အစိုးရ၏ လွတ်ငြိမ်းသက်သာမိန့်ဖြင့် ယမန်နေ့က အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားပေါင်း ၅၁၄ ဦးကို ပြန်လွှတ်ပေးလိုက် သော်လည်း နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၇ ဦးသာ ပါဝင်ကြောင်း သတင်းရရှိသည်။
“အခုအထိ လွတ်လာတဲ့ စာရင်းတွေအရ အတည်ပြုလို့ရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၈၇ ဦး ပါတယ်သိရပါ တယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးအံ့ဘွယ်ကျော်က ဧရာဝတီကို ပြောသည်။
မလွတ်သေးသည့် နိုင်ငံရေးအကျဉ်းသား ၄၀၀ နီးပါး ရှိသည့်အနက် ယခုလွတ်မြောက်လာသူများထဲတွင် တောင်ကြီးထောင်မှ ကျောင်းဆရာ ဦးရွှေထူး၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံးမှ တဦးတည်းကျန်နေသည့် ပဲခူးထောင်မှ ကိုဇင်မင်းအောင် (ခေါ်) ကိုကင်းကြီး၊ တောင်ငူ အကျဉ်းထောင်မှ လွတ်မြောက် လာသူ ၂၆ ဦးအပါအဝင် ၈၇ ဦးသည် နိုင်ငံရေးအရ ဖမ်းဆီးထိမ်းသိမ်းခံရသူများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း ၄၄ ထောင်ရှိသည်။
“တချို့ထောင်တွေက လွတ်လူတောင် မရှိဘူး ကြားတယ်။ အများစုက နိုင်ငံခြားသား များတယ်လို့ သိရတယ်” ဟု ဦးအံ့ဘွယ်ကျော်က ဆိုသည်။
ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ယခုကဲ့သို့ အကျဉ်းသားများ လွှတ်ပေးလိုက်ခြင်းသည် အိမ်နီးချင်း နိုင်ငံချင်း ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစေရန်နှင့် နိုင်ငံပြန်လည် တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်နိုင်ရန် ဖြစ်သည်ဟု ဖော်ပြထားသည်။
ယခု လွတ်ငြိမ်းသက်သာခွင့်အရ လွတ်မြောက်လာသူ ၅၁၄ ဦးတွင် အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ် နိုင်ငံများမှ နိုင်ငံခြားသား အကျဉ်းသားများ ပါဝင်ကြောင်း သိရသည်။
လွတ်မြောက်လာသူများတွင် သာယာဝတီထောင်မှ ၃ ဦး၊ ထားဝယ်ထောင်မှ ၁ ဦး၊ တောင်ကြီးထောင်မှ ၁ ဦး၊ ပဲခူးထောင်မှ ၁ ဦး၊ အင်းစိန်ထောင်မှ ဦးခေမာစာရ၊ ဦးနေဝင်း၊ မျိုးမြတ်စိုး၊ အောင်ကိုမင်း၊ အိုက်စံ အပါအဝင် ၈ ဦးတို့ဖြစ်ကြောင်း၊ မန္တလေး အိုးဖိုအကျဉ်းထောင်မှ ပြန်လွတ်မြောက်လာသူများတွင် ကျောက်ဆည် ဘာသာရေး အဓိကရုဏ်းကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသော သံဃာတချို့ ပါဝင်ကြောင်းလည်း သိရသည်။
ယခု လွတ်ငြိမ်းသက်သာမိန့်ဖြင့် အကျဉ်းသားများပြန်လည် လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း၊ သို့သော် ယခုအထိ ကြားရသည့် သတင်းများအရ များစွာကျန်ရှိနေသေးကြောင်း၊ နိုင်ငံရေးအကျဉ်းသား အများစုသည် ဆက်သွယ်ရေး ခက်ခဲသည့် ဝေးလံသောဒေသရှိ အကျဉ်းထောင်များတွင် ရှိပြီး မည်သူမည်ဝါ လွတ်မြောက်လာသည်ကို အတည်ပြုရန် ခက်ခဲကြောင်း၊ ခန့်မှန်းခြေအားဖြင့် နိုင်ငံရေး အကျဉ်းသား ၁၀၀ နီးပါး ရှိမည်ဟု ယူဆကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီးက ပြောသည်။
“လွှတ်ပေးတဲ့အထဲမှာ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ ကိုလကျာ်ထွန်းတို့လို၊ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးတို့နဲ့ ပတ်သက်ပြီး လွတ်လာတာ မကြားရသေးဘူး” ဟု သူက ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အတွင်းရေးမှူး ဦးတိတ်နိုင် ကလည်း ပြန်လည်လွတ်မြောက်လာသူ အနည်းဆုံး ၈၇ ဦး ရှိကြောင်း အတည်ပြုပြောဆိုသည်။
“လူတွေ လွှတ်တာ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်မလွှတ်ခဲ့တဲ့အတွက် ကျနော်တို့မှာ သံသယ ရှိနေဆဲပါပဲ” ဟု သူက ဧရာဝတီကို ပြောသည်။
ရွှေဝါရောင် သံဃာ့အရေးအခင်းအတွင်းက ဖမ်းဆီးခံခဲ့ရပြီး မလွတ်မြောက်သေးသည့် အကျဉ်းသားသံဃာတော် စုစုပေါင်း ၃၀ ကျော် ရှိနေရာ ယမန်နေ့က လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများထဲတွင် မပါဝင်ကြောင်း ရွှေဝါရောင် သံဃာတပါးဖြစ်သည့် ဦးစန္ဒာသီရိက မိန့်သည်။
ဦးအံ့ဘွယ်ကျော်က “တောင်ငူထောင်မှာ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁ ဦး ကျန်သေးတယ်လို့ မနေ့ညက လွတ်မြောက်လာခဲ့တဲ့ သိန်းဝင်း (ခ) ပရာဆပ်က တောင်ငူကနေ ဖုန်းနဲ့ သတင်းပေးခဲ့ပါတယ်” ဟု ဆိုသည်။
ယခုတပတ် နိုင်ငံရေးအကျဉ်းသား တချို့ပါဝင်သော လွတ်ငြိမ်းသက်သာခွင့် အမိန့်ပေးလိုက်ခြင်းသည် လာမည့် သီတင်းပတ်တွင် သမ္မတ ဦးသိန်းစိန်၏ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန်အတွက် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ရန် အချိန်နှင့် တိုက်ဆိုင်နေသည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အာရှဒေသ လက်ထောက် ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆန် (Phil Robertson) က အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းကို မူအားဖြင့် ကြိုဆိုကြောင်း၊ သို့သော် မည်သူသည် နိုင်ငံရေးအကျဉ်းသားဖြစ်သည် ဆိုသည်ကို အစိုးရက အမည်စာရင်း ထုတ်ပြန်ပေးခြင်း ပြုလေ့မရှိသည့်အတွက် ပွင့်လင်းမြင်သာမှု မရှိကြောင်း ထောက်ပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသား ၃၃၀ ကျန်ရှိနေသေးကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီး ၎င်းတို့ လွတ်မြောက်ရေး ကြိုးစားသွားမည်ဟု ဆိုသည်။
ယမန်နှစ် မတ်လက သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ထုတ်ပြန်ခဲ့ရာ ယခုတကြိမ်သည် ၆ ကြိမ်မြောက် ဖြစ်ပြီး စုစုပေါင်း အကျဉ်းသား ၂၉၀၁၈ ဦး လွတ်မြောက်ခဲ့သည်။