ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်းမှ တိုင်းရင်းသား ကျေးရွာ ၁၀၀ ကျော်တွင် ဆန် ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဆန် ရှားပါးပြတ်လပ်နေသည့် ကျေးရွာများသည် ဘူးသီးတောင်မြို့နယ်အတွင်းမှ ကျေးရွာ ၁၅၀ ဝန်းကျင်နှင့်မောင်တော ဒေ သ ၌ ကျေးရွာ ၁၀ ရွာ ကျော်တို့ဖြစ်သည်။ ဆန်နှင့်စားသောက်ကုန် ပြတ်လပ်ရှားပါးမှုသည် မကြာသေးခင်က ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများနောက်ပိုင်းတွင် ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
မောင်တောမြို့နယ်အတွင်း ကျေးရွာများ၌ ရခိုင်တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားနှင့် ရခိုင်မျိုးနွယ်စုများဖြစ်သော မြို၊ ခမီး၊ သက် စသည့် လူမျိုးများနေထိုင်ကြပြီး ဘူးသီးတောင်မြို့နယ်မှ ကျေးရွာများတွင် ရခိုင်နှင့်မြို၊ ခမီး၊ ဒိုင်းနက်၊ သက် စသည့် တိုင်းရင်းသားများ နေထိုင်ကြသည်။ ၎င်း ကျေးရွာများသည် ပဋိပက္ခကာလ အတွင်း မီးရှှို့ဖျက်ဆီး ခံရသော ကျေးရွာများ မဟုတ်ပေ။
အစိုးရ အာဏာပိုင်များ၊ NGO အဖွဲ့အစည်းများကလည်း မောင်တောမြို့နယ်အတွင်းမှ မီးလောင်ကျွမ်းသွားသည့် ကျေးရွာ ၁၀ ရွာ ကျော်နှင့်တချို့တဝက် မီးလောင်သွားသည့် ကျေးရွာများအတွက်သာ လာရောက်မှုရှိကြောင်း သိရသည်။
ဘူးသီးတောင်ဒေသမှ ကျေးရွာများသည် မြို့နှင့်ဝေးလံသည့် ဒေသများဖြစ်သည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လုံခြုံရေး စိတ်မချ၍ ကျေးရွာ တရွာမှ တရွာသို့ သွားရောက်ရန် စိုးရိမ်မှုများ ကြီးထွားနေသည့် အတွက် စားဝတ်နေရေး ခက်ခဲခြင်း တို့နှင့် ကြုံတွေ့နေရကြောင်း ဘူးသီးတောင် ဒေသခံ ဦးထွန်းအောင်သိန်း က ဧရာဝတီကို ပြောသည်။
ဘူးသီးတောင်နှင့်ကျောက်တော်မြို့နယ်တို့၌ သတ်ဖြတ်မှု၊ လုယက်မှု၊ ဓားခုတ်မှု တို့ကို ပြီးခဲ့သည့် သီတင်းပတ်များတွင် ဖြစ်ပွား ခဲ့သကဲ့သို့ မောင်တောမြို့နယ်မှ လယ်သမားတဦးသည်လည်း လယ်တဲ၌ ရှိစဉ် ဓားခုတ်ခံရ၍ ဆေးရုံ၌ ဆေးကုသမှု ခံယူနေ ဆဲ ဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက်မှုများကြောင့် ဒေသခံ တိုင်းရင်းသားများအနေဖြင့် စိုးရိမ်မှုများ ရှိနေဆဲဟု ဆိုကြသည်။
ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တောင်တန်း ဒေသနှင့်တောင်ပေါ်ဒေသတွင် နေထိုင်သော ခမီး၊ ဒိုင်းနက်၊ မြို၊ သက် လူမျိုးများသည် တောင်ယာလုပ်ငန်းနှင့်တောတောင်ထွက် ပစ္စည်းများကို မြေပြန့်ဒေသ၌ နေထိုင်သည့် ဘင်္ဂါလီလူမျိုးများထံ ရောင်းချလေ့ ရှိကြောင်း၊ ယခုအခါ ဘင်္ဂါလီများက ဝယ်ယူသုံးစွဲခြင်း မရှိတော့ကြောင်း သိရသည်။
“တောင်ပေါ် တိုင်းရင်းသားတွေဟာ တောထဲက အသီးအနှံတွေ၊ မျှစ်တွေ ရောင်းချပြီး အသက်မွေးနေကြသူတွေပါ၊ ရခိုင်ဒေသ တွင်း ဖြစ်ခဲ့တဲ့ ပြဿနာတွေအပြီးမှာ သူတို့ရောင်းချတာကို လူများစုဖြစ်တဲ့ ဘင်္ဂါလီတွေက လုံး၀ မဝယ်ကြတော့ဘူး”ဟု
ဦးထွန်းအောင်သိန်း က ပြောသည်။
တောင်ပေါ်တိုင်းရင်းသားများသည် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာတို့ကို ကိုးကွယ်ပြီး တချို့သည် နတ်ကိုးကွယ်သူများဖြစ် ကာ အခြေခံ လက်လုပ်လက်စား ဘဝဖြင့် အသက်မွေးကြသူများဟု သိရသည်။ ထိုဒေသများသည် လမ်းပန်းဆက် သွယ်ရေး အခက် အခဲကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့ နိမ့်ပါးသော ကျေးလက်ဒေသ ဖြစ်သည်။
မောင်တောမြို့နယ် မြောက်ဖျားပိုင်းဒေသရှိ ဆန်ရှားပါးနေသည့် တိုင်းရင်းသား ကျေးရွာ ၁၀ ရွာကျော်အတွက် ရခိုင်လူမှုရေး အဖွဲ့ အစည်းများ၊ ရခိုင်ပါတီ တို့က သွားရောက်လှူဒါန်းမှု တချို့ရှိကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကလည်း ယခုရက်ပိုင်း အတွင်းထပ်မံ သွားရောက် လှူဒါန်းရန် ဆန်အိတ်များ စုဆောင်းနေကြောင်း ပါတီ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ဧရာဝတီ ကို ပြောသည်။
မောင်တော မြောက်ဖျားပိုင်းတွင် နေထိုင်သော ခမီး၊ မြို၊ ဒိုင်းနက် လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိက လုပ် ကိုင်ကြောင်း၊ ထိုတိုင်းရင်းသား ကျေးရွာများတွင် အိမ်ခြေ ဆယ်ဂဏန်းမှ အများဆုံး ၁၀၀ ဝန်းကျင်သာ ရှိကြောင်း၊ ၎င်း တို့နှင့် ဆက်စပ်နေသည့် ဘင်္ဂါလီကျေးရွာများ တွင်မူ အိမ်ခြေ ၅၀၀ မှ ၂၀၀၀ ကျော်အထိ ရှိကြောင်း သိရသည်။
“အဲဒီတိုင်းရင်းသားကျေးရွာတွေက အိမ်ခြေ ၃၀၊ ၅၀၊ အများဆုံး ၁၀၀ လောက်ပဲရှိတယ်၊ ရွာတွေ အတွက်တော့ လုံခြုံရေး ရှိ တယ်၊ အများစုက တောတောင်ထဲတွေ လယ်ကွင်းထဲကို မသွားရဲကြ၊ အလုပ် မလုပ်ရဲကြဖြစ်နေကြတုန်းပါ၊ တဘက်နဲ့တဘက် ယုံကြည်မှု မရှိ ကြသေးဘူး”ဟု ဦးခိုင်ပြည်စိုး က ပြောသည်။ ထိုဒေသတည်ငြိမ်ရေးနှင့်ဒေသခံများ မူလအခြေအနေပြန်ရောက် ရန် အချိန်ကာလတခု ကြာမြင့်ဦးမည်ဟုလည်း ၎င်းက ဆို သည်။
ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တောင်တန်းဒေသနှင့် မြေပြန့်ဒေသရှိ ကျေးရွာ ၁၅၀ ကျော်တွင် အိမ်ခြေ ၂၀ ဝန်းကျင်မှ ၂၀၀ ဝန်းကျင်ရှိကြောင်း၊ လူအများစုသည် တောင်ယာလုပ်ငန်း လုပ်ကိုင်ကြကြောင်း သိရသည်။