ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ပထမဆုံးအကြိမ် ပါတီညီလာခံကို အောက်တိုဘာလ ၁၁ ရက်တွင် နေပြည်တော်ရှိ ဗဟိုဌာနချုပ်ရုံး၌ ကျင်းပမည်ဟု သိရသည်။

အဆိုပါ ပါတီညီလာခံကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ် ကြံ့ခိုင်ရေးပါတီ ဒု ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ဦးဆောင်ကာ ကျင်းပမည်ဖြစ်ကြောင်း ပါတီဝင် ဦးအောင်သိန်းလင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ညီလာခံကျင်းပဖို့ ကော်မရှင်တွေဖွဲ့၊ ပါတီကော်မတီတွေ ဖွဲ့ပါတယ်။ မြို့နယ်က ပါတီဝင်လူထုတွေက ကိုယ်စားလှယ်ကို ရွေးချယ်တာပါ။ ပါတီအဖွဲ့ဝင်တွေ ဆန္ဒပြတာတွေ၊ နားလည်မှုလွဲတာတွေ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ညီလာခံတက်ရောက်ရန် မြို့နယ် ကိုယ်စားလှယ်များ၊ တိုင်းကိုယ်စားလှယ်များအား စက်တင်ဘာလ ၂၃ ရက်နေ့ တိုင်းဒေသကြီးလွှတ်တော် မတိုင်မီ အပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ထို့သို့ ရွေးချယ်ပြီး ရရှိလာသည့် ကိုယ်စားလှယ်များနှင့် ဗဟိုဌာနချုပ်ရုံးတွင် ညီလာခံကျင်းပသွားမည်ဟု သိရသည်။
ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပါတီမှ ဗဟိုအလုပ်မှုဆောင် ဗဟိုကော်မတီများ၊ ဥက္ကဋ္ဌများကို ပြန်လည်ရွေးချယ်ကာ ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းရန်ဖြစ်ကြောင်း သိရှိရသည်။
ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ယင်းနောက် ထိုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိခဲ့သော ကြံ့ခိုင်ရေးပါတီအနေဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိမည်ဟု မူလက မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ် ၄၅ နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
NLD ပါတီသည်လည်း ညီလာခံခေါ်ယူနိုင်ရန် ပြည်နယ်နှင့် တိုင်းအလိုက် ကိုယ်စားလှယ်ရွေးချယ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။