မြန်မာ့တပ်မတော်နဲ့ စစ်ရေးပူးတွဲ လုပ်ဆောင်ဖို့ တပ်မတော် အရာရှိများကို သင်တန်းပေးဖို့ အလားအလာတွေကို အမေရိကန်နဲ့ မြန်မာ စစ်ဘက် အရာရှိတွေ ဆွေးနွေး ညှိနှိုင်းနေကြပြီလို့ Financial Times က ယနေ့ သတင်း ရေးသား ဖော်ပြလိုက်ပါတယ်။
စစ်ဘက်ဆိုင်ရာအရာရှိတွေသာမက အရပ်ဘက်လုံခြုံရေးအရာရှိတွေပါ တက်ရောက်တဲ့ အဲဒီဆွေးနွေးပွဲတွေမှာ အမေရိကန် ပူးတွဲ စစ်ဦးစီးမှူးများ ရုံးနဲ့ လက်ထောက် ကာကွယ်ရေးဝန်ကြီးများရုံးက အရာရှိတွေပါ တက်တယ်လို့ သတင်းက ဆိုပါတယ်။
တချိန်တည်းမှာပဲ ဗြိတိန်နဲ့ ပြင်သစ်တို့ကလည်း ရုတ်သိမ်းထားတဲ့ စစ်သံမှူးတွေ မြန်မာပြည်မှာ ပြန်လည်ခန့်ထားဖို့ စ စီစဉ်နေကြပြီလို့ သံတမာန်သတင်းရပ်ကွက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းပေးပို့ချက်အရ အမေရိကန်နဲ့ မြန်မာတွေအကြား ကနဦးဆွေးနွေးမှုတွေဟာ စစ်ရေးနဲ့မဆိုင်တဲ့ မဟာဗျူဟာ လေ့လာရေး သင်တန်းတွေ စ ပေးဖို့နဲ့ စစ်ဦးစီးမှူး ရာထူးအဆင့်တွေ အပြန်အလှန် လည်ပတ်ဖို့ အာရုံစိုက်ကြောင်း သိရပါတယ်။
ကနဦးအဆင့်တွေ အဆင်ချောရင် စစ်သင်တန်းနဲ့ စစ်ဘက်ရေးရာ အထောက်အပံ့ ပေးဖို့တွေ ဆက်လာနိုင်ဖွယ်ရှိတယ်လို့လည်း သတင်းက ဆိုပါတယ်။
အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေ ပူးတွဲလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ မြန်မာက လေ့လာသူအဖြစ် ပါဝင်ချင်တယ်လို့ ကမ်းလှမ်းကြောင်းလည်း သိရပါတယ်။ ကမ်းလှမ်းချက်ကို စဉ်းစားနေပြီး ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ သတင်းက ဆိုပါတယ်။
ဆွေးနွေးဝိုင်းတွေနဲ့ နီးစပ်သူ အကဲဖြတ်တဦးက Financial Times ကို “အမေရိကန်ရော မြန်မာကပါ နှစ်နိုင်ငံ တိုက်ရိုက် ပူးတွဲ လေ့ကျင့်သင်ကြားမှု တချို့ လုပ်ချင်နေကြတယ်။ အမေရိကန်က နောက်ကြောင်းလှပြီး ပြုပြင်ပြောင်းလဲရေးကိုလည်း အထောက်အကူဖြစ်၊ သင်တန်းကိုလည်း သေသေချာချာ လိုက်နိုင်မယ့်ထက်တဲ့ မြန်မာအရာရှိငယ်တွေကို စိတ်ဝင်စားနေတယ်” လို့ ပြောပါတယ်။
အခုထိ ဆွေးနွေးတင်ပြချက်တွေက အမေရိကန်က မဟာဗျူဟာ လေ့လာရေးကျောင်းတွေနဲ့ အာဆီယံကတဆင့် ဖြတ်ပြီး သင်တန်းပေးရေးတွေပါ။ စဖြစ်ရင် လူစိစစ်ဖို့က ပထမဆုံးဖြစ်ပါလိမ့်မယ်။ စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်း မဖြစ်လာခင် ကွန်ဂရက်ရဲ့ ထောက်ခံမှုရဖို့ အိုဘားမားအစိုးရက ဆွဲဆောင်ရပါလိမ့်ဦးမယ်။
ဆက်ပြီး ဖြစ်ထွန်းတိုးတက်သွားရင်တော့ ၂၀၁၅ ရွေးကောက်ပွဲသာ အဆင်ပြေချောမွေ့ခဲ့မယ်ဆို အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ ပြီးပြည့်စုံတဲ့ လုပ်ဖော်ကိုင်ဖက် Comprehensive Partnership အဆင့် ဒါ့ထက်ပိုလို့ Strategic မဟာဗျူဟာမြောက် အဆင့်ထိပါ လွယ်ကူစွာ ရောက်နိုင်တယ်လို့ သုံးသပ်ချက်တွေ ပေါ်ထွက်လာနေပါတယ်။
ဒါပေမဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုနဲ့ စစ်လက်နက်ပစ္စည်း ရောင်းချမှုက အနောက်နိုင်ငံတွေအနေနဲ့ အကဲဆပ်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အကြောင်းက မြန်မာစစ်တပ်ဟာ ကလေးစစ်သား သုံးတာ၊ ပေါ်တာဆွဲတာ၊ အရပ်သားတွေကို နှိပ်စက်တာလို ဖိနှိပ်မှုတွေနဲ့ နာမည်ပျက်လာခဲ့တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့တဲ့ သမိုင်းကြောင့်ပါပဲ။
မြန်မာ့တပ်မတော် ခေါင်းဆောင်ဟောင်းတွေနဲ့ လက်ရှိတာဝန်ထမ်းနေတဲ့ စစ်ဘက်ခေါင်းဆောင်တွေကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းထားသလို စစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးကုမ္ပဏီတွေကို ပိတ်ပင်တားမြစ်ထားတုန်းပါ။ ကချင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ရခိုင်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တပ်က ပါနေတယ်ဆိုတဲ့ အချက်တွေကိုလည်း ထည့်စဉ်းစားရပါတယ်။
ဒါပေမဲ့ မြန်မာစစ်ဘက်ခေါင်းဆောင်တချို့ အထူးသဖြင့် လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန်နဲ့ အနောက်နိုင်ငံ သံတမာန်တွေက ပုဂ္ဂလ်ရေးအရ ချီးကျူးတာတွေရှိပါတယ်။
အခုထက်ထိ ဗိုလ်ချုပ်မှူးကြီး ရာထူး ဆက်ကိုင်ထားတဲ့ ဦးသန်းရွှေ ကိုယ်တိုင် ရွေးချယ် တာဝန်ပေးခဲ့သူ ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မယ့်လူလို့ သံတမာန်အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။
မကြာသေးခင်ကတင် တွေ့ဆုံဆွေးနွေးခဲ့ဖူးတဲ့ အနောက်သံတမာန်တဦးက လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရည်ရွယ်ချက်ဟာ “တပ်ကို ဖြည်းဖြည်းချင်း စစ်တန်းလျား ပြန်ပို့ဖို့” လို့ ပြောကြောင်း ဆိုပါတယ်။
ဒီလို နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှုတွေ စတင်ဖို့ ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုအပေါ် ဩဇာရှိတဲ့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) က တိုက်တွန်းထားပါသေးတယ်။
“မြန်မာနိုင်ငံတွင် အရပ်ဖက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှုအား စစ်တပ်က ဆက်လက်ပံ့ပိုး၍ တိုင်းရင်းသားဒေသ များတွင် အပစ်အခတ်ရပ်စဲရန် သဘောတူပါက အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့တပ်မတော်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများပြုလုပ်ရန် စတင် စဉ်းစားသင့်ပါသည်။ ထို့ပြင် မြန်မာစစ်တပ်အရာရှိများအား ရွေးချယ်၍ အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေးအထောက်အကူ အစီအစဉ်ဖြစ်သော နိုင်ငံတကာ စစ်ရေးပညာနှင့် သင်တန်း အစီအစဉ်တွင်ပါဝင်စေပြီး နိုင်ငံတွင်းရှိ ကာကွယ်ရေးစစ်တက္ကသိုလ်များတွင် တက်ရောက်ခွင့် ပေးသင့်ပါသည်” လို့ CSIS ရဲ့ ခရီးစဉ်အစီရင်ခံစာက ရေးသားပါတယ်။