ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ပြန်လည် သင့်မြတ်ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးများအတွက် နှစ်ဖက်စလုံးကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှ ကိုယ်စားလှယ် Mr. Ufuk Gokcen က ပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့က Chatrium Hotel တွင် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ မိတ်ဆက်ဆွေးနွေးပွဲတွင် Mr. Ufuk Gokcen က “လူမျိုး နှစ်မျိုးလုံးကို ကူညီထောက်ပံ့ပေးသွားမယ်။ ပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးမှာ ကူညီမှုတွေက အထောက်အပံ့ ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ သီတဂူဆရာတော်၏ ကိုယ်စားလှယ် အပါအဝင်၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလမ်ဘာသာရေး ခေါင်းဆောင်များ၊ ဆောဒီအာရေဗျ၊ သီရိလင်္ကာ၊ မလေးရှား၊ အင်ဒိုနီးရှားမှ သံအမတ်များ တက်ရောက်ကြောင်း သိရသည်။
၁၉၇၀ ပြည့်နှစ်က စတင် ထူထောင်ခဲ့သော အဖွဲ့ဝင်နိုင်ငံပေါင်း ၉၀ ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလမ်ဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များနှင့် ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရယူရန် တည်ထောင်ထားသော အဖွဲ့ဖြစ်သည်။
ထို့အပြင် OIC နှင့် နယ်စပ်ဒေသလုံခြုံရေး ဝန်ကြီးဋ္ဌာနအကြား ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် နားလည်မှု စာချွန်လွှာ ထိုးထားပြီး မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့၊ လခြမ်းနီအဖွဲ့နှင့် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့များအကြား ပူးပေါင်းလုပ်ဆောင် နိုင်ရန် သဘောတူညီချက်များ ရယူထားပြီးဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
OIC သည် ယခုလဆန်းပိုင်းတွင် ရခိုင်ပြည်နယ်ရှိ အခြေအနေများကို သွားရောက်လေ့လာပြီး ဖြစ်ပွားလျက်ရှိသည့် ကိစ္စရပ်များသည် လူမျိုးရေးကို အခြေခံသည်ဟု ဆိုသော်လည်း ဘာသာရေး မတူညီမှုပြဿနာ ရှိနေသဖြင့် ဘာသာရေးခေါင်းဆောင်များက ပူးပေါင်းအဖြေရှာ ဖြေရှင်းရန်လိုကြောင်း၊ လိုအပ်သော ကူညီထောက်ပံ့မှုများပြုလုပ်ရန် ၎င်းတို့က တာဝန်ယူကြောင်းလည်း ပြောသည်။
ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ အထွေထွေ အတွင်းရေးမှူးက “နိုင်ငံတိုင်း၊ ပြဿနာတိုင်းမှာ ဘာသာရေးခေါင်းဆောင်တွေ ဝင်ရောက်ဖြေရှင်းခဲ့တာ အောင်မြင်မှုတွေ ရခဲ့တယ်။ မြန်မာပြည်မှာလည်း ဘာသာရေး ခေါင်းဆောင်တွေ ပူးပေါင်အဖြေရှာဖို့ လိုပါတယ်” ဟု ပြောကြားသည်။
တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu ဦးဆောင်သည့် OIC ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ မတည်ငြိမ်မှုများဖြစ်ပွားနေသည့် ဒေသများသို့ ယခုလဆန်းပိုင်းက သွားရောက်လေ့လာခဲ့သည်။
ထို့အပြင် ယခုလ ၈ ရက်နေ့ကလည်း အမေရိကန်သံအဖွဲ့က ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာကာ လူဦးရေသိပ်သည်းမှုကို ဖြေရှင်းနိုင်မည့် အစီအမံများကို ထောက်ပံ့ ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်ကြောင်း အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးခဲ့သေးသည်။