ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်တဲ့ မယ်တော်ဆေးခန်းက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ကျန်းမာရေး ဝန်ဆောင်ပေးမှုတွေ ဆက်လက်ကူညီပေးဖို့ လိုအပ်နေသေးတာကြောင့် မြန်မာပြည်တွင်းထဲ ပြန်ဝင်ဦးမှာ မဟုတ်သေးဘူးလို့ ပြောဆိုလိုက်ပါတယ်။
မယ်တော်ဆေးခန်းက သြဂုတ်လမှာ ယခု သမ္မတရုံး ဝန်ကြီးဖြစ်လာတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းနဲ့ အလွတ်သဘော တွေ့ဆုံမှုတွေ ရှိခဲ့ပြီးနောက် ဆေးခန်းက မကြာခင် မြန်မာပြည်ထဲ ပြန်ဝင်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အခုလိုပြောဆိုတာ ဖြစ်ပါတယ်။
“မယ်တော်ဆေးခန်းက မြန်မာပြည်ထဲကို ပြန်မဝင်သေးဘူးဆိုတာ လူတိုင်းကို သိစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေ၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေက ပြည်သူတွေအတွက် အစိုးရဆီက လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုရဖို့က အလှမ်းဝေးနေဆဲ ဖြစ်နေတာကြောင့် ကျမတို့ ဝန်ဆောင်မှုတွေဟာ နယ်စပ်တလျှောက်မှာ အများအပြား လိုအပ်နေဆဲပါ” လို့ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။
မြန်မာပြည်ထဲ မယ်တော်ဆေးခန်း ပြန်ဝင်၊ မဝင်နဲ့ပတ်သက်လို့ ပြောဆိုနေတာတွေ ရှိနေတာကြောင့် ဆေးခန်းတာဝန်ရှိသူတွေက နေပြည်တော်အစိုးရ ကိုယ်စားလှယ်တွေနဲ့ မကြာသေးခင်က တွေ့ဆုံမှုများအကြောင်း အကျဉ်းချုပ် အစီရင်ခံစာတစောင် အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒေါက်တာ စင်သီယာမောင်က အခုလောလောဆယ်မှာ National Endowment for Democracy (NED) အဖွဲ့က ပေးအပ်ထားတဲ့ ဒီမိုကရေစီဆု လက်ခံယူဖို့ အမေရိကန် ပြည်ထောင်စုကို ၆ ရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။ ၂၀၁၂ ခုနှစ် ဒီမိုကရေစီဆုကို မြန်မာနိုင်ငံက လှုပ်ရှားတက်ကြွသူ ၅ ဦး ရရှိတာဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ဆုလက်ခံရယူမှာ ဖြစ်ပါတယ်။
မယ်တော်ဆေးခန်း တာဝန်ရှိသူတွေဟာ ဦးအောင်မင်းနဲ့ အဖွဲ့ကို ဇွန်လနဲ့ သြဂုတ်လတွေမှာ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကိစ္စ၊ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ နိုင်ငံမဲ့ မြန်မာကလေးများ အရေးနဲ့ မယ်တော်ဆေးခန်း ကျွမ်းကျင်ဝန်ထမ်းတွေကို ပြည်တွင်းမှာ ပြန်ဝင်တဲ့အခါ လွတ်လပ်စွာနဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံစဉ်အတွင်း အဓိထား ဆွေးနွေးခဲ့တဲ့ အချက် ၃ ချက်ကို အကျဉ်းချုပ် အစီရင်ခံစာထဲမှာ အလေးထား ဖော်ပြထားပါတယ်။ မယ်တော်ဆေးခန်း၊ မြဝတီဆေးရုံနဲ့ မဲဆောက်ဆေးရုံတို့ လူနာလွှဲပြောင်းရေး အစီအစဉ် အပါအဝင် နှစ်နိုင်ငံ နယ်စပ်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း၊ နိုင်ငံမဲ့ မြန်မာကလေးငယ်များအား နိုင်ငံသား အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးရေးကိစ္စနဲ့ ကျွမ်းကျင်ဝန်ထမ်းများအား အသိအမှတ်ပြုရေးကိစ္စတို့ ပါဝင်ပါတယ်။
ဝန်ကြီး ဦးအောင်မင်းက ဒေါက်တာ စင်သီယာဆီ လာရောက်တာဟာ ဆရာမရဲ့ ကျန်းမာရေး အကူညီပေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ပြောဆိုသွားပေမယ့် သြဂုတ်လ ဒုတိယအကြိမ် အစည်းအဝေးပြီး နောက်ပိုင်းကနေ ယခုချိန်အထိတော့ ဆက်သွယ်ဆွေးနွေးမှု မရှိသေးဘူးလို့ မယ်တော်ဆေးခန်းက လုပ်အားပေး တာဝန်ခံ ဆရာမ အဲသဝါးက ဧရာဝတီကို ပြောပါတယ်။
“နောက်ထပ် ပူးပေါင်းဆောင်ရွက် မှုတွေအတွက် ဘယ်သူနဲ့ ဆက်သွယ်ရမယ်ဆိုတာကအစ ကျမတို့ ဘာမှ မသိဘူး။ နောက်ပြီးတော့ သူတို့စလာကတည်းက သူတို့တွေ့မယ်ဆိုတာကလည်း တခါမှ ကြိုမပြောဘူး။ ရောက်တယ်ဆိုမှ ဖုန်းဆက်ပြီး နောက်မနက်တွေ့မယ်၊ အဲလိုပဲ ဆက်သွယ်လာတယ်။ သူတို့မလာခင်က တွေ့ဖို့အစီအစဉ်ရှိလား မရှိလားတော့ ကျမတို့မသိဘူး။ ရှိရင်တော့ ကြိုအကြောင်း ကြားတာမျိုး လုပ်သင့်တယ်” လို့ သူက ပြောပါတယ်။
အစိုးရက မယ်တော်ဆေးခန်းရဲ့ လူမှုရေးကူညီပေးမှု လုပ်ငန်းတွေအပေါ် စိတ်ဝင်စားမှုရှိတာကို ဆေးခန်းတာဝန်ရှိသူတွေက ကြိုဆိုပေမယ့်လည်း နောက်ထပ် အစည်းအဝေးတွေကို တရားဝင်ဖြစ်စေချင်ပါတယ်။ ဒါမှသာ နှစ်ပေါင်းများစွာ ကြာဖြစ်နေတဲ့ ပြဿနာတွေ၊ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဆယ်စုနှစ်များစွာ အခက်အခဲကြုံနေရတဲ့ တိုင်းရင်းသားဒေသတွေက ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေအတွက် အဖြေရှာ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ် အစည်းအဝေးတွေ လုပ်မယ်ဆိုရင် တရားဝင်အစည်းဝေးဖြစ်ဖို့ အစိုးရအနေနဲ့ လိုက်နာသင့်တဲ့အချက်တွေကို မယ်တော်ဆေးခန်းရဲ့အစီရင်ခံစာက တောင်းဆိုထားပါတယ်။ အဲဒီအချက်တွေကတော့ အစည်းအဝေး မပြုလုပ်ခင် နှစ်ဖက်သဘောတူညီတဲ့ အစီအစဉ် ချမှတ်ရန်၊ အစည်းအဝေးကို မဲဆောက်မြို့ တနေရာရာတွင် ပြုလုပ်ရန်၊ သတင်းမီဒီယာထံ မထုတ်ပြန်ခင် မယ်တော်ဆေးခန်း တာဝန်ရှိသူများထံမှ သဘောဆန္ဒယူရန်နှင့် ဒေသတွင်း လိုအပ်ချက်များကို ဖြေရှင်းနိုင်မည့် လူပုဂ္ဂိုလ် ကိုယ်စားလှယ်များသာ အစည်းဝေး တက်ရောက်ရန်တို့ ဖြစ်ပါတယ်။
“မကြာသေးခင်က အစည်းအဝေးတွေမှာ အစိုးရဘက်က လာတက်တဲ့ ကိုယ်စားလှယ်တွေက အခုအဓိက ဖြစ်နေတဲ့ အကြောင်းအရာတွေပေါ် ဖြေရှင်းအဖြေရှာနိုင်တဲ့ အတွေ့အကြုံ ဗဟုသုတ မရှိတာကို တွေ့ရတယ်။ အစိုးရက ကျမတို့နဲ့ ထပ်ပြီးတော့ လာရောက်ဆွေးနွေးမယ်ဆိုရင် လူမှန်၊ ကိုယ်စားလှယ်မှန် ခေါ်လာဖို့ မျှော်လင့်တယ်။ ဒါမှသာ ကျမတို့ ဆွေးနွေးအဖြေရှာမှုတွေဟာ နယ်စပ်တလျှောက်နဲ့ မြန်မာပြည်တွင်းက ကျန်းမာရေးဝန်ဆောင်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ရှင်းလင်းတိကျတဲ့အဖြေ ထွက်လာနိုင်မှာ ဖြစ်တယ်” လို့ ဒေါက်တာ စင်သီယာက ပြောပါတယ်။
မယ်တော်ဆေးခန်းဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပြင် မြန်မာဘက်ခြမ်း နယ်စပ်တလျှောက်မှ လာရောက်ဆေးကုသမှု ခံယူသူများကို ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ ဆေးခန်းဖြစ်ပါတယ်။ မြန်မာပြည်အရှေ့ခြမ်း နယ်စပ်တလျှောက် တိုင်းရင်းသားဒေသများမှ လာရောက်ကုသမှု ခံယူသူဦးရေဟာ စုစုပေါင်း ဝန်ဆောင်မှုရဲ့ ထက်ဝက်ခန့်ရှိပါတယ်။
ယခုနှစ် ဇွန်လက ရန်ပုံငွေထောက်ပံ့ကြေး အခက်အခဲ ကြုံတွေ့နေရကြောင်း ကြေညာထားခဲ့သော်လည်း ယခုလက်ရှိ မယ်တော်ဆေးခန်းရဲ့ ကုသမှု ဝန်ဆောင်ရေး လုပ်ငန်းများမှာ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း ဆရာမ အဲသဝါးက ပြောပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ရှိ NED အဖွဲ့ စက်တင်ဘာ ၁၉ ရက်နေ့ ဆွေးနွေးပွဲမှာလည်း နိုင်ငံတကာအနေနဲ့ နယ်စပ်ဒေသက ဒုက္ခသည်တွေအတွက်နဲ့ အကူညီလိုအပ်သူများအရေး လုပ်ဆောင်နေတဲ့ လူထုအခြေပြု အဖွဲ့တွေအတွက် အထောက်အပံ့တွေ ဆက်လက်ကူညီပေးဖို့ လိုအပ်တဲ့အကြောင်း ဒေါက်တာ စင်သီယာက ပြောဆိုသွားပါတယ်။