အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးတောင်းဆိုသည့် လက်မှတ်ထိုးလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးကာ ထောင်အတွင်း ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
ဧရာဝတီတိုင်း ပုသိမ်မြို့သို့ ယခုလဆန်းပိုင်းက လာရောက်ခဲ့သည့် ခရီးစဉ်တွင် NLD ပါတီ ဥက္ကဋ္ဌက ပါဝင်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက် (HRDP) က ဦးဆောင်ပြုလုပ်နေသည့် အဆိုပါ လှုပ်ရှားမှုတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်၊ မမီးမီးနှင့် မနီလာသိန်းတို့လည်း ပါဝင်လက်မှတ်ရေးထိုးထားသည်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ပွင့်လင်းမြင်သာစွာ သွားပြီဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိသင့်တော့ဘူးလို့ နိုင်ငံတကာကရော ကျနော်တို့ပါ ယုံကြည်ထားတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအပါအဝင် ပြည်သူတွေရဲ့ တောင်းဆိုချက်ကို သမ္မတကြီးအနေနဲ့ အလေးထားပြီး ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွှတ်ပေးပါလို့ တောင်းဆိုပါတယ်”ဟု HRDP ၏ ပုသိမ်မြို့ တာဝန်ခံ ကိုသက်လွင်က ဧရာဝတီကို ပြောသည်။
လက်မှတ်ကမ်ပိန်းကို ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်က စတင်ခဲ့ခြင်းဖြစ်ပြီး NLD ပါတီဝင်များ၊ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်များ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး အဖွဲ့ဝင်များ၊ သတင်းထောက်များနှင့် ပြည်သူများ ပါဝင် လက်မှတ်ထိုးထားကြသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ မြောင်းမြနှင့် ရေကြည်မြို့နယ်တို့မှ လူပေါင်း ၄၀၀ ကျော် ပါဝင်လက်မှတ်ရေးထိုးထားပြီး လက်မှတ်များ ဆက်လက်ကောက်ခံနေဆဲ ဖြစ်သည်။
ရရှိလာသမျှ လက်မှတ်များအားလုံးကို ယခုလ နောက်ဆုံးပတ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ မေတ္တာရပ်ခံပေးပို့သွားမည်ဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။
အစိုးရသစ်သက်တမ်း ၁ နှစ်ကျော်ကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၅ ကြိမ်ထုတ်ပြန်ကာ အကျဉ်းသားများ လွှတ်ပေးခဲ့ရာ၌ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးခွန်ထွန်းဦးစသည့် ထင်ရှားသော နိုင်ငံရေးသမားများအပါအဝင် ရာနှင့်ချီသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာခဲ့သည်။
သို့သော် အကုန်အစင် မလွတ်မြောက်သေးဘဲ နိုင်ငံရေးအကျဉ်းသားပေါင်း ၃၉၀ ကျော် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကလည်း တောင်းဆိုထားကြသည်။