ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ၃ လ ကျော်ပြီ ဖြစ်သော်လည်း တည်ငြိမ်မှု၊ လုံခြုံမှု မရှိသည့် အခြေအနေများ
နှင့်ရင်ဆိုင် ကြုံတွေ့နေရဆဲ ဖြစ်ကာ လူသတ်မှု၊ လုယက်မှု၊ ခိုးမှု စသည်တို့လည်း ဖြစ်ပွားနေကြောင်း သိရသည်။
ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာသား ဦးကျော်မောင်ချေ (အသက် ၆၄ နှစ်) သည် စက်တင်ဘာလ ၁၁ ရက်တွင် သတ်ဖြတ်ခံလိုက်ရသည့် ဖြစ်ရပ်သည် ရခိုင်ဒေသတွင်း နေထိုင်သည့် ပြည်သူများ ၏ စိုးရိမ်မှုကို ကြီးမားစေပြီး ဘဝလုံခြုံမှုအတွက် ခြိမ်းခြောက်မှုတခု အဖြစ်လည်း ရှှုမြင်ကြောင်း ဒေသခံများ က ဆိုကြသည်။
ဦးကျော်မောင်ချေသည် မြို့ပေါ်မှ ၄ မိုင်ခန့် ဝေးသည့် ၎င်းနေထိုင်ရာကျေးရွာသို့ ပြန်လာစဉ် လုံခြုံရေး မရှိသည့် လမ်းခရီး၌ အသတ်ခံရ ကြောင်း၊ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အတွက် အချိန်စော၍ ညနေ ၅ နာရီဝန်းကျင် ပြန်လာစဉ် အသတ် ခံရကြောင်း၊ ထိုလူသတ်မှုအား ကြည့်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးမှု လုံး၀ မရှိသေးကြောင်း ကျောက်တော် ဒေသခံ ဦးမောင်မောင် က ဆိုသည်။
“ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့အပြင် အစိုးရ ခြေမြန်တပ်ရင်း သုံးလေးခု ရှိတဲ့နေရာမှာ ဒီလိုဖြစ်တာက ဥပဒေ စိုးမိုးရေး ကို စိန်ခေါ်သလိုမျိုး ဖြစ်နေတယ်၊ တရားခံ အစစ်တွေလည်းပဲ ဖမ်းဆီးနိုင်တာ မရှိသေးဘူး”ဟု ၎င်း က ဆိုသည်။
ဦးကျော်မောင်ချေ၏ အသုဘအခမ်းအနားကို ယမန်နေ့က ပြုလုပ်ရာ ဒေသခံ ပြည်သူသောင်းချီတက်ရောက်ခဲ့ပြီး တရားခံ အစစ်အမှန်ကို အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီးပေးရန် အာဏာပိုင်များထံ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ဦးကျော်မောင်ချေ အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ သံသယရှိသည်ဟု ယူဆရသူ ပိုက်သည်ကျေးရွာမှ ရွှေမောင်(ခ) အ ဒူမာလိတ်နှင့် လာလူး(ခ)ဖော်ရီအာမတ် တို့ နှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေသည်ဟု ကျောက်တော်မြို့နယ် စခန်းမှူး ဦးလှမျိုး အောင်က ပြောဆိုကြောင်း RFA မြန်မာပိုင်း သတင်း၌ ပါရှိသည်။
ထို့အတူ ဘူးသီးတောင်မြို့နယ် ကင်းချောင်းရွာခံ ဦးထွန်းရွှေလှှိုင်(အသက် ၄၀)နှစ်သည် သြဂုတ်လ ၂၃ ရက်နေ့တွင် ၎င်းပိုင် ဆိုင် သည့် စိုက်ခင်းခြံတွင် တဦးတည်း ရှိနေစဉ် အသတ်ခံရကြောင်း၊ ၎င်းသည် အဒူလာတေး ဆိုသူနှင့် အလုပ်စပ်တူ လုပ်နေ
ကြောင်း၊ ထိုလူသတ်မှုနှင့်ပတ်သက်၍ တရားခံဟု ယူဆရသည့် အဒူလာတေး ၏ မိတ်ဆွေ ၃ ဦးကို ဖမ်းဆီးထားကြောင်း သိရ သည်။
ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ မရီရီသန်း ဆိုသူ အမျိုးသမီးငယ်သည်လည်း စက်တင်ဘာလ ၂ ရက်နေ့က ဈေးမှနေ ထိုင်ရာ ကျေးရွာသို့ အပြန် လမ်း၌ လူတစုက လိုက်လံနှောင့်ယှက်၍ ထွက်ပြေးရာ ဓားဖြင့်လိုက်ခုတ်သည့်အတွက် ခြေဖနောင့် ပြတ်လုနီးပါး ဖြစ်သွားကြောင်း၊ ယခုအခါ ဘူးသီးတောင် ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေကြောင်း ဒေသခံများက ပြောသည်။
မရီရီသန်းအား ဓားဖြင့်ခုတ်သူ ၃ ဦးကို အာမခံဖြင့် ဘူးသီးတောင် ရဲစခန်းက လွှတ်ပေးထားကြောင်း၊ ယခုအခါ အမျိုးသမီးများ သာမက အမျိုးသားများလည်း သွားလာရေးအတွက် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံ ဦးထွန်းအောင်သိန်း က ပြောသည်။
“လူသတ်မှု၊ လုယက်မှု၊ နှောင့်ယှက်မှုတွေ ဆက်တိုက်ဖြစ်နေတော့ လူတွေက တယောက်တည်း ရွာပြင်ထွက်ပြီး အလုပ်မလုပ် ရဲကြတော့ဘူး၊ ဒေသခံ အများစုက တောတွေ၊ လယ်ကွင်းထဲမှာ လုပ်ကိုင်စားသောက်သူ များတယ်၊ အလုပ်လက်မဲ့ တွေ တနေ့ ထက် တနေ့ ပိုများလာနေတယ်”ဟု ၎င်း က ဆိုသည်။
ဘူးသီးတောင်မြို့နယ်သည် အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၅ နှင့် ခြေမြန်တပ်ရင်း ၁၀ ရင်းကျော် အခြေစိုက် ထားသည့် နယ်စပ် ဒေသတခုလည်း ဖြစ်သည်။
ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အပြင် စစ်တပ်၊ လုံထိန်းတပ်ဖွဲ့များ အနေဖြင့် ကျေးရွာများကိုသာ လုံခြုံရေးယူ ထားနိုင်ပြီး လယ်ယာလုပ်ငန်းခွင်နှင့် တောတောင်များ၌ လုပ်ကိုင်စားသောက်သူများအတွက် လုံခြုံရေးပေးနိုင်ခြင်း မရှိပေ။
ရခိုင်နှင့်ဒေသခံ တိုင်းရင်းသားအများစုသည် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း၊ တနိုင်တပိုင် ငါးဖမ်းသည့် အလုပ်တို့ဖြင့် အသက် မွေး ကြကြောင်း၊ ထိုလုပ်ငန်းများသည် တဦး၊ နှစ်ဦး စသည့်ဖြင့် လုပ်ကိုင်ရကြောင်း၊ ယခုအခါ လုံခြုံရေးစိုးရိမ်သည့် အတွက် လုပ်ငန်းခွင် မသွားရဲကြတော့ကြောင်း၊ လယ်ယာလုပ်ငန်းများ မလုပ်ကိုင်ရသည့်အတွက် လာမည့် နှစ်တွင် ဆန်၊ စပါး ရှားပါး၍ အလုပ်လက်မဲ့ ဦးရေပါ ပိုမိုများ လာနိုင်ခြေ ရှိကြောင်း ရခိုင်ဒေသခံများ က ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက“လုံခြုံရေးကတော့ ပုံမှန်အတိုင်း ယူထားတာ ဆို တော့ ထပ်တိုးဖို့ မရှိပါဘူး၊ အားလုံးက တည်ငြိမ်နေပါပြီ၊ လူသတ်မှု ကိစ္စတွေတော့ တာဝန်ရှိသူတွေကပဲ တရားဥပဒေအရ ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
နယ်မြေအလိုက်လုံခြုံရေး ယူထားကြသည့်အတွက် လုံခြုံရေး ကိစ္စဆောင်ရွက်ကြမည်သာ ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး
အတွက် သက်ဆိုင်သူများက လုပ်ဆောင်မည် ဖြစ်ကြောင်း လည်း ဆက်ပြောသည်။
အာဏာပိုင်များဘက်မှ ထိုသို့ပြောဆိုနေသော်လည်း တဘက်တွင် ဒေသခံများ အခက်အခဲပေါင်းစုံနှင့်ရင်ဆိုင် ကြုံတွေ့နေ ရခြင်း အပေါ် ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
“ဘူးသီးတောင်၊ မောင်တော နယ်မြေက အေးအေးဆေးဆေးပါပဲ၊ လယ်ကွင်းတွေဆိုလည်း စိမ်းစိုနေတယ်၊ ကျနော်တောင် ပြီး ခဲ့တဲ့ နှစ်ရက်က အဲဒီဘက်ကို သွားကြည့်သေးတယ်လေ”ဟု နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း က ဆိုသည်။
မောင်တောဒေသ၌ ၃ ရာခိုင်နှှုန်း၀ န်းကျင်သာရှိသည့် ရခိုင်တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားနှင့်ရခိုင်မျိုးနွယ်စု တိုင်းရင်းသား လူမျိုး များသည် ထိုဒေသ၌ မနေထိုင်လိုကြတော့ကြောင်း၊ အာဏာပိုင်များအနေဖြင့် လုံခြုံရေး အပြည့်အ၀ တာဝန် ယူပေးမှ သာ နေထိုင်ရန် စဉ်းစားမည်ဟု ရခိုင်ပြည်နယ် ပဋိုပက္ခအတွက် ဖွဲ့စည်းထားသည့် စုံစမ်းရေးကော်မရှင်ထံ တင်ပြခဲ့ကြောင်း ဒေသခံများ က ဧရာဝတီ ကို ပြောသည်။
စုံစမ်းရေးကော်မရှင်သည် မောင်တောမြို့နယ်သို့ ရောက်ရှိစဉ် ကျောင်းမီးရှှို့ခံလိုက်ရသည့် မောရဝတီဆရာတော် အရှင်ဝိဇယ အား တွေ့ဆုံမေးမြန်း လျှောက်ထားရာ မောင်တောဒေသ၌ ကြီးမားသည့်အရေးအခင်း အဖြစ် ၁၉၄၂ ခုနှစ်တွင် တကြိမ်၊ ၁၉၈၈ နှင့် ၁၉၉၄ ခုနှစ်တို့တွင်လည်း ဖြစ်ပွားခဲ့ပြီး၊ ယခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့ရသည့် အကြမ်းဖက်မှုများကို မိန့်ကြား၍ နောင်တွင် လည်း ထပ်မံဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ရှင်းပြခဲ့ကြောင်း နိရဉ္စရာသတင်းဌာန ၌ ရေးသားထားသည်။
ကော်မရှင်အဖွဲ့သည် ဒေသခံတိုင်းရင်းသားများနှင့်ဘင်္ဂါလီမွတ်စလင်လူမျိုးများကို သီးသန့်စီတွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်သွား ကြောင်းသိရသည်။ ၎င်းအဖွဲ့သည် ရခိုင်ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်၍ ဒေသတွင်း တည် ငြိမ်ရေး၊ ဖွံဖြိုးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွေမည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများ ၌ ဖော်ပြထားသည်။
ရခိုင်ပြည်၌ ဇွန်လဆန်းက စတင်ခဲ့သော အကြမ်းဖက်မှုများ၊ ပဋိပက္ခများ ကြောင့် မြို့နယ် ၁၀ ခု ဝန်းကျင်အား ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသကဲ့သို့ ရခိုင်တပြည်လုံးအား အရေးပေါ်အခြေအနေ ကြေညာထားခြင်းကိုလည်း ရုပ်သိမ်းနိုင် မှု မရှိသေးပေ။
ရခိုင်ပြည်နယ်၏ မြို့တော် ဖြစ်သည့် စစ်တွေမြို့နယ် ဧရိယာ၌ပင် တည်ငြိမ်မှု၊ လုံခြုံမှု လုံး၀ မရှိသေးပေ။ လုံခြုံရေး တာဝန်ယူ
ထားသည့် အစိုးရ စစ်တပ်၊ လုံထိန်းတပ်ဖွဲ့ဝင် တချို့၏ ဒေသခံ ပြည်သူများအပေါ် ဖိနှိပ် ဆက်ဆံခြင်း၊ ဖမ်းဆီး စစ်ဆေးမှု ပြုလုပ်ခြင်း များ ရှိနေ၍ စိုးရိမ်မှုများ ရှိနေကြောင်း စစ်တွေ ဒေသခံများက ပြောသည်။
ညမထွက်ရ အမိန့်ထုတ်ပြန်ထားစဉ် အပြင်ထွက်သည့် ဗျိုင်းဖြူ ရပ်ကွက်မှ ကိုမောင်မောင်ချေ (အသက်၁ရ နှစ်)ကိုလည်း စစ်တပ်မှ မှားယွင်း ပစ်ခတ်မှု ကြောင့် သေဆုံးသွားကြောင်း၊ သားဖြစ်သူ၏ ရုပ်အလောင်းအား သွားကောက်သည့် ဖခင်ဖြစ်သူ ဦးငပုသည် လည်း ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ဝံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း(ရခိုင်ပြည်) အဖွဲ့က ဆို သည်။
အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သည့်အတွက် စစ်တွေဒေသခံ ၇၀ ဝန်းကျင်ကို ဖမ်းဆီး၍ ထောင်ဒဏ် ၆ လစီ ချမှတ် လိုက်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင် ကြေ ညာခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ထိုနေ့မှ စ၍ အရေးပေါ် အခြေအနေလည်း ကြေညာခဲ့သည်။ အကြမ်းဖက်မှု စတင်ခဲ့သည့်မောင်
တောမြို့၌ ဇွန်လ ၈ ရက်နေ့က စတင်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၈၀ ဝန်းကျင် သေဆုံး၍ ဒုက္ခသည်ပေါင်း ခြောက်သောင်း ကျော်ရှိနေပြီး အရေးပေါ် အ ကူအညီနှင့် ပြန်လည်ထူထောင်ရေး အကူအညီများ လိုအပ်နေသည်ဟု နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က မီဒီယာများကို ပြောထားသည်။
ပဋိပက္ခများကြောင့် အဆောက်အအုံ ၄၈၂၂ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက် စီး သွားခဲ့သည် ဟု လည်း အစိုးရ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။