ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီမြို့နယ်ရှိ အချောင် လှေဆိပ်တွင် ရေလုပ်သား အဖြစ် ရောင်းစား ခံထားရသည့် မြန်မာ နိုင်ငံသား ၂၂ ဦးကို ထိုင်း အာဏာပိုင်များက မကြာသေးခင် ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။
ရောင်းစား ခံထားရသည့် မိသားစုဝင်များ၏ တိုင်ကြားချက်အရ ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်က ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ Anti-Human Trafficking Division (AHTD)နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association Thailand (MAT) တို့ ပူးပေါင်း၍ သွားရောက် ကယ်တင်ခဲ့ကြောင်း MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီသို့ ပြော သည်။
မြန်မာ နိုင်ငံသား ၂၂ ဦးနှင့် ဆက်စပ်၍ လူကုန်ကူးမှုနှင့် ပတ်သက်သူများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးနိုင်ခြင်း မရှိသေးသော် လည်း ပြန်လည် လွတ်မြောက်လာသူများအား ထိန်းသိမ်း စောင့်ရှောက်ထားပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ် ကြောင်း သိရသည်။
ယင်း မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ ခေါက်ဆွဲခြောက် အလုပ်ရုံ တခုတွင် အလုပ်ရမည် ဆိုသောကြောင့် ကရင်ပြည်နယ် မြဝတီမြို့နယ်မှ ပွဲစားများဖြင့် ရောက်လာကြပြီး ယင်းသို့ ရောင်းစားခံရခြင်း ဖြစ်ကြောင်း ဦးကျော်သောင်းက ရှင်းပြ သည်။
“ဘယ်လောက် အထိ ဆိုးဝါး သလဲဆိုရင် အချိန်ရှိသမျှကို အလုပ်လုပ်နေရတယ်၊ ခဏလေးပဲ အိပ်ရတယ်၊ ငါးရှာနေပြီးတော့ ငါးဟင်း ကိုတောင်မှ ၀၀မစားရဘူး”ဟု ပြန်လည် လွတ်မြောက်လာသူတဦး၏ ပြောကြားချက်ကို ကိုးကား၍ ဦးကျော်သောင်းက ဆို သည်။
ရောင်းစားခံရသူများထဲတွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ် ကလေး ၃ ဦးနှင့် အသက် ၅၀ ကျော် တဦး ပါဝင်ပြီး ကျန် သူများမှာ အသက် ၂၀ ကျော်များ ဖြစ်ကြောင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်များမှ လာရောက်ကြ သူများ ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ လဆန်းပိုင်းကလည်း ကန်ချနဘူရီမြို့ရှိ တည်းခိုဆောင် တခုတွင် ရောင်းစားခံရပြီး လိင်ဖျော်ဖြေရေး အလုပ်လုပ်နေ သည့် မြန်မာနိုင်ငံမှ မိန်းကလေး ၄၂ ဦးကို ထိုင်း အာဏာပိုင်များက ကယ်တင်ခဲ့သေးသည်။
၂၀၁၂ ခု နှစ်ဆန်းပိုင်းမှ စတင်၍ ယခုလ အတွင်း လူကုန်ကူးခံရသူ လူ ၂၅၀ ခန့်ကို ကယ်တင်နိုင်ခဲ့ကြောင်း MAT အဖွဲ့က ပြော သည်။
ထိုင်းနိုင်ငံအတွင်း မြန်မာပြည်သား အချင်းချင်း ထိုင်း အလုပ်ရှင်များထံသို့ ရောင်းစားမှုများလည်း ရှိကြောင်း သတင်းများ အရ သိရ သည်။
သို့သော် မြန်မာပြည်သားအများစုက ပွဲစားများ အပါအဝင် နည်းလမ်း အမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီး အစစ် အဆေးများကြားမှ နေ့စဉ်ကဲ့သို့ လာရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲ ဖြစ်သည်။
ပြီးခဲ့သည့် မတ်လမှ စတင်၍ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေး ရုံးများကိုလည်း ထိုင်း-မြန်မာနယ်စပ် ကော့ သောင်းမြို့နှင့် တာချီလိတ် မြို့တို့တွင် ဖွင့်လှစ်ထားပြီး တတိယမြောက်ရုံးကို ကရင်ပြည်နယ် မြဝတီ မြို့၌ ယခုနှစ် မကုန်ခင် ဖွင့် လှစ် ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ ၂၀၁၁-၂၀၁၄ လုပ်ငန်းစီမံချက် သဘောတူညီချက်အရ ထိုရုံးများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်း ဝန်းကျင်ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားသည်။