နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့နဲ့ အမေရိကန်- မြန်မာ နှစ်နိုင်ငံအကျိုးတူ စီးပွားရေး၊ ပထဝီဆိုင်ရာ မဟာဗျူဟာ အကျိုးကျေးဇူးများကို သယ်ဆောင်ယူလာမယ့် ဆက်ဆံရေးသစ်ကို ဖွင့်လှစ်ဖို့ ရက်သတ္တ တပတ်ကြာမည့် ခရီးစဉ်ကို သမ္မတ ဦးသိန်းစိန်က ယနေ့စတင်လိုက်ပါပြီ။
၂၀၀၉ ခုနှစ်တုန်းက ဝန်ကြီးချုပ်အဖြစ် တက်ရောက်ခဲ့ဖူးပေမယ့် စက်တင်ဘာ ၂၇ ရက်နေံ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောတဲ့အခါ ဦးစီးဦးဆောင် လုပ်ကိုင်နေသူတဦးအနေနဲ့ လတ်တလော မြန်မာပြည် ပြုပြင်ပြောင်းလဲရေးတွေ ဘယ်ကို ဦးတည်နေတယ်၊ ဘယ်လို အာမခံမယ်ဆိုတာတွေ ပြောဆိုနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဒါ့အပြင် အရေးကြီးတာက အမေရိကန် အစိုးရခေါင်းဆောင်များနဲ့ပါ တွေ့ဆုံပြီး မြန်မာပြည်ကို ပိတ်ဆို့ဒဏ်ခတ်ထားတာတွေကို ရုပ်သိမ်းရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ အထောက်အပံ့တွေ ပြန်ပေးဖို့ တိုက်တွန်းပြောဆိုတာတွေ၊ ကတိကဝတ်ပြုတာတွေ လုပ်ဖို့ပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဖို့က သေချာတယ်လို့ အမေရိကန်အရာရှိတွေက အတည်ပြုပါတယ်။
ဦးသိန်းစိန် အရင် အမေရိ ကား ကြိုရောက်နှင့်ပြီး ဦးသိန်းစိန်ဦးစီးတဲ့ မြန်မာ့အပြောင်းအလဲကို အင်တိုက်အားတိုက် ထောက်ခံနေတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို အာရှလူ့အဖွဲ့အစည်း Asia Society မှာ မြန်မာသမ္မတဟာ “အကူးအပြောင်းထဲက မြန်မာ – အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်နဲ့ လူထုပရိသတ်ကို မိန့်ခွန်းပေးပါလိမ့်မယ်။ ပရိသတ်နဲ့ အမေးအဖြေလည်း လုပ်ပါမယ်။
အမေရိကန်က ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းတယောက်လို ကြိုဆိုဂုဏ်ပြုကြသလို ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကလည်း ၁၉၆၆ ခုနှစ်မှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ ခရီးစဉ်နောက်ပိုင်း အမြင့်ဆုံး နိုင်ငံတော် ခေါင်းဆောင်တဦးရဲ့ ပထမဆုံး ခရီးစဉ်ပါ။ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင်ပါ။
အမေရိကန်တွေရဲ့ အကူအညီဟာ တကယ့်ကို ထိထိရောက်ရောက် ဖြစ်လာခဲ့ရင် နိုင်ငံရေးနဲ့ စီးပွားရေးမှာ ချွတ်ခြုံကျနေတဲ့ မြန်မာပြည်ကို ပြန်လည် ထူထောင်ရာမှာ အရေးပါလာမှာ ဖြစ်သလို ဆယ်စု ၂ စုကြာ အားကိုးခဲ့ရတဲ့ တရုတ်ပြည်ရဲ့ ဩဇာကို ထိန်းညှိနိုင်မယ်လို့ ယူဆရပါတယ်။ တဘက်မှာလည်း ဖွံ့ဖြိုးတိုးတက်လာမယ့် မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ဒေသနဲ့ ပူးပေါင်းဆောင်ရွက်လာနေမှုကို အပြန်အလှန် ကောင်းကျိုးပြုနိုင်မှာပါ။
အမေရိကန်က ဘယ်လောက်ထိ ဘယ်လို ကူညီမယ်ဆိုတာ သမ္မတဦးသိန်းစိန်ရဲ့ ဆွဲဆောင်နိုင်မှုအပေါ် မူတည်ပါတယ်။ မြန်မာ့အပြောင်းအလဲမှာ ပိတ်ဆို့ဒဏ်ခတ်တာတွေ ဖယ်ရှားဖို့ တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာအရှိန်အဝါကြောင့် အမေရိကန် နိုင်ငံရေးသမားတွေ သဘောထားပျော့ပြောင်းနေပုံ ပေါ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကတဆင့် ငွေကြေးအထောက်အပံ့ ပြန်ပေးဖို့ အမေရိကန်သမ္မတအိုဘားမားရဲ့ အဆိုပြုချက်ကို ကွန်ဂရက်က သဘောတူ အတည်ပြု ပေးခဲ့ပါတယ်။ မြန်မာ့ပို့ကုန်တွေ ပြန်သွင်းခွင့်ပေးရေး အမေရိကန်တွေကို ဦးသိန်းစိန် နားချ စည်းရုံးနိုင်ခဲ့ရင် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာပါဦးမယ်။
ဒီလို အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံအကြား သံတမာန်ရေးဆိုင်ရာ တိုးတက်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အလားအလာတို့အပြင် စစ်ရေးအရ ပူးတွဲဖို့ပါ ဖြစ်လာနေတာကို တရုတ်နိုင်ငံ ဘေးပတ်ဝန်းကျင်မှာ အမေရိကန်လိုလားတဲ့နိုင်ငံတွေ ဖြစ်ပေါ်လာစေခြင်းဖြင့် တရုတ်ကို ထိန်းချုပ်ဖို့ အမေရိကန်တွေရဲ့ ကြံစည်မှု တစိတ်တပိုင်းလို့ တရုတ်အစိုးရနဲ့ မီဒီယာတွေက သံသယမကင်း စိုးရိမ်နေကြပါတယ်။
ဒီအတွက်ကြောင့် အမေရိကန်ခရီးစဉ်မတိုင်မီ သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို သွားခဲ့ပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးသစ်ဟာ တရုတ်နိုင်ငံကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူးဆိုတာ သေချာစေခဲ့ရပါတယ်။
ရှေ့နှစ်မှာ သမ္မတသစ် ဖြစ်လာဖို့ယူဆရတဲ့ လက်ရှိ တရုတ် ဒု-သမ္မတ ဇီဂျင်ပင်းနဲ့ တွေ့ဆုံရာမှာ ဦးသိန်းစိန်က “မြန်မာပြည်သည် လတ်တလော အပြောင်းအလဲ ကာလထဲတွင်ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် မြန်မာက အလေးဂရုထားပါသည်။ တရုတ်သည် မိတ်ဆွေကောင်းဟု ရှုမြင်သော မူဝါဒသည်လည်း မပြောင်းလဲ” လို့ ပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ ပြီးခဲ့တဲ့ စနေနေ့မှာ ပြီးဆုံးခဲ့တဲ့ ဦးသိန်းစိန်ရဲ့ ၅ ရက်ကြာ တရုတ်ခရီးစဉ်ဟာ ထုံးစံအတိုင်း သံတမာန်ရေး လည်ပတ်မှုနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး စီမံကိန်းတွေကို ဆက်အကောင်အထည်ဖော်ဖို့ ကတိကဝတ်ပြုတာက လွဲလို့ အသစ်အဆန်း ကြီးကြီးမားမား ဘာမှတိုးတက်ဖြစ်ထွန်းမှု မရှိဘူးလို့ ဆိုကြပါတယ်။
တရားဝင်ဆွေးနွေးဝိုင်းတွေရဲ့ နောက်ကွယ်မှာတော့ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်စဖို့ ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ တခြား သယံဇာတတူးဖော်ရေးတွေကို ဆက်ထိန်းထားစေရေးကလည်း ရှိနေပြန်တဲ့အပြင် အမေရိကန်နဲ့ အနောက်နိုင်ငံကုမ္ပဏီတွေ အနှေးနဲ့အမြန် မြန်မာဈေးကွက်ထဲ ဝင်လာမယ့် အလားအလာကလည်း ရှိတာမို့ မြန်မာတွေ စိတ်ကွက်သွားမှာ စိုးရိမ်ပုံလည်း ပေါက်တယ်လို့ သံတမန်သတင်းရပ်ကွက်တွေ အဆိုအရ သိရပါတယ်။