အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ ပထမဆုံး လူပရိသတ်ရှေ့ မိန့်ခွန်းပြောကြားရာမှာ အမေရိကန် ပြည်ထောင်စုက မြန်မာပြည် အပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့တာကို လျှော့ချဖို့ ထောက်ခံလိုက်ပြီး နိုင်ငံရေး အကျဉ်းသား တယောက်မကျန် လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
“စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကို လျှော့ချဖို့ ကျမ ထောက်ခံပါတယ်။ အကြောင်းက ကျမတို့ ပြည်သူလူထုဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ တာဝန် စယူသင့်ပြီလို့ ကျမ မြင်လို့ပါ။ ဒီမိုကရေစီရေး မြှင့်တင်ရာမှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ကျမတို့ အားမကိုးသင့်တော့ဘူး။ ကျမတို့ဖာသာ ကျမတို့ အလုပ်ဖြစ်အောင် လုပ်ကြရမယ်” လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတာနဲ့ တပြိုင်တည်းမှာ “တကယ့် အစစ်အမှန် ဒီမိုကရေစီ တည်ဆောက်တာလို့ ရှင်တို့ပြောမယ်ဆို နိုင်ငံရေးအကျဉ်းသား တယောက်တောင် ရှိမနေသင့်တော့ဘူး” လို့လည်း ဆိုပါတယ်။
တနင်္လာနေ့က အစိုးရရဲ့ လွတ်ငြိမ်းသက်သာမိန့်နဲ့ အကျဉ်းထောင် အသီးသီးက အကျဉ်းသားပေါင်း ၅၁၄ ဦးကို ပြန်လွှတ်ပေးပေမယ့် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၇ ဦးသာ ပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ကျန်သေးတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုနေပြီး ဆက်လွှတ်သွားဖို့ မျှော်လင့်နေပါတယ်။ ဦးသိန်းစိန် သမ္မတဖြစ်စမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိခဲ့ပါတယ်။
ဒီလို ပိတ်ဆို့မှုလျှော့ချရေးကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံလိုက်တာဟာ မြန်မာ့ပို့ကုန်တွေ အမေရိကန်အစိုးရက ပြန်ဖွင့်ပေးဖို့ အိုဘားမားအစိုးရက စီစဉ်နေတာကို အားပေးလိုက်သလိုဖြစ်ပြီး ကုလသမဂ္ဂ ညီလာခံလာတက်မယ့် သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ပူးတွဲကြေညာမယ်လို့ ယူဆနိုင်ပါတယ်။
တချိန်တည်းမှာပဲ ဥရောပသမဂ္ဂကလည်း ၁၉၉၀ နှောင်းပိုင်းတွေကစလို့ ပိတ်ပင်လိုက်တဲ့ မြန်မာ့ပို့ကုန်များအတွက် အထူးအခွင့်အရေးတွေကို ပြန်ပေးဖို့ စီစဉ်နေပါတယ်။ အမေရိကန်ကပါ ပြန်ဖွင့်ပေးရင် အထည်ချုပ်၊ ဖိနပ်ချုပ်၊ ပင်လယ်စာနဲ့ တခြား စားသောက်ကုန်တင်ပို့မှု လုပ်ငန်းတွေ အခြေအနေ ပြန်ကောင်းပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများနိုင်တာမို့ ဒီကိစ္စ မြန်မာအစိုးရနဲ့ အတိုက်အခံခေါင်းဆောင်တို့ ပူးပေါင်းဆောင်ရွက်တဲ့ပုံပါပဲ။
နော်ဝေမှာ ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပေးစဉ်က မြန်မာအစိုးရဘက်က မတက်ရောက်ခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံးနိုင်ငံသား ရွှေတံဆိပ်ဆု ဒေါ်အောင်ဆန်းစုကြည်ကို ကပ်ပီတိုဟေးလ် အဆောက်အဦမှာ ပေးအပ်ချီးမြှင့်တဲ့အခါမှာ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း တက်ရောက်ပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းတယောက်လို အမေရိကန်တွေ ကြိုနေစဉ်မှာပဲ ကမ္ဘာ့ခေါင်းဆောင်တွေ စုံညီတက်ရောက်လာမယ့် နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လာတက်ဖို့ရှိတဲ့ သမ္မတ ဦးသိန်းစိန်ကို ပွဲထုတ်ဖို့လည်း အမေရိကန်တွေ ကြိုးစား အစီအစဉ်ဆွဲရတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ချီးကျူးပါတယ်။ ဒါပေမယ့် သတိထားပြောဆိုပါတယ်။
“သူဟာ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဖို့ ဆန္ဒပြင်းပြသူဆိုတာ ကျမ ယုံကြည်ပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေကို အကောင်အထည်ဖော်ရာမှာ ဘယ်လို ဦးစီးဆုံးဖြတ်မယ် ဆိုတာကတော့ ကျမတို့ စောင့်ကြည့်ကြရမှာပါ” လို့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
နှစ်ရှည်လများ နေအိမ်အကျယ်ချုပ်ချထားရာက လွတ်မြောက်လာပြီးနောက်မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးတဲ့ အရပ်သားတပိုင်း နေပြည်တော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေလုပ်ကိုင် ခဲ့ရာမှာ နောက်ဆုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်လာတဲ့အထိ နိုင်ငံရေးလမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခဲ့ပါတယ်။ ဒီကိစ္စကိုလည်း အခုလို ထည့်ပြောပါတယ်။
“အလုပ်အတူတူတွဲလုပ်ဖို့ ကျမတို့ စပြီး သင်ကြားနေကြတယ်။ ဆွေးနွေးညှိနှိုင်းမှု၊ အပေးအယူ၊ ဘုံသဘောတူညီချက်ကို ရယူမှုစတဲ့ နိုင်ငံရေး အတတ်ပညာတွေကို သင်ကြားနေကြပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အပြင် “ဒါဟာ ဥပဒေပြုလုပ်ငန်းရဲ့ အစကနဦးပါ။ မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှုတခုလုံးကိုလည်း ဒီဟာက ပြန့်နှံ့လွှမ်းခြုံသွားမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ အကြောင်းက မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှုမှာ ဆွေးနွေးညှိနှိုင်းတတ်တာ သိပ်အားနည်းလို့ပါ” လို့ပါ ပြောပါတယ်။
မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အခက်အခဲတွေ ကြီးကြီးမားမား ကြုံရမယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။ အထူးသဖြင့် အမေရိကန်တွေ မြန်မာ့စီးပွားရေးကို အာရုံစိုက်နေလို့ မပြီးဘဲ နှစ်ဘက်အကျိုးစီးပွားကို ရေရှည်အာမခံမယ့် တရားဥပဒေ စိုးမိုးရေးကိုလည်း သတိမပြတ်ကြဖို့ကို ပြောသွားပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဦးသိန်းစိန်အစိုးရကို ကူညီရုံမက ဥပဒေပြုရေးနဲ့ တရားရေးမဏ္ဍိုင်များ အားကောင်းလာရေးကိုလည်း မမေ့လျော့ဖို့ တိုက်တွန်းသွားပါတယ်။
တရားဥပဒေစိုးမိုးရေးဟာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို လျော့ပါးသွားစေနိုင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရကို ကူညီသွားဖို့ ဆန္ဒရှိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရိုဟင်ဂျာ မွတ်စလင်များ အရေး နှုတ်ဆိတ်လွန်းအား ကြီးတယ်လို့ ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသားဆိုင်ရာ ဥပဒေများဟာ လူ့အခွင့်အရေးစံနှုန်းများနဲ့ ချိန်ထိုးစဉ်းစားသင့်တယ်လို့ နှိုးဆော်သွားပါသေးတယ်။
ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာ တနှစ်ခွဲရှိလာပေမယ့် ဖြစ်ထွန်းမှုတွေ အချိန်ဇယား မရှိဘဲ ရှေ့ဆက်သွားဖို့ မလွယ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုသွားခဲ့ပါတယ်။ “နိုင်ငံရေး သဘောတူညီချက်ကို ကျမတို့ ပြောတဲ့အခါ အချိန်ဇယား လိုပါတယ်။ ဘယ်အချိန် ဘယ်နေရာရောက်မလဲ ကျမတို့ သိရပါမယ်။ ဒါမရှိဘဲ ရရှိပြီး အမှတ်တွေကို မကျော်သွားနိုင်ဘူး” တဲ့။