၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အနေဖြင့် အနာဂတ် အခင်းအကျင်းတွင် နိုင်ငံရေး ပါတီတရပ် ထူထောင်ရန် အလေးအနက် စဉ်းစားနေကြောင်း သိရသည်။
“လွတ်ပြီးခါစ သတင်းစာရှင်းလင်းပွဲတွေက စပြီး တောက်လျှောက် ပြောပြီးသားပါ။ တရားဝင် ဆုံးဖြတ်ပြီးတဲ့ အခါကျရင် အားလုံး သိရမှာပါ။ အခု အချိန်အထိကတော့ ကျနော်တို့ လေးလေးနက်နက် စဉ်းစားနေတုန်းပါ” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီး က ဧရာဝတီသို့ ပြောသည်။
တခြား ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးမြအေးကလည်း တနေ့နေ့တချိန်ချိန်တွင် တဦးချင်း အားသန်ရာအလိုက် နိုင်ငံရေးပါတီပုံစံ သွားမည့်သူများ ရှိနိုင်ကြောင်းလည်း ပြောသည်။
“တချို့နိုင်ငံရေး လောကထဲမှာ လုံးလုံးလျားလျား နိုင်ငံရေးပါတီတခုခုမှာ ဝင်တာမျိုး၊ ဒါမှမဟုတ် နိုင်ငံရေးပါတီ တခုခုကို ထောင်တာမျိုး၊ ဒါမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ CSO, NGO လိုင်းမှာ ကျန်ခဲ့သူတွေလည်း ကျန်ခဲ့မယ်။ အဲဒါက ကာလတရပ်မှာ ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် လောလောဆယ်တော့ အဲဒါတွေနဲ့ပတ်သက်ပြီး ဘာ အစီအစဉ်မှတော့ မရှိသေးဘူး” ဟု ဦးမြအေးက ဆိုသည်။
မြန်မာနိုင်ငံသို့ ခတ္တရောက်ရှိနေသည့် ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန်က ၈၈ မျိုးဆက် ကျောင်းသားများအား နိုင်ငံရေး အင်အားစုတခုအဖြစ် အခိုင်အမာ ဆက်လက်ရပ်တည်စေလိုကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသို့ ဝင်ရောက်ခြင်းနှင့် နိုင်ငံရေးပါတီ သီးခြားတည်ထောင်ပါကလည်း ကြိုဆိုထောက်ခံ သွားမည်ဖြစ်ကြောင်း ပြောသည်။
“၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို တိုက်တွန်းချင်တာကတော့ NLD ထဲ ဝင်လိုက်ရင် ပိုပြီးတော့ အဆင်ပြေမယ်၊ ပိုပြီးတော့ ကောင်းမယ်ပေါ့လေ။ NLD ပါတီလည်း ပိုပြီး အင်အားရှိသွားမယ်၊ မျိုးဆက်သစ်တွေအနေနဲ့ ဆက်လက် ဦးဆောင်သွားနိုင်တာပေါ့၊ ပါတီသစ်တရပ် တည်ထောင်ဖို့၊ အရှည်သဖြင့် တည်တံ့အောင်လုပ်ဖို့ဆိုတာ အလွန် ခက်ပါတယ်” ဟု လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သူ ဦးမိုးသီးဇွန်က ပြောသည်။
အကယ်၍ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် ပါတီသစ်တခု တည်ထောင်ရန်၊ ခိုင်မြဲရန် အခက်အခဲများ၊ စိန်ခေါ်မှု များရှိသည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်လည်း လိုကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကလည်း ၈၈ မျိုးဆက် ကျောင်းသားများအား ပါတီတွင်း ဝင်ရောက်လာရန် လမ်းဖွင့်ပေးထားကြောင်း NLD သတင်းရပ်ကွက် အဆိုအရ သိရသည်။
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ပတ်သက်၍ သဘောထား မေးမြန်းမှုတခုတွင် အနုပညာအားကောင်းသူ၊ လူမှုရေး စိတ်အားထက်သန်သူ၊ နိုင်ငံရေး စိတ်အားထက်သန်သူများဖြင့် စုဖွဲ့နေသည့်အတွက် ရေရှည်တွင် ယခုကဲ့သို့ အုပ်စုလိုက်ကြီး သွား၍ မဖြစ်နိုင်ကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့သည်။
၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး ဝန်းကျင်အပေါ် သက်ရောက်မှုအပေါ် မူတည်ပြီး ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများတွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်ဖြည့်ဆည်းလျှင် အကောင်းဆုံးဖြစ်မည်ကိုသာ အခြေခံ စဉ်းစားလေ့ရှိကြောင်း၊ ၈၈ မျိုးဆက်အဖွဲ့သည် အသွင်အမျိုးမျိုးဖြင့် တဦးချင်း အားကောင်းမှု၊ အစုအဖွဲ့လိုက် စိတ်အားထက်သန်မှု စသည်ဖြင့် ရှိသော်လည်း အနာဂတ်တွင် ထီးရိပ် တခုတည်းအောက်၌ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။
“ကျနော်တို့ထဲမှာ နိုင်ငံရေးကို ဇောက်ချလုပ်တဲ့အစုတစု၊ အင်အားစုတခုအဖြစ် ကျနော်တို့ထဲမှာ ထွက်လာမှာပါ။ တခြား လူမှုရေး လုပ်ငန်းတွေမှာ ဆက်ပြီးတော့ တက်တက်ကြွကြွ လုပ်တဲ့သူတွေလည်း ရှိနေမှာပါ။ ကျနော်တို့ တခုခု ဆုံးဖြတ်ပြီးတဲ့အခါမှာ တယောက်နဲ့ တယောက် သဘောထားကွဲလွဲတာ မဟုတ်ဘဲနဲ့ ထီးရိပ်တခုတည်းအောက်မှာ လုပ်ငန်းခွဲဝေ လုပ်ကိုင်တာတွေ ရှိလာမှာပါ” ဟု ဦးကိုကိုကြီးက ဆိုသည်။
ဦးမြအေးကလည်း “အန်တီစု ပြောသွားသလိုပဲ လူမှုရေး၊ နိုင်ငံရေး၊ အနုပညာ အစရှိသည်ဖြင့် အားသန်တဲ့လူတွေ စုထားကြတာကိုး။ အချိန် ကာလတရပ်မှာတော့ ကျနော်ထင်ပါတယ်၊ သူ့လိုင်းသူ ကိုယ့်သန်ရာ သန်ရာ အဲဒီလိုမျိုး သွားကြမှာပေါ့ဗျာ။ ဒါပေမယ့် ဆိုလိုတာက ကွဲသွားမှာ မဟုတ်ဘူး။ ကွဲသွားဖု့ိလည်း ကျနော်တို့ မှာ မရှိဘူးဗျ” ဟု ဆိုသည်။
မြန်မာ့နိုင်ငံရေးတွင် ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံရေးသည် မူဝါဒ တခု လည်း ဖြစ်ကြောင်း၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နေရမှုကို နားလည်ရန်လိုပြီး ဒီမိုကရက်တစ် အင်အား စု များအားလုံး တစုတဝေးတည်း ရပ်တည်ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း ဦးမြအေးက ဆိုသည်။
“ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ၈၈ ဟာ NLD ရဲ့ ပြိုင်ဖက်မဟုတ်ဘူး၊ ပြိုင်ဖို့လည်း ကျနော်တို့မှာ စိတ်ကူးမရှိဘူး။ ၈၈ ရဲ့ ပေါ်လစီမှာကိုက ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က ဝန်းရံမယ်ဆိုတဲ့ဟာက ပါပြီးသား။ အန်တီစု အခု လုပ်နေရတဲ့ အခြေအနေမျိုးဟာ အလွန်တရာ ခက်ခဲပါတယ်။ အဲဒီအပေါ်မှာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ တထိုင်တည်း မဖြစ်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်တာမျိုးကတော့ ကျနော်တို့ လက်မခံဘူး” ဟု ၎င်းက ဆက်ပြောသည်။
ယခုတလောတွင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို အစိုးရဘက်မှ ဘက်လိုက်သူများ၊ အစိုးရနှင့် နီးစပ်သူ စီးပွားရေး ကုမ္ပဏီကြီးများဘက်က ရှေ့နေလိုက်ပေးသူများ စသည်ဖြင့် ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများလည်း ရှိနေရာ အဆုံးအဖြတ်သည် ပြည်သူလူထုသာဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ဆိုသည်။
“လူတဦးတယောက်ချင်း၊ အဖွဲ့အစည်း တခုချင်းမှာ သမိုင်းကြောင်းရှိပါတယ်။ လုပ်ထားတဲ့လုပ်ရပ်တွေ သက်သေရှိပါတယ်။ ကျနော်တို့ အလုပ်သမား ပဋိပက္ခမှာ ဘယ်လိုဖြေရှင်းတယ်၊ လယ်ယာသိမ်းကိစ္စတွေမှာ ဘယ်လိုဖြေရှင်းတယ်၊ ငြိမ်းချမ်းရေး ကိစ္စတွေမှာဘာတွေ လုပ်နေတယ်ဆိုတာတွေ အားလုံးဟာ အကောင်အထည်တွေနဲ့ ရှိပါတယ်။ အဓိက ကတော့ ပြည်သူ အဆုံးအဖြတ်ပေးပါလိမ့်မယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
မကြာသေးမီက ဦးမင်းကိုနိုင်၏ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု မမျှတသည့်အတွက် အမေရိကန် ပြည်ထောင်စုသို့ ဆုသွားရောက်ယူမည့် ခရီးစဉ် ပယ်ဖျက်ခဲ့သည်။ ထို့ကြောင့် ပထမ အသုတ်အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်း ၁၉ ဦး ၏ နိုင်ငံကူးလက်မှတ်များ ရရှိသည်ဟု ဆိုသော်လည်း တချို့သာ ထုတ်ယူပြီးသေးကြောင်း၊ လတ်တလော နိုင်ငံခြား ခရီးစဉ် မရှိသေးကြောင်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင်များအား နိုင်ငံတကာမှ ပညာသင်ဖိတ်ခေါ်ခြင်း၊ လူသားအရင်းအမြစ် တိုးတက်ရေး သင်တန်းများ တက်ရောက်ရန် ဖိတ်ကြားခြင်း၊ ဆွေးနွေးပွဲများ၊ လေ့လာရေး ခရီးစဉ်များ၊ ပညာရေးဆိုင်ရာ ထပ်မံ လေ့လာ ဆည်းပူးနိုင်ရေးတို့အတွက် နိုင်ငံတကာက ဖိတ်ကြားမှုများ ရှိကြောင်း သိရသည်။