ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရဲစခန်းတွင် လူသတ် တရားခံဟု မသင်္ကာ၍ ဖမ်းဆီးခံထားရသူ နှစ်ဦးသည် အချုပ်ခန်းကို ဖောက်ပြီး ယမန်နေ့က ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
ထွက်ပြေး လွတ်မြောက်သွားသူများသည် စက်တင်ဘာ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ အသက် ၆၄ နှစ် အရွယ် ဦးကျော်မောင်ချေ အသတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသော ရွှေမောင်(ခ) ဒူမာလိတ်နှင့် လာလူး(ခ) ဖော်ရီ အာမတ်တို့ ဖြစ်ကြောင်း ကျောက်တော်မြို့ဒေသခံ ဦးမောင်မောင်က ဧရာဝတီသို့ ပြောသည်။
အချုပ်ကို ဖောက်ပြီး ထွက်ပြေးသွားသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း ရဲစခန်း တာဝန်ရှိသူများက လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြောင်းလည်း ၎င်းက ဆိုသည်။
“ဖြေရှင်းချက် တစုံတရာ မကြားရသေးပါဘူး၊ စခန်းမှူး ကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ လိုက်လံ ဖမ်းဆီးနေပါတယ်၊ တချို့က လည်း ခေါင်မိုးပေါ်ကနေပြီးတော့ ခေါင်မိုးတွေက ကြာလာပြီ ဖြစ်တဲ့အတွက် ဆွေးနေတဲ့ သဘောမျိုး သက်ရောက်ပါတယ်၊ အဲဒီလို ဆွေးနေတဲ့အခါ ခေါင်မိုးပေါ်က ထွက်ပြေသွားတယ်လို့ ပြောနေကြတယ်”ဟု ဦးမောင်မောင်က ဆက်ပြောသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဧရာဝတီက ကျောက်တော်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဒု ရဲအုပ် ကျော်သူက ဖြေ ဆိုရန် ငြင်းဆန်ခဲ့သည်။
လူသတ်မှုနှင့် စွပ်စွဲခံထားရသူများ ပြန်လည် လွတ်မြောက်သွားခြင်းသည် ဒေသခံ ပြည်သူများ အကြား စိုးရိမ်မှုကို ပိုကြီးလာစေ သည်။
ဦးကျော်မောင်ချေသည် မြို့ပေါ်မှ ၄ မိုင်ခန့်ဝေးသည့် ၎င်း နေထိုင်ရာ ကျေးရွာသို့ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အတွက် အချိန်စော၍ ညနေ ၅ နာရီခန့်တွင် ပြန်လာစဉ် အသတ်ခံရပြီး အသုဘ အခမ်းအနားကိုလည်း ဒေသခံအများအပြား တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်၌ ဇွန်လဆန်းက စတင်ခဲ့သော အကြမ်းဖက်မှုများ၊ ပဋိပက္ခများကြောင့် မြို့နယ် ၁၀ ခု ဝန်းကျင်အား ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရာ ကျောက်တော်မြို့နယ်လည်း ပါဝင်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၏ မြို့တော် ဖြစ်သည့် စစ်တွေမြို့နယ် ဧရိယာ၌ပင် တည်ငြိမ်မှု၊ လုံခြုံမှု လုံး၀ မရှိသေးကြောင်း၊ လုံခြုံရေး တာဝန်ယူ
ထားသည့် အစိုးရ စစ်တပ်၊ လုံထိန်း တပ်ဖွဲ့ဝင် တချို့က ဒေသခံ ပြည်သူများ အပေါ် ဖိနှိပ် ဆက်ဆံခြင်း၊ ဖမ်းဆီး စစ်ဆေးမှု ပြုလုပ် ခြင်းများ ရှိနေ၍ စိုးရိမ်မှုများ ရှိနေကြောင်း သတင်းများတွင် ဖော်ပြသည်။
အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ညမထွက်ရ သတ်မှတ်ချိန်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သည့် အတွက် စစ်တွေဒေသခံ ၇၀ ဝန်းကျင်ကိုလည်း ဖမ်းဆီး၍ ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့သေးကြောင်း သိရသည်။
ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် မောင်တော၊ စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ သည်။ ထို့နောက် ဇွန်လ ၁၀ ရက်နေ့မှစ၍ သမ္မတ ဦးသိန်းစိန်က ရခိုင် ပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။