တောင်ကုတ်နှင့် မာန်အောင်မြို့နယ်က လယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ငွေဖြတ်ယူမှုများ ရှိနေသဖြင့် မကျေနပ်သူများ၏ တိုင်ကြားမှု များပြားလာကြောင်း သတင်းရရှိသည်။
လယ်သမားများအရေး ဆောင်ရွက်ပေးနေသူ တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးချစ်မောင်က “ကျနော်တို့ တောင်ကုတ်မြို့နယ်မှာ စိုက်ပျိုးစရိတ် ချေးတဲ့အခါမှာ ငွေဖြတ်ယူတာတွေ ရှိတော့ မကျေနပ်လို့ ဒီရက်ပိုင်းအတွင်း အုပ်စု သုံးခုက လာတိုင်တာတွေ ရှိတယ်။ တိုင်တဲ့ လယ်သမားတွေကတော့ အဓိက စိုက်ပျိုးစရိတ် ချေးငွေရဖို့အတွက် ပိုက်ဆံပေးရမယ်ဆိုပြီး တောင်းယူတဲ့ အမှုတွေပါ” ဟု ဦးစိုးချစ်မောင်က ပြောသည်။
လာရောက် တိုင်ကြားသော လယ်သမားများမှာ တောင်ကုတ်မြို့နယ်မှ မိုး အုပ်စု၊ မောင်း အုပ်စုနှင့် ကျောက်မောင်မှ မ အုပ်စုတို့ ဖြစ်ပြီး တိုင်ကြားရခြင်း အကြောင်းရင်းမှာ လယ်သမားများကို အစိုးရက ထုတ်ပေးသည့် ချေးငွေဖြတ်သည့် အတွက်ကြောင့် ဖြစ်ကြောင်း မိုး ကျေးရွာအုပ်စုမှ လယ်သမားတစ်ဦးက ရှင်းပြသည်။
“ကျနော်တို့ မိုး ကျေးရွာအုပ်စုမှာ ဘဏ်ကော်မတီ ဥက္ကဋ္ဌ ဦးဘဝင်းနဲ့ အတွင်းရေးမှူး ဦးဝင်းမောင်က ဘဏ်က ငွေထုတ် ချေးမယ်ဆိုပြီး ဒီနှစ်မှ ချေးမယ့်သူဆိုရင် ၃၅၀၀ ကျပ်၊ အယင်နှစ်တွေက ချေးဖူးတဲ့ လယ်သမားဆိုရင် ၁၅၀၀ ကျပ် ကြိုတင်ပြီး တောင်းယူပါတယ်။ အဲဒါအပြင် ချေးငွေ ထုတ်ချေးပေးပြီးတဲ့ အခါမှာလည်း လယ်ဧက အနည်းအများအပေါ် မူတည်ပြီး ၇၀၀၀
ကနေ ၁၀၀၀၀ အထိ ဖြတ်ယူပါတယ်။ အဲဒါကို မကျေနပ်လို့ လာတိုင်ကြတာပါ” ဟု သူက ပြောသည်။
တောင်ကုတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဘဏ်မှ ငွေများ ချေးပေးရာတွင် ကျေးရွာအုပ်စုအလိုက် ဘဏ် ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး နှစ်ဦးစီ တာဝန်ပေးပြီး အစိုးရက တဧကကို ကျပ်ငွေ ၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးနေသည်။
အစိုးရက လယ်သမားများအတွက် ထုတ်ပေးသည့် စိုက်ပျိုးခချေးငွေထဲမှ ဘဏ် တာဝန်ရှိသူများက ဖြတ်ယူကြခြင်းမှာ ပုံစံ မတူဘဲ မောင်းအုပ်စုတွင် လယ်သမားတဦးထံမှ ကျပ် ၇၀၀၀ နှင့် ကျောက်မောင်နှမ အုပ်စုတွင် ကျပ် ၁၀၀၀၀ အထိ ဖြတ်ယူနေကြောင်း သိရသည်။
မောင်းအုပ်စု လယ်သမားများထံမှ ခေါင်းပုံဖြတ်ယူနေမှုနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့က တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ကိုယ်တိုင် လာရောက် စစ်ဆေးခဲ့သည်ဟု မောင်းကျေးရွာသား တဦးက ပြောသည်။
“မြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကျနော်တို့ ကျေးရွာအုပ်စုကို လာစစ်ဆေးပါတယ်။ စစ်ဆေးတဲ့ အခါမှာ သူတို့နဲ့ နီးစပ်တဲ့ လယ်သမားတွေကို အတင်းအဓမ္မ တောင်းတာမဟုတ်ဘူး၊ လယ်သမားတွေက စေတနာနဲ့ ပေးတာလို့ ပြောခိုင်းသလို၊ သူတို့ ကိုယ်တိုင်ကလည်း လယ်သမားတွေက စေတနာအလျှောက် ပေးတာပါ ဆိုပြီး ဥက္ကဋ္ဌက ပြောပါတယ်” ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စိုက်ပျိုးစရိတ်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တဧကကို ကျပ် ၅၀၀၀၀ ထုတ်ချေး ပေးသော်လည်း လယ်ဧက အလျောက် ထုတ်ချေးပေးခြင်း မဟုတ်ဘဲ ယခုနှစ်မှ စချေးသော လယ်သမားကို ကျပ် ၂ သိန်း၊ ယခင် ချေးဖူးသော လယ်သမားကို ကျပ် ၄ သိန်းမှ ၅ သိန်း အထိ ထုတ်ချေး ပေးနေကြောင်းလည်း သိရသည်။
၎င်းအပြင် လယ်သမားတဦးလျှင် ချေးငွေ ရရှိရေးအတွက် တဧကကို ကျပ် ၂၀၀၀ စီပေးသွင်းနေကြရပြီး မိဘနာမည်ဖြင့် လုပ်ကိုင်နေသော လယ်ယာမြေများကို မိဘကိုယ်စား သားသမီးများက ထုတ်ယူ၍ မရသဖြင့် သားသမီး နာမည် လွှဲပြောင်းရာတွင်လည်း တဧကကို ကျပ် ၂၀၀၀ စီ ပေးသွင်းရသည်ဟု ငွေတွင်းတူး ရွာသားတဦးက ပြောသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင်လည်း ချေးငွေ ရရှိရေးအတွက် လယ်တဧကကို ကျပ် ၃၀၀၀ နှင့် မိဘ သေဆုံးသွားသော လယ်သမားများက သားသမီးနာမည် ပြန်ပြောင်းရာတွင် မြေတိုင်းစာရေးကို တဧကအတွက် ကျပ် ၃၀၀၀ စီ ပေးသွင်းခဲ့ ရကြောင်း ပလ္လင်ကျေးရွာမှ လယ်သမားတဦးက ဆိုသည်။
၎င်းက “မခံနိုင်တော့လို့ ဘယ်သူက ဘယ်လောက်ဖြတ်တယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ တိုင်သာ တိုင်နေရတာပါ။ မြို့နယ်အဆင့် တာဝန်ရှိသူတွေ ကိုယ်တိုင်က ဘာမှ ဂရုတစိုက် လုပ်ပေးတာ မတွေ့ရသေးဘူး။ ကျနော်တို့မှာ ဘယ်လို လုပ်ရမှန်းကို မသိတော့ပါဘူး” ဟု ဆက်ပြောသည်။