မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၄၀၀ ကျော်ကို မန္တလေးစည်ပင်သာယာက ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဘူဒိုဇာများနှင့် ဝင်ရောက်ထိုးကော် ဖျက်သိမ်းနေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းမြေကွက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၄၄၀ ကျော်ရှိပြီး နေထိုင်သည့် လူဦးရေ တထောင်ကျော် ရှိသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ယင်း မြေကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို ရွှေ့ပြောင်းပေးရန် ထုတ်ပြန် ခဲ့သော်လည်း နေထိုင်သူများက ရွှေ့ပြောင်း မပေးသည့်အတွက် ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် ရဲများနှင့် စည်ပင်သာယာအဖွဲ့တို့ ဦးဆောင်ပြီး ဘူဒိုဇာ ကားများနှင့် ဝင်ရောက် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ရှင်းလင်းနေစဉ်အတွင်း အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ ရောက်လာကာ ဖျက်သိမ်းနေသည့် အိမ်များမှ သစ်သားများ၊ သွပ်များနှင့် မျှောတိုင်များကို အလုအယက် ဝင်ရောက် ယူဆောင်ခြင်းများ ပြုလုပ်လျှက် ရှိသည်။
‘‘ကျနော်တို့က လူတွေ မဝင်ရ ဆိုပြီး ပိတ်ပြီး လုပ်ရင် အပြောခံရမှာစိုးလို့ ဖျက်သိမ်းနေချိန်မှာ ပစ္စည်း လိုချင်တဲ့ လူတွေ ဝင်ရောက် ယူဆောင်တာကို တစုံတရာ ဟန့်တားခြင်း မရှိပါဘူး” ဟု အိမ်ယာများ ဖျက်သိမ်းရေးကို တာဝန်ယူ လုပ်ဆောင်နေသည့် စည်ပင်သာယာ မြေယာစီမံခန့်ခွဲရေး ဌာနမှ ဦးတင်ထွဋ်ကျော်က ဧရာဝတီကို ပြောသည်။
ကျူးကျော်တဲများကို တနေ့တည်းနှင့် နေ့မကူးမီ အပြီး ဖျက်သိမ်းသွားမည် ဖြစ်ပြီး ညပိုင်းတွင် ကွင်းအတွင်း လုံခြုံရေးများ ချထားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ကျူးကျော် နေထိုင်သူများ အနေဖြင့် အိမ်ခြေများကို မဖျက်သိမ်းရသည့် အကြောင်းရင်းမှာ သက်ဆိုင်ရာ အာဏာပိုင်များက ယခုကဲ့သို့ မစာမနာ လုပ်ကိုင်လိမ့်မည်ဟု မထင်သောကြောင့် ဖြစ်ကြောင်း၊ ဖျက်သိမ်း လိုက်သည့် အိမ်များမှ ပစ္စည်းများ ကိုလည်း မည်သည့်နေရာသို့ ပြောင်းရွှေ့ သယ်ဆောင်ရမည်ကို မသိရှိ ရကြောင်း၊ သယ်ဆောင်ရန် အတွက် စားရိတ် မတတ်နိုင်ခြင်းကြောင့် ပစ္စည်းများ မယူတော့ဘဲ လူလွတ် ထွက်လာကြောင်း ယင်းကျူးကျော်တဲတွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။