မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်က လေထီးတပ်သားတဦးအဖြစ် ပါဝင်ခဲ့သူ စာရေးဆရာကြီး ဝမ်းအိုဝမ်း ကျော်ဝင်းမောင် (၉၃) နှစ်သည် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ နေအိမ်၌ ကွယ်လွန်သွားရာ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ ယနေ့နေ့လည် ၃ နာရီတွင် သံလျင်မြို့ ဒါရ်ဂါ သူတော်စင်ဗိမ္မာန်တွင် သင်္ဂြိုလ်သည်။

ဦးကျော်ဝင်းမောင်၏ သားဖြစ်သူ ကိုစန်းက “လွန်ခဲ့တဲ့ လလောက်ကတည်းက အမောဖောက်တယ်။ ဆေးရုံတင်ပြီးစစ်တော့ ဘာမှတော့ ထွေထွေထူးထူး မရှိဘူး။ တနင်္ဂနွေညက တော်တော်ဆိုးလာပြီး ဆုံးတာပါ” ဟု ဆိုသည်။
ဦးကျော်ဝင်းမောင်နှင့် ဂျပန်ခေတ် ဗိုလ်သင်တန်း အတူတူတက်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကလည်း ယနေ့နံနက်က ကျန်ရစ်သူမိသားစုကို လာရောက်အားပေး စကားပြောကြောင်း ၎င်းကဆိုသည်။
မြန်မာမွတ်ဆလင်တဦးဖြစ်သည့် ဦးကျော်ဝင်းမောင်သည် ကချင်ပြည်နယ် ဗန်းမော်ဇာတိ ဖြစ်ပြီး ဗမာကာကွယ်ရေးတပ်မတော် (BDA) ၌ လေယာဉ်ပစ် အမြောက်တပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ဗမာပြည်ကွန်မြူနစ် ပါတီဝင်တဦးလည်း ဖြစ်သည်။
ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ကျောင်းဆင်းတဦးဖြစ်ပြီး စစ်အတွင်းက တရုတ်နိုင်ငံအခြေစိုက် အမေရိကန် ဝမ်းအိုဝမ်း (၁၀၁) လေထီး တပ်ဖွဲ့တွင် ပါဝင်ခဲ့သည့်အတွက် ဝမ်းအိုဝမ်း ကျော်ဝင်းမောင်အဖြစ် လူသိများသည်။
တော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းတွင် ဂျပန်ကင်ပေတိုင်၏ ဖမ်းဆီးနှိပ်စက်ခြင်း ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့ပုံကို ၎င်းကိုယ်တိုင်ရေးသားသည့် “ဝမ်းအိုဝမ်းနဲ့ မြန်မာမြေအောက်တော်လှန်ရေး” ဆိုသည့် စာအုပ်တွင် ဖော်ပြထားသည်။
၁၉၄၆ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီအကွဲတွင် သခင်စိုး ဦးဆောင်သည့် အလံနီကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့ပြီး တောခိုခဲ့သည်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။
လွတ်လပ်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်၊ နိုင်ငံဂုဏ်ရည် ဒုတိယအဆင့် ဆုများချီးမြှင့်ခံခဲ့ရသည်။
ဝမ်းအိုဝမ်း ကျော်ဝင်းမောင် အမည်ဖြင့် ဝမ်းအိုဝမ်းနဲ့ မြန်မာအောက်တော်လှန်ရေး၊ ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထီးသမားများ၊ ဂျပန်သုံ့ပန်း မဂိုကပြားမလေး၊ မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်၊ နယ်ချဲ့ကို ဒူးမထောက်တဲ့ သခင်နက်ဖေ၊ ဘီဒီအေ လေယာဉ်ပစ် အမြောက်ကြီးတပ်၊ အလံနီတော်လှန်ရေး၏ သမိုင်းတကွေ့၊ မန္တလေး ၁၃၀၀ ပြည့် အရေးတော်ပုံမှသည် နယ်ချဲ့တော်လှန်ရေးသို့ စသည့် စာအုပ်များရေးသားခဲ့သည်။