မြန်မာ့ရုပ်ရှင် အရည်အသွေးမြှင့်ဖို့
မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကမှာ ရုပ်ရှင်ဇာတ်ကား ၂၀ရက်၊ ဗီဒီယိုဇာတ်ကား ၁၀ ရက်၊ တလကို ဗီဒီယိုဇာတ်ကား ၃ ကားနှုန်း အချိန်ပေး ရိုက်ကူးမှု မရှိဘူးဆိုရင် ၃ ကားထက် ပိုလာတဲ့ ဇာတ်ကားတွေကို ဆင်ဆာကြည့်ရှုခွင့် ထောက်ခံချက် ပေးမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဧရာဝတီကိုပြောပါတယ်။
“တလ ၃ ကားမဟုတ်ဘဲ ၅ ကားရိုက်တယ်၊ ၆ ကားရိုက်တယ်။ အဲဒီလို ရိုက်လာပြီဆိုရင် ကျနော်တို့ဟာ ၃ ကားပဲ ဆင်ဆာ ကြည့်ရှုခွင့် ထောက်ခံချက် ပေးမှာပါ။ ဒီလအတွင်းမှာ ပိုရိုက်ထားတဲ့ ကားတွေကို ထောက်ခံချက် ပေးမှာမဟုတ်ပါဘူး။ နောက်တခုက အရေးယူခြင်းဆိုတာ ဥပဒေအရ မဟုတ်ဘဲနဲ့ အဖွဲ့အတွင်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဖောက်ဖျက်ခဲ့ရင် ကျနော်တို့က ပြစ်တင်ရှုံ့ချတာတို့၊ လူပျက်စာရင်းသွင်းတာတို့ လုပ်မယ်။ အနုပညာလုပ်ပိုင်ခွင့်ကို ကျနော်တို့က ပိတ်ဆို့တာ မဟုတ်ဘူး။ လူတယောက်ရဲ့ အနုပညာဖန်တီးမှုကို ကျနော်တို့ ပိတ်ပင်လို့မရဘူး။ ဒါပေမယ့် အဖွဲ့အစည်းအနေနဲ့ အရေးယူဆောင်ရွက်နိုင်တဲ့ အတိုင်းအတာတွေကတော့ လုပ်ရမှာပါ” လို့ သူက ဆိုပါတယ်။
အနုပညာ လောကသားတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းဖြစ်တဲ့ အနုပညာပစ္စည်းတွေကို အရည်အသွေး
မြင့်မားအောင် ဆောင်ရွက်ဖို့လိုပြီဖြစ်လို့ အခုလို သတ်မှတ်ရခြင်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီသတ်မှတ်ချက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ဒါကို ပြန်လည် အကောင်အထည်ဖော်ဖို့
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြိုပမ်းနေကြတာပါ။
ထုတ်လုပ်သူဘက်က ကုန်ကျစရိတ်နည်းနည်းနဲ့ အမြတ်များများရ၊ ကားများများ ထွက်ပြီးရော၊ ဒါရိုက်တာကလည်း အရည်အသွေး ကောင်းချင်မှကောင်းမယ်၊ ဇာတ်ကားများများ ရိုက်နေရပြီးရော၊ သရုပ်ဆောင်တွေ ဘက်ကလည်း ကိုယ် ရိုက်ထားတဲ့ကား များများထွက်ပြီး နာမည်ကျော်ကြား လူသိများ၊ ပိုက်ဆံရ ပြီးရော ဆိုတဲ့ နည်းလမ်းတွေနဲ့ရိုက်ကူး ထွက်ရှိလာတာဖြစ်လို့ ရုပ်ရှင် ဗီဒီယို လောကမှာ “သုံးရက် တကား” ဆိုတဲ့ စကားလေး တခုတောင် ခေတ်စားခဲ့ပါတယ်။
ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကြီးတွေရဲ့ ဇာတ်ကားတကား ရိုက်ကူး ထုတ်လုပ်မှုဟာ တချို့ဆို နှစ်ပေါက်အောင် ရိုက်ကူးကြသလို၊ ဟောလီးဝုဒ် ရုပ်ရှင် မင်းသား၊ မင်းသမီးတွေကလည်း ဇာတ်ကား တကားစာအတွက် တနှစ်ပတ်လုံး အချိန်ပေး နေကြရတာတွေ ရှိနေတယ်ဆိုတာ အများအသိပါ။ ဒါပေမယ့် တဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း ဟောလီးဝုဒ် ရုပ်ရှင် လောကသားတွေရဲ့ ဝင်ငွေနဲ့ မြန်မာ့ ရုပ်ရှင်လောကသားတွေရဲ့ ဝင်ငွေကလည်း အဆပေါင်းများစွာ ကွဟနေတာကိုး။ ဒီတော့လည်း အချိန် ပေးတုန်းလေး၊ အသက်ကလေး ရှိတုန်းလေး၊ နာမည်ရတုန်းလေး အပြေးအလွှား ရိုက်ထားကြရတဲ့ သဘောရှိပါတယ်။
“ဇာတ်ကားတကားကို ဆယ်ရက်နဲ့ပြီးအောင် ရိုက်ဖို့ဆိုတာ ခက်ပါတယ်။ ရိုက်ကူးစဉ်ကာလမှာ အခက်အခဲတွေ့လို့ ၁၅ ရက်လည်း ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။ ရိုက်ကူးစဉ် ကာလမှာ စီမံခန့်ခွဲမှု ကောင်းမွန်သွားလို့ ရာသီဥတု အခြေအနေကလည်း ကောင်းမွန်လို့ သရုပ်ဆောင်တွေကလည်း အကုန်လုံး ညီညီညွတ်ညွတ်လုပ်ကြရင် ၆ ရက်နဲ့လည်း ပြီးနိုင်တယ်၊ ၇ ရက်နဲ့လည်း ပြီးနိုင်ပါတယ်။ ဒါကိုကျနော်တို့က ဆယ်ရက် အပြည့် ရိုက်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဇာတ်ကားတကားကို အနည်းဆုံး ဆယ်ရက်တော့ အချိန်ပေးရမယ်။ တလကို သုံးကားပဲ ရိုက်ကူးခွင့်ပေးမယ်ဆိုတဲ့ နည်းကို ထွင်တာပါ။ မပြီးပြီးအောင် ရိုက်တဲ့ သဘော မဟုတ် တော့ဘဲ မကောင်းကောင်းအောင် ရိုက်တယ်ဆိုတဲ့ သဘောဖြစ်လာပါမယ်” လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။
မြန်မာရုပ်ရှင် ဗီဒီယိုတွေကို နှစ်သက်အားပေးကြတဲ့ သူတွေ ရှိသလို တခါလာလည်း ဒီဇာတ်ကြောရိုး၊ ဒီရိုက်ကွင်းနေရာတွေနဲ့ ထပ်နေပြီး အဆုံးမှာ ဘာဖြစ်မယ်ဆိုတာတောင် ကြိုသိနေလို့ မြန်မာကားဆိုရင် မကြည့်ချင်ဘူးဆိုတဲ့ မြန်မာလူမျိုးတွေလည်း တပုံတပင်ပါ။
ဘာပဲဖြစ်ဖြစ် ပေါပေါလောလော၊ ပြီးပြီးရော ထွက်လာမယ့် အရည်အသွေးမရှိတဲ့ ဇာတ်ကားတွေကို လျှော့ချဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို သတ်မှတ်ချက်တွေ လုပ်လိုက်တာကိုတော့ ကြိုဆိုသင့်တယ် ထင်တာပဲ။
ဒီလို အရည်အသွေးရှိတဲ့ ဇာတ်ကားတွေကို အချိန်ပေး ရိုက်ကူးရပြီဆိုရင်လည်း ပုံမှန်ထက် နှစ်ဆဖြစ်လာမယ့် ကုန်ကျစရိတ်ဆိုတဲ့ အရာကြီးကို ကာမိဖို့အတွက် ခိုးကူးလောက ပပျောက်ပါမှ အားလုံး အဆင်ပြေ ချောမွေ့မှာ ဖြစ်တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဥပဒေနဲ့အညီ ထိန်းသိမ်းကာကွယ်ပေးဖို့ တောင်းဆိုချင်ပါတယ်လို့လည်း ဦးဇင်ဝိုင်းက ဆိုပါတယ်။
“ကျနော်တို့က ဥပဒေ ပြဌာန်းတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ဥပဒေကို အကောင်အထည်ဖော်တဲ့ အဖဲ့ွအစည်းလည်း မဟုတ်ပါဘူး။ ဥပဒေကို ထိန်းသိမ်းတဲ့ အဖွဲ့လည်း မဟုတ်ပါဘူး။ သို့သော် ဒီဥပဒေသည် ကျနော်တို့ လောကအတွက် ပြဌာန်းထားတယ်ဆိုရင် အဲ့ဒီဥပဒေအတိုင်း ကျနော်တို့က လိုက်နာရမယ်။ ကျနော်တို့ လိုက်နာသလို ဒီဥပဒေကလည်း ကျနော်တို့ကို ပြန်ပြီး စောင့်ရှောက် ကာကွယ်ပေးဖို့ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။
မစပ်စု အနေနဲ့ကတော့ မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုလောကကြီး အရည်အသွေးပြည့်မီ ကောင်းမွန်ပြီး ခိုးကူးကင်းစင်တဲ့ လောကကြီး ဖြစ်ပါစေလို့ပဲ ဆန္ဒပြုရင်း …။

မြန်မာဝတ်စုံလေးတွေ ဝတ်ကြမလား
မြန်မာ မိန်းကလေးတွေရဲ့ အတိုအပြတ်၊ အဟိုက် အခွဲ ဝတ်စားဆင်ယင်မှုကို ဆန့်ကျင်တဲ့အနေနဲ့ မန္တလေးမြို့က “တမာအရိပ်” ဆိုတဲ့ လူမှုရေးအဖွဲ့ဝင်တွေက မြန်မာဝတ်စုံတွေကို စံပြအဖြစ် ဝတ်ဆင်ပြကြပါတော့မယ်။
စက်တင်ဘာ ၂၃ ရက်နေ့ (ဥပုသ်နေ့) ကနေစပြီး ဥပုသ်နေ့တွေတိုင်း အဲဒီလို ဝတ်ဆင်ကြမှာဖြစ်ပြီး မန္တလေးသူအားလုံး အဲဒီနေ့တွေမှာ သူတို့လို မြန်မာဆန်ဆန် လိုက်ဝတ်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
“ကျမတို့က ကွန်ရက်ပုံစံမျိုးပေါ့၊ တယောက်နဲ့တွေ့ရင် မြန်မာဝတ်စုံလေးတွေ ဝတ်ကြမလားလို့ မေးလိုက်တယ်။ အဲဒီအပေါ်မှာ သဘောကျကြတယ် ဆိုရင် ကျမတို့က တယောက်နဲ့ တယောက် မဆုံကြတာတောင်မှ ကိုယ့်အိမ်မှာ ကိုယ်နေ၊ အလုပ်ကိုပဲ သွားသွား အဲဒီနေ့လေးကို ရင်ဖုံးအကျႌလေးတွေ ဝတ်ကြမယ်။ ရှိတဲ့ ထမီလေးတွေ ဝတ်ကြမယ်ပေါ့။ အဲဒါမျိုး စလုပ်ကြမှာပါ။ကျမတို့အဖွဲ့ကို ဆက်သွယ်ပြီး ကျမတို့အဖွဲ့ဝင်ဖြစ်မှ မဟုတ်ပါဘူး။ ကျမတို့အဖွဲ့ထဲကို မလာနိုင်တဲ့သူတွေလည်း ဒီလို အဝတ်အစားလေး ဝတ်ဆင် ထားလို့ရပါတယ်။ သူတို့တွေဟာ ကျမတို့နဲ့ အတူတူပဲ ဒီရက်မှာ ဒီလိုလေး ဝတ်ကြမယ်ဆိုတဲ့ အသိစိတ်လေး ဝင်လာတယ်ဆိုရင်ပဲ ကျမတို့က ကြိုဆိုမှာပါ” လို့ တမာအရိပ် လူမှုရေးအဖွဲ့ဝင် တဦးက ဆိုပါတယ်။
အခုနောက်ပိုင်း မန္တလေးမြို့က မြန်မာ မိန်းကလေးတွေဟာ ဘီယာဆိုင်ထိုင်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ၊ လျှပ်ပေါ်လော်လီတဲ့ ဝတ်စားဆင်ယင်မှုတွေကို နေရာဒေသမရွေး ဝတ်ဆင်လာကြတာတွေ မြင်လာရတဲ့အတွက် ကိုယ့် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုကို ချစ်မြတ်နိုးတတ်လာစေဖို့ ဒီလို ဝတ်ဆင်ထားရင်း စိတ်ဓာတ်ရေးရာပိုင်း၊ ကိုယ်ကျင့်တရား၊ အပြုအမူ အနေအထိုင်ပိုင်းက အစ ပြောင်းလဲ မြင့်မားလာစေဖို့ ရည်ရွယ်တယ်လို့ သူက ရှင်းပြပါတယ်။
“ရှေးရိုးစွဲအတိုင်း နုနုရွရွ နေရမယ်လို့ ပြောလိုတာ မဟုတ်ပါဘူး။ မြန်မာ့ရိုးရာ ဝတ်စုံလေးတွေ ဝတ်ဆင်ပြီးတော့ ကျမတို့က ယောကျာ်တွေနဲ့ တန်းတူ အလုပ်လုပ်နိုင်မယ်၊ တွေးခေါ်နိုင်ရမယ်၊ ခေါင်းဆောင်နိုင်ရမယ်။ အဲဒါမျိုး အထိ ရည်ရွယ် ပါတယ်။ အဓိကကတော့ စိတ်ဓာတ်တွေ မြှင့်တင်စေချင်တာပါ။ မြန်မာ့ရိုးရာ ချည်ထည် အဝတ်အစား လေးတွေကလည်း ရာသီဥတုနဲ့ ကိုက်ညီပါတယ်။ အမြဲတမ်း ဝတ်ဆင်ရမယ်လို့လည်း ပြောတာ မဟုတ်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုကို ဖော်ဆောင်တဲ့ နေရာမှာ မြန်မာ နေ့လေးတနေ့ သတ်မှတ်ထားတာပါ။ ဒါကြောင့် ဥပုပ်နေ့ တရက်တည်းကိုပဲ အဓိက ထားပြီး လုပ်လိုက်တာပါ” လို့ တမာရိပ် အဖွဲ့ဝင်က ပြောပါတယ်။
သူတို့ အဖွဲ့ အနေနဲ့ အစပိုင်းမှာ အပတ်စဉ် ဥပုသ်နေ့တိုင်း မြန်မာ့ရိုးရာ ဝတ်စုံတွေကို ဝတ်ဆင်ကြဖို့ လှုပ်ရှားကြမှာဖြစ်
ပြီး နောက်ပိုင်းမှာတော့ အစု အဖွဲ့လိုက် ပရဟိတ ကျောင်းတွေကို သွားရောက် လုပ်အားပေးတာတွေ၊ ဗဟုသုတနဲ့ သက်ဆိုင်ရာ အကြောင်းကိစ္စတွေကို ဆွေးနွေးတာတွေ၊ စာတမ်းဖတ်တာတွေ စတဲ့ အစီအစဉ်တွေလည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မစပ်စု အခုနေတဲ့ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထွန်းကားရာ ချင်းမိုင်မြို့မှာတော့ တပတ်တခါ တနင်္လာနဲ့ သောကြာနေ့တိုင်း ကျောင်းတွေ၊ ရုံးတွေမှာ သူတို့ရဲ့ ချင်းမိုင်ရိုးရာ ချည်ထည် ဝတ်စုံလေးတွေကို ဝတ်ဆင်ကြတဲ့ ဓလေ့ ထုံးစံ ရှိပါတယ်။ တခြားရက်တွေမှာ ချင်းမိုင် သူတွေဟာ ဘယ်လောက်ပဲ အတို အပြတ်၊ အကွဲ အဟိုက်တွေ ဝတ်ဆင်နေကြပေမယ့် တပတ်တခါ အဲဒီနေ့လေးတွေ ရောက်တိုင်း သူတို့ရဲ့ ရိုးရာဝတ်စုံတွေကို ဝတ်ဆင်ကြလေ့ရှိပါတယ်။ ထူးခြားတာက မဝတ်လို့ အပြစ်ပေးတာမျိုးလည်း မကြားဖူးပါဘူး၊ သူ့အသိစိတ်ဓာတ်နဲ့သူ ဝတ်ကြတာပါ။
ဒါပေမယ့် ဒီဓလေ့ကိုတော့ မြို့ကြီးဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လုပ်လေ့လုပ်ထ မရှိပါဘူး။
ချင်းမိုင်မြို့နဲ့ အလားသဏ္ဍန်တူတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတို့ ထွန်းကားရာ မန္တလေးမြို့ရဲ့ လမ်းမတွေမှာလည်း ရိုးရာ ဝတ်စုံလေးတွေကို လှလှပပဝတ်ဆင် လမ်းထွက်လာတဲ့ မြန်မာမိန်းကလေးတွေကို မစပ်စု စိတ်ကူးနဲ့ မြင်ယောင် ကြည့်နေမိ ပါတော့တယ်။