ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲ ပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ယနေ့ ပြန်လည်ဖွဲ့စည်း လိုက်သည်။
အဆိုပါ အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တရားရုံးချုပ် အငြိမ်းစား တရားသူကြီး ဦးခင်မောင်အေး၊ ဒု ဥက္ကဋ္ဌ အဖြစ် ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ ဦးဝံသ၊ အတွင်းရေးမှူး အဖြစ် The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနှင့် ပေါ်ပြူလာဂျာနယ်မှ ဒေါ်နန်းကလျာဝင်းက တွဲဘက်အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
အခမ်းအနား တက်ရောက်ခဲ့သည့် အမှုဆောင် တဦးဖြစ်သူ Yangon Media Group ၏ အမှုဆောင်အရာရှိချုပ် ဦးကိုကိုက “မဲစနစ်နဲ့ ရွေးတာပါ။ အလွှာအသီးသီး၊ ကဏ္ဍအသီးသီးကနေ ရွေးချယ်ထားတာ ဆိုတော့ ကောင်းတယ်လို့ မြင်တယ်။ အများ လက်ခံနိုင်တဲ့ အဖွဲ့တခုဖြစ်မှာပါ” ဟု ဆိုသည်။
စာနယ်ဇင်း ကောင်စီ အနေဖြင့် စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်များ ထိန်းသိမ်းရေး၊ မီဒီယာ သင်တန်းများပေးရေး၊ မီဒီယာ ဥပဒေဆိုင်ရာများကို ဆောင်ရွက်ရေး စသည်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဦးကိုကိုက ပြောသည်
ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်ကလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ပြီး ယခုဖွဲ့စည်းမည့် စာနယ်ဇင်း ကောင်စီ အသစ်သည် လွတ်လပ်စွာဖြင့် စာပေအကျိုးကို သယ်ယူနိုင်မည့် အဖွဲ့အစည်းတခု ဖြစ်လာလိမ့်မည်ဟု ဆိုကြောင်း သိရသည်။
ယခုဖွဲ့စည်းသည့် စာနယ်ဇင်း ကောင်စီသည် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း တာဝန်ယူစဉ်က ဖွဲ့စည်းပေးခဲ့သည့် မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီမှ အဖွဲ့ဝင် များနှင့် တခြားသော လွတ်လပ်သည့် စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ ပေါင်းစပ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူး နေရာများ အတွက် ငြင်းပယ်သူ အများအပြား ရှိခဲ့ပြီး ဒေါက်တာဖေမြင့်၊ ဦးကိုကိုကြီး အစရှိသူတို့ကို တင်သွင်းခဲ့သော်လည်း ငြင်းပယ် ကန့်ကွက်မှုများ ရှိခဲ့ကြောင်း ပြည်တွင်းထုတ် Eleven Media အင်တာနက် သတင်းစာမျက်နှာတွင် ရေးသားထားသည်။
အသစ်ဖွဲ့စည်းသည့် စာနယ်ဇင်းကောင်စီ ပြောခွင့်ရသူ အဖြစ် အထွေထွေအတွင်းရေးမှူး ကိုကျော်မင်းဆွေအား တာဝန်ပေးထား သော်လည်း ဧရာဝတီသတင်းဌာန၏ မေးမြန်းမှု ဖြစ်သောကြောင့် မဖြေဆိုနိုင်ကြောင်း ပြောဆိုခဲ့သည်။