ကချင်ပြည်နယ် ဖားကန့် ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ မကြာသေးခင်က ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံများ ထပ်မံ ထွက်ပြေး နေကြရသည်။
ပြီးခဲ့သည့် စနေနေ့က KIAတပ်ဖွဲ့နှင့် အစိုးရ တပ်ရင်းများ ဖားကန့်မြို့နယ် ကသိုဏ်း တောင်(ခေါ်) ဘုရားတောင် ကျေးရွာအနီးတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရခြင်း ဖြစ်သည်ဟု ဒေသခံ တဦးက ပြော သည်။
ဖားကန့်မြို့ပေါ်ရှိ ဒေသခံများ အဆိုအရ အစိုးရ ခြေမြန် တပ်မ (ခမရ) ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်းနှင့် KIA တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဒေသခံများသည် လတ်တလော တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာနှင့် ၂ မိုင်ခန့် ကွာဝေးသော စိုင်းတောင်၊ တာမခံ ကျေးရွာများမှ ဘာသာရေး ကျောင်းများတွင် တိမ်းရှောင်နေကြရကြောင်း ကြားသိရသည်ဟု ဖားကန့် မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။
“ဘုရားကျောင်းကတော့ သူတို့အတွက် နေဖို့ ထိုင်ဖို့ ချက်ပြုတ် ကျွေးမွေး အဲဒီလို ဝိုင်းပြီးတော့ ကူညီတယ်၊ နောက် စိုင်းတောင် ဒေ သခံတွေကလည်း ဝိုင်းဝန်းကူညီပံ့ပိုးမှုတွေ လုပ်ပေးတော့ စားရေးသောက်ရေး အဆင်ပြေကြတယ်”ဟု ဦးဒါချီလစိုင်းက ဆက်ပြော သည်။
တိမ်ရှောင်လာသူများတွင် နမ့်မော် ကျေးရွာ ဒေသခံများလည်း ပါဝင်ပြီး ကျောင်းနေ အရွယ် ကလေးငယ်များပင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ် သြဂုတ်လကလည်း KIA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၈၀၀၀ ခန့် ဖားကန့်မြို့ပေါ်သို့ ထွက် ပြေး တိမ်းရှောင်ခဲ့ရသည်။ ၎င်းတို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လူမှုကူညီရေး အသင်း အဖွဲ့များက စားဝတ် နေရေး အတွက် ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။
မကြာသေးခင်ကလည်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်စေရေး အတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြလမ်းလျှောက်ပွဲ ကျင်းပခဲ့ရာ အာဏာပိုင်များ၏ တားဆီးမှုကို ခံခဲ့ရသေးသည်။
KIA နှင့် အစိုးရတပ်များ အကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ် ပွားလျက်ရှိရာ ဒေသခံ ၉၀၀၀၀ ခန့် အိုးအိမ်တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရကြောင်း ကချင် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ထုတ်ပြန်ထားသည်။
KIA သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။
သမ္မတ ဦးသိန်းစိန်က KIA မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေးအတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ခဲ့သော်လည်း KIA အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိကြောင်း မကြာသေးခင် ရက်ပိုင်းက နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ပြောကြား ထားသည်။