“ဝ”ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) တပ်က နယ်မြေ ကျူးကျော်မှုဖြင့် ဖမ်းဆီးထားသော ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင် ၂၀ ခန့်ကို မကြာသေးခင် ရက်ပိုင်းက ပြန်လွှတ်ပေးလိုက်သည်။
ပြီးခဲ့သည့် တပတ် တနင်္ဂနွေနေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် UWSA ထိန်းချုပ် ဒေသ အမှတ် ၇၇၅ တပ်ရင်း၌ နှစ် ဘက် တပ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး နောက်တနေ့တွင် ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း ပြော ရေးဆို ခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ လွတ်မြောက်လာရေး အတွက် SSA တောင်ပိုင်းမှ အဆင့်မြင့် အရာရှိ ၃ ဦးတို့က ဦးဆောင် ၍ UWSA ဘက်မှ တာဝန်ရှိသူများကို သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပြဿနာ ဖြစ်ပြီးတဲ့နောက်ပိုင်း ကျနော်တို့ အပြန်အလှန် အဆက်အသွယ် ပြုလုပ်တာတွေ ရှိတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြီးပြတ် အောင် ဆိုပြီးတော့ ကျနော်တို့ဘက်က ကိုယ်စားလှယ်တွေ သူတို့ဆီမှာ သွားရောက် ဆွေးနွေးပါတယ်”ဟု ဗိုလ်မှူး စိုင်းလောင် ဆိုင်း က ဆက်ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့က မိုင်းတုံမြို့နယ် UWSA ထိန်းချုပ်ရာ နယ်မြေ အတွင်း ဝင်ရောက်ကျူးကျော်မှုဖြင့် SSA တောင်ပိုင်း တပ်ဖွဲ့ ဝင်များကို UWSA တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသူများထဲတွင် SSA တောင်ပိုင်းမှ အရာရှိ ၂ ဦး ပါဝင်ပြီး အားလုံးကို UWSA တပ်ဖွဲ့ဝင်များက အကျယ်ချုပ် သဘော ဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။
နယ်မြေ ကျူးကျော်မှုများ ထပ်မံ မဖြစ်ပွားရန် အတွက် နှစ်ဘက်တပ်များ နားလည်မှုယူ၍ သွားလာလှုပ်ရှားရေး စသည့် နယ်မြေ ပြဿနာများကို ဆက်လက် တွေ့ဆုံ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ရှင်းပြသည်။
“နယ်မြေ ပြဿနာနဲ့ ဒီနယ်မြေ အတွင်းထဲမှာ ရှိနေတဲ့ ကျနော်တို့ လုပ်ဆောင်ချင်တဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ ပတ်သက်ပြီး တော့ အစားထိုး သီးနှံတွေကို သူတို့နဲ့ တွဲပြီးတော့ လုပ်နိုင်ရင် ကောင်းမလားလို့၊ သူတို့ကလည်း အဲဒီလို တင်ပြတာတွေလည်း ရှိပါ တယ်”ဟု ၎င်းက ဆိုသည်။
ယခုနှစ် ဇွန်လလယ်ပိုင်းကလည်း UWSA ထိန်းချုပ်ရာ ဒေသအတွင်း SSA တောင်ပိုင်း တပ်ဖွဲ့များ ကျူးကျော်ဝင်ရောက် လာသည် ဟု ဆိုကာ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အတွင်းရှိ SSA တောင်ပိုင်း လွယ်ကော်ဝမ်း တပ်စခန်းကို UWSA တပ်ဖွဲ့ဝင် များက သွားရောက် ဝိုင်းထားသောကြောင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားခဲ့သေးသည်။
UWSA တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ရယူခဲ့သည်။
အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေတွင် UWSA ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်းပြဋ္ဌာန်းထာပြီး အထူးဒေသ အမှတ် (၂)အဖြစ် သတ်မှတ်ပေးသော ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် UWSA တပ်ဖွဲ့များ လှုပ်ရှားနေသည်။
ယင်း အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ဖော်ပြထားသည်။
ပြီးခဲ့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့ တွင် အစိုးရ ကိုယ်စားလှယ် ဟောင်း ဦးအောင်သောင်းနှင့် တွေ့ ဆုံ ခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။ UWSA သည် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များ အနက် အင်အား အတောင့်တင်းဆုံး ဖြစ်သည်။