ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နယ်အတွင်းရှိ ဟိုတယ်များနှင့် ဒါကာ နိုင်ငံတကာလေဆိပ်၌ ပတ်စ်ပို့ အတုနှင့် မှတ်ပုံတင်ကတ် အတု ကိုင်ဆောင်သူများကို အာဏာပိုင်များက ဖမ်းဆီးရမိမှုတွင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီများ ပါဝင်နေကြောင်း သိရသည်။
ယခုလ ၁၇ ရက်နေ့က ဒါကာမြို့ ဖိုကီယာပူလ် ဟိုတယ်တွင် တည်းခိုနေထိုင်သူ Mohammad Sanaullah၂၅ နှစ်၊ Abdul Hamid ၂၀ နှစ်၊ Harunur Rashid ၁၈ နှစ်၊ Nur Mohammad ၁၈ နှစ်၊ Deen Mohammad ၂၀ နှစ်၊ Yusub Ali ၁၈ နှစ်၊ Md Kashem ၁၈ နှစ်နှင့် Hamidul Islam ၄၀ နှစ်တို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပတ်စ်ပို့(နိုင်ငံကူး လက်မှတ်)အတု ၊ မှတ်ပုံတင်ကတ် အတုများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဒါကာ ရဲဌာန သတင်း ပြန်ကြားရေးအဖွဲ့မှ MR, Gazi Rabiul Islam က ပြောသည်။
“သူတို့နေတဲ့ အခန်းကို မသင်္ကာလို့ ဝင်စစ်တော့ ပတ်စ်ပို့ အတုတွေ၊ မှတ်ပုံတင် အတုတွေ ရတယ်။ သေသေချာချာ စစ်ဆေးကြည့်တော့ မြန်မာနိုင်ငံ ဘက်က လာတယ်လို့ သိရတယ်။ ဘယ်အတွက် ဘယ်နိုင်ငံကိုသွားမယ်ဆိုတာနဲ့ သူတို့ရဲ့ နေရပ်လိပ်စာ အတိ အကျ ရအောင် ကျနော်တို့ စစ်ဆေးနေဆဲပါ”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထိုအပြင် ပြီးခဲ့သည့် ၁၁ ရက်နေ့ကလည်း ဆော်ဒီ အာရေဘီယာနိုင်ငံကို သွားမည့် လေယဉ်လက်မှတ်နှင့် ပတ်စ်ပို့ အတု ကိုင် ဆောင်ထားသူ ၆ ဦးကို လည်းကောင်း၊ ၇ ရက်နေ့တွင် ပတ်စ်ပို့အတု ကိုင်ဆောင်ထားသူ ၁၈ ဦးကိုလည်းကောင်း ဒါကာ နိုင်ငံ တကာ လေဆိပ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ဒါကာမြို့ထုတ် သတင်းစားများတွင် ဖော်ပြခဲ့သည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံသား မှတ်ပုံတင်များ ထုတ်ပေးရန်အတွက် နယ်မြေခံအာဏာပိုင်များ၏ ထောက်ခံချက်များ လိုအပ်ပြီး ယင်း နိုင်ငံသား မှတ်ပုံတင် ရှိသူမှသာ ပတ်စ်ပို့ လျှောက်ပိုင်ခွင့် ရှိသည်။
ဖမ်းဆီးရမိသူများ၏ ပတ်စ်ပို့နှင့်မှတ်ပုံတင်များတွင် စစ်တကောင်း လိပ်စာများကို အများဆုံးတွေ့ရကြောင်း၊ သို့သော် အာဏာပိုင်များ ၏ အဂတိလိုက်စားမှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ ဘင်္ဂါလီများသည် မှတ်ပုံတင်နှင့် ပတ်စ်ပို့များကို အလွယ်တကူ ရရှိနေကြောင်း ဒါကာမှ အမည်မဖော်လိုသူ သတင်းထောက် တဦးက ပြောသည်။
ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပတ်စ်ပို့ အတု ကိုင်ဆောင်၍ နိုင်ငံခြားသွားနေသည့် ဘင်္ဂါလီများ ယခင်ကရှိသော်လည်း မြန်မာ နိုင်ငံ ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများ ဖြစ်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေး ပိုမိုတင်းကျပ်လာသည့် အတွက် ဆက်တိုက် ဖမ်းမိနေခြင်းဖြစ်ကြောင်း တာ့ခ်နာမြို့က ထောက်လှမ်းရေး တဦးက ပြောဆိုသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီများသည် တရားဝင် နိုင်ငံသားမဟုတ်သည့် ယာယီနိုင်ငံသားကတ် ကိုင်ဆောင်၍ နိုင်ငံ တကာသို့ သွားရန် ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ ထိုမှတဆင့် နိုင်ငံတကာသို့ တရားမဝင် လမ်းကြောင်းများက သွားလာနိုင်ကြကြောင်း၊ အိန္ဒိယ အာဏာပိုင်များက တရားမဝင် နယ်စပ်ဖြတ်ကျော်သူများကို ပစ်ခတ်ဖမ်းဆီးခွင့် ပေး လိုက်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့များကိုင်ဆောင်၍ လေကြောင်းဖြင့် နိုင်ငံတကာသို့ ထွက်ရန် ကြိုးစားခဲ့ကြကြောင်း၊ ပင် လယ်ပြင် လမ်းကြောင်းများကို အသုံးပြုမှုများလည်း ရှိကြောင်း သိရသည်။