[irrawaddy_gallery]
ရန်ကုန်မြို့ရှိ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင်များက ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် စစ်ပွဲများရပ်ရန် နေပြည်တော်သို့ တက်ရောက် တောင်းဆိုကြမည့် အစီအစဉ်ကို အာဏာပိုင်များက တားဆီးပိတ်ပင်သဖြင့် ရပ်ဆိုင်း လိုက်ရပြီ ဖြစ်သည်။
မူလအစီအစဉ်အရ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဝင်များက နေပြည်တော်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်နှင့် သမ္မတရုံးရှေ့များတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားကြောင်း သိရသည်။
သို့သော်လည်း ထိုခရီးစဉ်အစ ဆုံရပ်ဖြစ်သော မြေနီကုန်း ဒဂုံစင်တာရှေ့တွင်ပင် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးမျိုးအောင်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်တို့က ဆန္ဒဖော်ထုတ်မည့် သူများ နေပြည်တော်သို့ ထွက်ခွာရန် ခေါ်ယူထားသည့် ဘက်စ်ကားကြီးများကို ဖိအားပေးကာ ပြန်ခိုင်းလိုက်သကဲ့သို့ ဆန္ဒထုတ်ဖော်မည့် သူများကိုလည်း လူစုခွဲပြီး ပြန်ကြရန် ဖိအားပေး ပြောဆိုခဲ့သည်။
“ခွင့်ပြုချက်မရှိရင် မလုပ်ပါနဲ့၊ လုပ်ရင် ဥပဒေအရ အရေးယူမယ် ဆိုတာကို ပြောဆိုခြင်း ဖြစ်ပါတယ်” ဟု ဒုရဲမှူးကြီး ဦးမျိုးအောင် ကချင်ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့ခေါင်းဆောင်များကို ခေါ်ယူသတိပေးပြောဆိုလိုက်သည်။
ယနေ့နံနက် ၃ နာရီမှစ၍ ဒဂုံစင်တာရှေ့တွင် ရောက်ရှိနေသော လူအုပ်ကြီးမှာ နေပြည်တော်သို့ ခရီးဆက်ရန် ကားများ မရှိတော့သည့်အတွက် ငြိမ်းချမ်းရေး သင်္ကေတ စာတမ်းများ ပါရှိသော မိုးပြာရောင် အကျႌများကို ဝတ်ဆင်ကာ ရန်ကုန်မြို့တွင်း လှည့်လည် ဆန္ဒထုတ်ဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်လည်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လူစုလူဝေး မပြုလုပ်ရန်၊ စီတန်းလမ်းလျှောက်မည့် အစီအစဉ်အား ရပ်ဆိုင်း၍ လူစုခွဲ အိမ်ပြန်ကြရန် ထပ်မံသတိပေး ပြောဆိုပြန်သည်။ ယင်းသို့ တားဆီးသော်လည်း ဆန္ဒထုတ်ဖော်မည့် အဖွဲ့များက ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ရှိ ပြည်သူ့ရင်ပြင်သို့ တားဆီးထားသည့် ကြားမှ ဆက်လက် လျှောက်သွားခဲ့ကြသည်။
ပြည်သူ့ရင်ပြင် အနီးအရောက်တွင် ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အင်အား ၅၀ ကျော်က ပြည်လမ်းမကြီးကို ပိတ်ဆို့ တားမြစ်လိုက်ပြီး ရှေ့ဆက်ခွင့်ကို တားဆီးခဲ့သည်။
ဆန္ဒထုတ်ဖော်မည့် သူများက လူစုခွဲ၍ ပြည်သူ့ရင်ပြင်သို့သွားကာ ဆုတောင်းခြင်းများ၊ ငြိမ်းချမ်းရေး တေးသီချင်း သီဆိုမှုများ ဆက်လက် လုပ်ဆောင်ကြပြီး မိနစ်ပိုင်းအကြာတွင်ပင် အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးမျိုးအောင်နှင့် ရဲတပ်ဖွဲ့ဝင်များက ရင်ပြင် အပြင်သို့ ထွက်ရန်နှင့် လူစုခွဲအိမ်ပြန်ကြရန် ထပ်မံပြောဆိုခဲ့သဖြင့် ရင်ပြင်အတွင်းမှ ထွက်ခွာ၍ လူစုခွဲခဲ့သည်ကိုတွေ့ရသည်။
“အရမ်းဝမ်းနည်းတယ်၊ ဘာကြောင့် ဝမ်းနည်းရသလဲဆိုရင် ငြိမ်းချမ်းရေးကို ပြည်သူတိုင်း လုပ်ဖို့ တာဝန်ရှိတယ်။ အဲဒီလိုမျိုး ပြည်သူတွေက တာဝန်သိသိနဲ့ လုပ်ဆောင်ဖို့ကို အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တဲ့ လူတွေက အဟန့်အတား လုပ်တယ်ဆိုတော့ ဒါ ကျနော်တို့ရဲ့ အနာဂတ်နိုင်ငံ ငြိမ်းချမ်းရေး ရဖို့ဆိုတာ မလွယ်ဘူးဗျ” ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ကိုဂျော်ဂွန်းက ဧရာဝတီသို့ ပြောသည်။
ယနေ့နံနက် ၇ နာရီ ခွဲခန့်တွင် ပြည်သူ့ရင်ပြင်မှ တဆင့် လူစုခွဲ၍ ပြန်ကြရန် ဖိအားပေးခံခဲ့ရသော ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့သည် နံနက် ၁၀ နာရီတွင် ရန်ကုန် ဆူးလေဘုရားမှ အင်းလျားကန်စောင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ချီတက်မည့် တခြား ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့နှင့် ၂ ဖွဲ့ပူးပေါင်းလိုက်ပြီး ချီတက်နေကြပြီဖြစ်သည်။
ထိုအဖွဲ့ နှစ်ဖွဲ့စလုံံးသည့် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို စစ်ပွဲများ ရပ်စဲပေးရေး ချီတက် တောင်းဆိုရန် အတွက် နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံ ခွင့်ပြုမိန့် ကြိုတင် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ကြောင်း သိရသည်။
သို့သော်လည်း ငြိမ်းချမ်ရေးအဖွဲ့များက ချီတက် ဆန္ဒထုတ်ဖော်ရန် ဆုံးဖြတ်ခဲ့ကြပြီး ဆူးလေဘုရားမှတဆင့် အင်းလျား ကန်ဘက်သို့ ချီတက်လမ်းလျှောက် နေကြပြီဖြစ်သည်။
ယခုအကြိမ်သည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ် လမ်းလျှောက်ချီတက်ခြင်း ဖြစ်ပြီး ၁၉၆၃ ခုနှစ် တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပထမဆုံးအကြိမ် အဖြစ် ၆ ခရိုင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး လူထု သောင်းနှင့်ချီ၍ ချီတက်ခဲ့ကြသည်။