ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း ပြည်ပမှ အတွေ့အကြုံများနှင့်ပေါင်းစပ်၍ လမ်းပြ မြေပုံတခု ရေးဆွဲနိုင်ရန် ကြိုးပမ်းသွားမည်ဟု သိရသည်။
သဘာ၀ အရင်းအမြစ် ပေါကြွယ်ဝသော်လည်း ဖွံ့ဖြိုးမှုနောက်ကျနေသည့် ရခိုင်ပြည်နယ်တွင် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးလုပ်
ငန်းစဉ်များ ပေါ်ထွန်းလာရေးအတွက် နိုင်ငံတကာအတွေ့အကြုံများနှင့်ပေါင်းစပ်၍ လမ်းပြမြေပုံ ရေးဆွဲနိုင်ရန် ဒု သမ္မတ ဒေါက် တာ စိုင်မောက်ခမ်း က ပြောကြားခြင်း ဖြစ်ကြောင်း ယမန်နေ့ထုတ် အစိုးရ သတင်းစာများက ဖော်ပြထားသည်။
ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြည်လည်ထူထောင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေး လုပ် ငန်း စဉ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၌ စက်တင်ဘာလ ၂၂ နှင့်၂၃ ရက်တို့တွင် ပြုလုပ်ခဲ့စဉ် ဒု သမ္မတ က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုဆွေးနွေးပွဲသို့ နိုင်ငံခြား သံတမန်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ နိုင်ငံရေး ပါတီ များ တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်တွင်း ရေရှည်တည်ငြိမ်ရေးအတွက် လမ်းပြမြေပုံ ရေးဆွဲမည့် ကိစ္စသည် အချိန်ကြာဦးမည် ဖြစ်ကြောင်း၊ ဒေသခံ ရခိုင် တိုင်းရင်းသားများ၊ တခြားတိုင်းရင်းသားများနှင့် ရခိုင်ဒေသတွင် နေထိုင်သည့် မွတ်စလင်များ အားလုံး အေးချမ်းစွာနေထိုင် နိုင် ရေးအတွက် ထိုအလုပ်ရုံ ဆွေးနွေးပွဲသည် ခြေလှမ်းအစသာ ဖြစ်သေးကြောင်း တက်ရောက်ခဲ့သူ တချို့က ပြောဆိုကြသည်။
အစိုးရ အနေဖြင့် ရခိုင်ဒေသတွင်း တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကို အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ အကောင် အထည် ဖော်ဆောင်ရန် လိုအပ်ကြောင်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့သူ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ဧရာဝတီ ကို ပြောသည်။
၎င်းက“အစိုးရက ပြောနေပေမယ့် အပြောနဲ့ စာရွက်ထဲမှာပဲ ရှိသေးတယ်၊ လက်တွေ့မှာက လုပ်တာဘာမှ မရှိသေးပါဘူး၊ ဒီ ကိစ္စ တွေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းပါတယ်”ဟုလည်း ပြောဆိုသည်။
ဒေသခံလူသား အရင်းအမြစ် နည်းပါးခြင်း၊ ဖွံ့ဖြိုးမှု နောက်ကျ၍ ဆင်းရဲမှု ရာခိုင်နှှုန်းများပြားပြီး အလုပ်အလုပ်အကိုင် အခွင့်အ လမ်း နည်းပါးခြင်းတို့သည် ပဋိပက္ခဖြစ်ပွားရခြင်း၌ ပါဝင်ကြောင်း ဒေါက်တာ စိုင်းမောက်ခမ်း က ဆိုသည်။ ရခိုင်ပြည်နယ် သည် မြန်မာနိုင်ငံ၌ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်ပြီး အဆင်းရဲဆုံးမှာ ချင်းပြည်နယ် ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နယ်ပယ်အသီးသီးမှ ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့သည့်အတွက် ရခိုင်ဒေသတည်ငြိမ်ရေးအတွက် ကောင်း မွန်သည့် နည်းလမ်း၊ အကြံဉာဏ်များ ရရှိကြောင်း သိရသည်။
သံတမန်တချို့က ဘူးသီးတောင်၊ မောင်တော ဒေသ၌နေထိုင်သည့် မွတ်စလင် လူမျိုးများ ပညာသင်ကြားခွင့် အားနည်း၍ အစိုးရ အနေဖြင့် ကျောင်းများ တည်ဆောက်ပေးသင့်ကြောင်း ဆွေးနွေးသည်ဟု သိရသည်။
သံတမန်တချို့၏ ပြောဆိုမှုနှင့်ပတ်သက်၍ ဒေါ်ခင်စောဝေ က ဘူးသီးတောင်၊ မောင်တော ဒေသရှိ မွတ်စလင်လူမျိုးအားလုံး သည် ဒေသခံတိုင်းရင်းသားများကဲ့သို့ ပညာသင်ကြားခွင့် တန်းတူရရှိကြောင်း၊ အစိုးရ စာသင်ကျောင်း များ ဖွင့်လှစ်ပေးထားကြောင်း၊ သို့သော် ၎င်းတို့သည် ဘာသာရေး ကျောင်းများကိုသာ တက်ရောက်ကြကြောင်း၊ မွတ်စလင် အမျိုးသမီးများကိုလည်း ၎င်းတို့ မိဘ၊ ခင်ပွန်းတို့က ပညာသင်ကြားခွင့်မပေးကြောင်း ပြန်လည်ဆွေးနွေးသည်ဟု ဆိုသည်။
မွတ်စလင် အမျိုးသမီးများသည် သားသမီး အများအပြားမွေးဖွားသည့်အတွက် စားဝတ်နေရေးအခက်အခဲကြောင့် ပညာမသင်နိုင်ဘဲ အလုပ်လုပ်ကြရကြောင်း၊ ပညာသင်ကြားနိုင်သူများမှာလည်း ၎င်းတို့၏ ဘာသာရေးကျောင်း၌သာ တက်ရောက်ကြောင်း ကို ဒေါ်ခင်စောဝေ က သံတမန်များအား ဆွေးနွေး ရှင်းပြသည်ဟုလည်း သိရသည်။
မွတ်စလင် အမျိုးသမီးများအား ၎င်းတို့၏ ခင်ပွန်း မိဘတို့က ပညာသင်ကြားခွင့် မပေးဘဲ အိမ်တွင်းပုန်းဘဝဖြင့်ထား ရှိပြီး သား သမီး မွေးရေးကိုသာ လုပ်ဆောင်စေကြောင်း၊ အသိပညာ နည်းပါး၍ သားသမီး အများအပြား မွေးကာ လူဦးရေ ဖောင်းပွမှုကို ဖြစ်ပေါ်စေကြောင်း၊ လူဦးရေ အဆမတန် တိုးပွားလာခြင်းသည်ပင်လျှင် ပဋိပက္ခ ဖြစ်ပွားရခြင်းနှင့်ဆက်စပ်နေသည့် ကိစ္စများဖြစ် ကြောင်း ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဒေါ်ခင်စောဝေ က“မွတ်စလင် အမျိုးသမီးတွေကို ပညာသင်ခွင့်ပေးရင် တခြားဒေသခံတိုင်းရင်းသားတွေနဲ့ ထိတွေ့မှုရှိ လာ မယ်၊ အသိတွေတိုးလာမယ်၊ မွေးလာတဲ့ ကလေးတွေကိုလည်း အသိပညာတွေ ပေးနိုင်ပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ် လာနိုင်မယ်”ဟု ရှင်းပြသည်။
နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေးနှင့်သက်ဆိုင်သည့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဆွေးနွေးပြီး ရခိုင်ဒေသတွင်း အငြင်းပွားနေသည့် မွတ်စလင် လူမျိုးများ နှင့်ပတ်သက်၍ ၁၉၈၂ ခုနှစ် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကဆွေးနွေးသွားကြောင်း သိရ သည်။
ရခိုင်ဒေသတွင်း နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားလူမျိုးများနှင့် မွတ်စလင်လူမျိုးများ အားလုံး တည်ငြိမ်အေးချမ်းစွာ နေ ထိုင် သွားနိုင်ရေးအတွက် အဖြေရှာမည့် ဆွေးနွေးပွဲများပြုလုပ်၍ အကောင်းဆုံးနည်းလမ်းများ ဖော်ဆောင်နိုင်ရန် အချိန်ကာလ တခုကြာမြှင့်မည်ဟု အစိုးရနှင့် တက်ရောက်ဆွေးနွေးသူများက ဆိုထားသည်။