အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ညီလာခံခေါ်ယူရေး ပြင်ဆင်လျက်ရှိရာ အောက်ခြေအဆင့်ဆင့်တွင် အငြင်းပွားမှုများ ဖြစ်ပွားနေပြီး ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ တင်းမာနေသူများကို ချန်ခဲ့တော့မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်း အများစုတွင် NLD ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်ဆင့် လူရွေးချယ်မှု ပြုလုပ်ရာ၌ လူသစ်များအချင်းချင်း၊ လူဟောင်းများအချင်းချင်း၊ လူသစ်နှင့် လူဟောင်းအကြား၊ လူကြီးနှင့် လူငယ်များအကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည်။
ယင်းသို့ ဖြစ်ပွားနေခြင်းကို အချင်းချင်း ညီညွတ်ရေးရရှိရေး ညှိနှိုင်းရန် ဗဟိုက အကြောင်းကြားထားကြောင်း၊ သို့ရာတွင် ညှိနှိုင်းနိုင်မှုမရှိသော နေရာများကို ညီလာခံသို့ ခေါ်မည်မဟုတ်ဘဲ ချန်ခဲ့မည်ဟု NLD တနိုင်ငံလုံး ပါတီဝင် စုဆောင်းရေး တာဝန်ရှိသူ ဦးစိုးဝင်းက ပြောသည်။
“ကျနော်တို့က သူတို့ကို မညီညွတ်လို့ရှိရင် ညီညွတ်အောင်လုပ်ဖို့ တာဝန်ပေးထားတယ်၊ မညီညွှတ်သူတွေကို ဖွဲ့မပေးတော့ဘူး၊ ညီညွတ်တဲ့ထိအောင် စောင့်၊ သူများတွေဆီမှာ ညီညွှတ်လို့ ညီလာခံတွေ ပေါ်လာတယ်၊ အဲဒီလိုသူတို့ဆီမှာ ညီညွတ်အောင် မလုပ်နိုင်ဘူးဆိုရင် သူတို့ကို ထားပစ်ခဲ့မှာပဲ” ဟု ဦးစိုးဝင်းက ဧရာဝတီနှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။
ညီလာခံ အစီအစဉ်အရ ရပ်/ကျေး ညီလာခံမှစ၍ မြို့နယ်အဆင့်၊ ထိုမှတဆင့် ခရိုင်အထိ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်း သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ဒီမိုကရေစီနည်းကျကျ အောက်ခြေကနေ ဗဟိုကိုတက်လာတယ်ဆိုတဲ့ နည်းကို ကျနော်တို့က ဖော်ဆောင်တာပဲ၊ ဒီမိုကရေစီနည်းကျကျ ဒီမိုကရေစီရဲ့ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဦးစိုးဝင်းက ပြောသည်။
ညီလာခံခေါ်ယူရေးကိစ္စနှင့် ပတ်သက်၍ အောက်ခြေအဆင့်ဆင့်၌် သဘောထားကွဲလွဲမှုများ ဖြစ်ပွားရာတွင် NLD ကို ပြန်လည် ဆန္ဒပြသူများ၊ တိုင်စာပို့သူများ၊ လူကိုယ်တိုင် လာရောက်တိုင်းကြားသူများ ရှိကြောင်း NLD နာယက ဦးတင်ဦးက ပြောသည်။
“ရုံးကိုစာတွေပို့လာတာလည်း ရှိတယ်၊ ဖုန်းဆက်ပြီး ဆန္ဒပြမယ်ပြောတာလည်းရှိတယ်၊ တချို့က ဒီရုံးချုပ်ကိုလာပြီး ကျနော့ စားပွဲကို လက်သီးနဲ့ ထုပြီးပြောတာတောင် ရှိတယ်ဗျ” ဟု ဦးတင်ဦးက ဧရာဝတီနှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။
ယင်းသို့ဖြစ်ပွားနေမှုများကို ပါတီတွင်း ညီလာခံပြုလုပ်ရာ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းရှိ သက်ဆိုင်ရာနေရာ အသီးသီးတွင် ညီညီညွတ်ညွတ်ဖြင့် အချင်းချင်း ညှိနှိုင်းအဖြေရှာကြရန်နှင့် လူထုယုံကြည်လေးစားသည့် ပါတီတရပ်အဖြစ် သက်သေပြရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အပါအဝင် အခြားသောပါတီများကလည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ NLD အနေဖြင့် အဆင့်ဆင့် ညီညွှတ်နေရန် လိုအပ်ကြောင်း ပါတီ ဗဟိုအဖွဲ့ ခေါင်းဆောင်များက ပြောသည်။
ယခုအခါ NLD သည် ပါတီအနာဂတ်အတွက် လူငယ်များကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့အတူ ပါတီ ဗဟိုအဖွဲ့ချုပ်တွင်လည်း ယခုလမှ စတင်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်များကိုလည်း နိုင်ငံရေး စွမ်းရည်မြှင့်တင်ရေး သင်တန်းများ လစဉ်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ၏ အဓိက ပြိုင်ဘက်ဖြစ်မည်ဟု ပြောဆိုနေကြသော ကြံ့ခိုင်ရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ အပြီး ဧပြီလ ၁၆ ရက်နေ့မှ စ၍ အောက်ခြေမှစ၍ တိုင်းအဆင့်ထိ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့သော ၄၅ နေရာ၌ နေရာအားလုံး အနိုင်ရမည်ဟု မျှော်လင့် ထားသော်လည်း ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက နေရာအများစုတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး NLD ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော တနေရာသာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သည်။