစ်နိုင်သည့်) အခွင့်အလမ်းများရှိနေသည်ကို အမေရိကန်ပြည်ထောင်စုအနေနှင့် နားလည်သဘောပေါက်သင့်ပါသည်။ ထို့ပြင် ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမြင်သာမှုတို့အပေါ်တွင် အမှန်တကယ် ခြိမ်းခြောက်မှုများ ရှိနေသည်ကိုလည်း နားလည်သဘောပေါက်သင့်ပါသည်” လို့လည်း CSIS က ဆိုပါသေးတယ်။
မြန်မာပြည်မှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတာကို CSIS က လက်ခံပေမယ့် အခုလို ပြုပြင်ပြောင်းလဲမှု တွေလုပ်ဖို့ဖြစ်လာတဲ့ အရင်းခံအကြောင်းရင်းက မြန်မာစစ်ခေါင်းဆောင်တွေ တရုတ်အပေါ် မှီခိုလွန်းအားကြီးလို့ ဆိုတာကိုတော့ ငြင်းချက်ထုတ်ပါတယ်။ ဒါ့ပြင် အမေရိကန်အစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းတိုင်ပင်ဖို့ မူဝါဒတခုကို ချမှတ်မယ်ဆိုရင် တရုတ်အစိုးရရဲ့ စိုးရိမ်မှုတွေကို သက်သာရာရစေနိုင်တယ်လို့လည်း CSIS က ပြောပါတယ်။
“CSIS နှင့် တွေ့ဆုံခဲ့သည့် အဖွဲ့များက အစဉ်အလာ အိမ်နီးချင်းနိုင်ငံတခုအဖြစ် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို အလေး အနက်ထား ဆွေးနွေးခဲ့ကြသည့် အပြင် အမေရိကန်ပြည်ထောင်စုအနေနှင့် တရုတ်နိုင်ငံအပေါ် လုံးဝအနိုင်အ ရှုံး (Zero-Sum) မူဝါဒများ ချမှတ်မှုမှ ရှောင်ရှားရန်ကိုလည်း တိုက်တွန်းခဲ့ကြသည်” လို့ CSIS ရဲ့ အစီရင်ခံစာထဲမှာ ရေးထားပါတယ်။
“ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးကာလ အတွင်းရှိခဲ့သော တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ လက်ဝါးကြီးအုပ်လု နီးပါး အခြေအနေ၊ စစ်လက်နက်ပစ္စည်းများ ရောင်းချမှုနှင့် ၂ နိုင်ငံကုန်သွယ်မှု အနေအထားများအောက်တွင် မြန်မာနိုင်ငံက ရုတ်တရက်ဆိုသလို ယခုကဲ့သို့ အမေရိကန်ပြည်ထောင်စုနှင့် နွေးထွေးသည့် ဆက်ဆံရေး ရှိနေသည့်အပေါ် တရုတ်နိုင်ငံက သံသယရှိနေမည်သာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက သြဇာလွှမ်းမိုးမှုရရန် ကြိုးပမ်းလာနိုင်သည့် အပေါ်တွင်လည်း စိုးရိမ်ကြောင့်ကြမှုများ ရှိနေပေလိမ့်သည်” လို့ CSIS အစီရင်ခံစာက ဆိုပါတယ်။
တကယ်တမ်းပြောရရင် မြန်မာနိုင်ငံမှာ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတာဟာ နိုင်ငံစီးပွားပျက်နေ တဲ့အပေါ် ဗိုလ်ချုပ်ကြီးတွေ မြင်လာကြတာရယ်၊ ပြီးတော့ “၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး” အပြီးမှာ နိုင်ငံကို သူတို့ ဆက်အုပ်ချုပ်လိုစိတ် မရှိတော့တာတွေရယ် ကြောင့်လို့ CSIS က အခိုင်အမာ ဆိုထားတာပါ။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ပရိယာယ်များသည့် နိုင်ငံရေး ကြိုးကိုင်ချယ်လှယ်သူဟု ဖော်ပြနေသည်များနှင့်ပတ် သက်၍ ၎င်းအနေနှင့် အာရပ်နွေဦးလှုပ်ရှားမှုများအပြီးတွင် နိုင်ငံအတွင်း ချောင်ချက်စကူး ပုံစံ ဆန္ဒပြမှုများ မဖြစ် ပေါ်စေရန်သော်လည်းကောင်း၊ တာဝန်မှ အနားယူပြီးနောက်တွင် ၎င်းမိသားစုနှင့် အနီးကပ် လုပ်ဖော်ကိုင်ဖက်များ၏ ပိုင်ဆိုင်မှုနှင့် အခွင့်အရေးများကို ဘေးမသီရန်မခ ဖြစ်စေရန်သော် လည်းကောင်း ရည်ရွယ်၍ အာဏာခွဲဝေမှုပြုလုပ် သွားခြင်းဖြစ်သည်ဟု အခြေအနေကို ဂဃနဏသိသော လေ့လာစောင့်ကြည့်သူများက ခန့်မှန်းကြပါသည်” လို့ အစီရင်ခံစာထဲမှာ ရေးထားပါတယ်။ ရိုမေးနီးယားနိုင်ငံရဲ့ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ သမ္မတဖြစ်သူ နစ်ကိုးလိုင် ချောင်ချက်စကူး (Nicolae Ceausescu) ဟာ ၁၉၈၉ ခုနှစ်မှာ ဖြုတ်ချခံရပြီး ကွပ်မျက်ခံရသူပါ။
ဒါ့ပြင် “တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှလမ်းဆုံ” မှာရှိနေတဲ့ နိုင်ငံရဲ့ ပထဝီမဟာဗျူဟာမြောက် အနေအထားကို ကြည့်မယ်ဆိုရင် ဒဏ်ခတ်အရေးယူမှုတွေ မရှိတော့တဲ့ကာလမှာ မြန်မာပြည်ဟာ စီးပွားရေးအရတိုးတက်မှု အရှိန်အ ဟုန်နဲ့ ဖြစ်လာနိုင်တယ်၊ ဒါပေမယ့် ဆက်လက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားပဋိပက္ခတွေနဲ့ ရိုဟင်ဂျာပြဿနာ၊ ပြီးတော့ ကျွမ်းကျင်သူတွေနဲ့ အတွေ့အကြုံ အားနည်းတာတွေက ပြုပြင်ပြောင်းလဲမှုတွေကို ထိခိုက်နိုင်တယ်လို့လည်း CSIS က ပြောပါသေးတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့ CSIS အစီရင်ခံစာထဲမှာ အခုလိုရေးသားထားပါတယ်။
“လွန်ခဲ့သော ၂ နှစ်ကဆိုလျှင် ‘ဖက်ဒရယ်ဝါဒ’ ဟူသော အယူအဆအား ညစ်ညမ်း၍ လက်ခံနိုင်ဖွယ်မရှိသော စကား လုံး (Dirty Word) အဖြစ် အစိုးရက မှတ်ယူခဲ့သည်။ ယခုကာလတွင်မှု ယင်းအယူအဆနှင့်ပတ်သက်၍ (အဓိပ္ပါယ်ဖွင့် ဆိုမှု မပြုသော်ငြား) အစိုးရတာဝန်ရှိသူများအကြား ပွင့်ပွင့်လင်းလင်း စတင် ပြောဆိုဆွေးနွေးနေကြပြီဖြစ်သည်။”
“တိုင်းရင်းသားအင်အားစုများအပေါ် အတော်လေး စိတ်သဘောကောင်းထားရှိသည် ဆိုသည်ကို CSIS ကိုယ်စား လှယ်အဖွဲ့က အစိုးရ အဆင်မြင့်အရာရှိများထံမှ ကြားသိခဲ့ရသည်၊ သို့ရာတွင် လက်ရှိအနေအထား၌ အပစ်အခတ် ရပ်စဲရေးကိုသာ ၎င်းတို့ အများအပြားအာရုံစိုက်လျှက်ရှိသည်၊ ရေရှည်ဖြစ်တည်နေသော မတူကွဲပြားမှုများကို ဖြေရှင်း ရန်အတွက် အပစ်အခတ်ရပ်စဲရေးဖြင့် မလုံလောက်သည်ကို ယခင်ဖြစ်ရပ်များက ညွှန်ပြလျှက်ရှိသည်”
ပြည်တွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ကလည်း ပြုပြင်ပြောင်းလဲမှုတွေ အတွက် အထောက်အပံ့ ရဖို့နဲ့ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်မှာ အပြောင်းအလဲတွေကို စနစ်တကျဖြစ်အောင် သေသေချာချာ ဆောင်ရွက်နိုင်ဖို့ အလွန်အရေးကြီးတဲ့ အကြောင်း၊ တချိန်တည်းမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းမကျတဲ့ ပြဌာန်းချက်တွေကို ပြောင်းလဲဖို့ စစ်တပ်ထဲမှာ ယုံကြည်မှု တည်ဆောက်ရမှာဖြစ်ကြောင်း CSIS ကို အလေးအနက် ဆွေးနွေးကြတယ်လို့ သိရပါတယ်။
“လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းရရှိထားသော လွှတ်တော်နေရာအား စစ်တပ်က တဖြေးဖြေး လွှဲအပ်သွားမည့် အစီအစဉ်ကို ၎င်းတို့ မျှော်လင့်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအပါအဝင် အစိုးရတာဝန်ရှိသူများက ပြောကြသည်” ဟု အစီရင်ခံစာထဲမှာ ရေးထားပါတယ်။
“၁၉၉၈ ခုနှစ်၌ သမ္မတ ဆူဟာတိုအား ဖြုတ်ချလိုက်ပြီးနောက်ပိုင်း စစ်တပ်က လွှတ်တော်နေရာများမှ တဖြေးဖြေး စွန့်ခွာသွားသည့် အင်ဒိုနီးရှားနိုင်ငံပုံစံကို မြန်မာအစိုးရတာဝန်ရှိသူများက မကြာခဏ ကိုးကားကြပါသည်။ မြန်မာ နိုင်ငံတွင် လွှတ်တော်တွင်းရှိ စစ်တပ်ကိုယ်စားလှယ်များသည် အုပ်စုပုံစံဖြင့် အမြဲတမ်း မဲဆန္ဒပေးကြသည်မဟုတ်ဘဲ တခါတရံ၌ အတိုက်အခံဖက်မှ ထောက်ခံမဲပေးမှုများလည်း ရှိပါသည်။ မကြာသေးခင်က တင်သွင်းခဲ့သော လွှတ်တော် အမတ်များ မိမိတို့ ပိုင်ဆိုင်မှုစာရင်း ကြေငြာရမည်ဟူသည့် အဆိုကို စစ်တပ်ကိုယ်စားလှယ်အများအပြားက ထောက်ခံ မဲ ပေးခဲ့ကြသည်” လို့လည်း CSIS အစီရင်ခံစာက ဆိုပါသေးတယ်။
နိုင်ငံအမည်ကို အင်္ဂလိပ်လို Burma ကနေ Myanmar လို့ အရင်စစ်အစိုးရက ပြောင်းလိုက်တာနဲ့ပတ်သက်ပြီးတော့ လည်း ပြောင်းတဲ့ပုံစံကို သဘောမတူပေမယ့် “အနာဂတ် တချိန်ချိန်တွင် ပြည်သူလူထုက မပြောင်းသရွေ့ နိုင်ငံ အမည်အား Myanmar ဟု ခေါ်သင့်သည်” လို့ အတိုက်အခံ ခေါင်းဆောင်တွေက CSIS ကိုယ်စားလှယ်အဖွဲ့ကို ပြော လိုက်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။
အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။