ကြေးနီ ၃၃၈ တန် အလွဲသုံးစားလုပ်သည်ဟူ၍ စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရသည့် မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီလီမိတက် (MICL) မှ ဦးအောင်လောဟာနှင့် ပတ်သက်၍ တရားမျှတစွာ အမှုမှန်ပေါ်ပေါက်ရန် ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်သို့ ညီဖြစ်သူ ဦးအောင်လောကီးက တိုင်ကြားလိုက်သည်။
ယင်းကြေးနီများမှာ အမှတ် ၁ သတ္တုတွင်းနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟို ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်နေသည့် စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် ကြေးစင်တောင် စီမံကိန်းမှဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံမှ အိုင်ဗင်ဟို ကုမ္ပဏီ ရုပ်သိမ်းသွားစဉ် တရုတ်ကုမ္ပဏီသစ် ယန်စီကော့ပါးသို့ ရှယ်ယာနှင့် စာရင်းများ လွှဲပြောင်းချိန်တွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။
ထိုကြောင့် တာဝန်ရှိ MICL ကုမ္ပဏီအကြီးအကဲ မစ္စတာ ဂလန်းဖို့နှင့် ပစ္စည်းလက်ခံသူ ဒေါ်သီရိတို့ကို ဌာနမှ အမှုဖွင့် အရေးယူရာ ထိုသူနှစ်ဦး ထွက်ပြေးသွားသည့် အတွက် ကျန်ရစ်သည့် ဒုတိယ ထုတ်လုပ်ရေးမှူး ဦးအောင်လောဟာနှင့် ဝယ်ယူပို့ ဆောင်ရေး အရာရှိ ဦးကျော်ဆွေတို့ကို အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (အပက ၃) ဖြင့် အရေးယူရန် ပြုလုပ်ကြောင်း၊ ထိုသို့အရေးယူခြင်းမှာ တရား မျှတမှု မရှိဟု ယူဆသည့် အတွက် တိုင်ကြားခြင်းဖြစ်ကြောင်း ညီဖြစ်သူ ဦးအောင်လောကီးက ဧရာဝတီသို့ ပြောသည်။
“MICL ကုမ္ပဏီအကြီးအကဲ ညွှန်ကြားချက်အတိုင်း ပို့ပေးပါဆိုတဲ့ အတွက် ကျနော့် အစ်ကိုက လုပ်ပေးရတာ၊ အထက်အမိန့်အရ လုပ်ရတာ ဘာအပြစ်မှ မရှိဘူး၊ ဥပဒေ လမ်းကြောင်းအတိုင်းသာ ဆောင်ရွက်ဖို့ ဦးအောင်လောဟာ ကလည်း မှာတယ်” ဟု ၎င်းက ဆိုသည်။
ဦးအောင်လောဟာကို ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က အမှုအတွက် သက်သေ ထွက်ချက်ရယူရန် ဆားလင်းကြီး ရဲစခန်းက ဆင့်ဆိုရာ လုပ်ငန်းခွင်မှ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ညီဖြစ်သူ ဦးအောင်လောကီးက ဆက်လက် ပြောသည်။
အသက် ၆၄ နှစ်အရွယ်ရှိ ဦးအောင်လောဟာသည် ချင်းပြည်နယ် မင်းတပ်ဇာတိဖြစ်ပြီး ချင်းအမျိုးသား တဦးဖြစ်သည်။ ဂျာမနီနိုင်ငံတွင် မိုင်း အင်ဂျင်နီယာပညာကို ၅ နှစ်ခန့် သွားရောက်သင်ကြားခဲ့သူ ဖြစ်ပြီး သတ္တုတွင်းဝန်ကြီးဌာနတွင် ၂၆နှစ် အမှုထမ်း ခဲ့သူဖြစ်သည်။
ဝန်ထမ်း လုပ်သက်အတွင်း အပြစ်ပေး အရေးယူခံရခြင်း မရှိသည့်အပြင် အထက်လူကြီးများ၏ ယုံကြည်ကိုးစားမှုကို ခံရသူ ဖြစ်သည်ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုဝန်ကြီးများဖြစ်သည့် ဦးကိုကိုသန်း၊ ဦးမြင့်သိန်းနှင့် မြန်မာအိုင်ဗင်ဟို ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌဟောင်း ဦးရိုးစိန်တို့ကို သက်သေထားပြီး ပြောဆိုနိုင်ကြောင်း ညီဖြစ်သူ ဦးအောင်လောကီးက ဆိုသည်။
ယခုအခါ အပက (၃) နှင့် အရေးယူရန် ပြုလုပ်ခြင်းသည် မတရားသည့်အတွက် အာရှလူ့အခွင့်အရေး ကော်မရှင် ကိုသာမက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ရှိ လူ့အခွင့် အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သည့် ကော်မတီများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သို့ စာများပေးပို့ တိုင်ကြားထားသည်ဟု သိရသည်။
အဆိုပါ ကြေးနီထုတ်လုပ်ရေး စီမံကိန်းများသည် ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်ကတည်းက ယူဂိုဆလပ် ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီများက ထုတ်လုပ်နေသည့် စီမံကိန်းဖြစ်ပြီး နောက်ပိုင်းတွင် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုကုမ္ပဏီဖြင့် ဆက်လက် ထုတ်လုပ်နေသည့် စီမံကိန်းဖြစ်သည်။
ယခုအခါ တရုတ်နိုင်ငံပိုင် ယန်စီကော့ပါးကုမ္ပဏီမှ နေ၍ မြန်မာယန်စီကော့ပါး လီမိတက်အမည်ဖြင့် ဆက်လက်လုပ် ဆောင်နေသည်။
ကြေးနီ ထုတ်လုပ်ရာတွင် စွန့်ပစ်သည့် ဆာရ်ဖျူရစ် အက်စစ်ရည်များကြောင့် ပတ်ဝန်းကျင် ကျေးရွာများရှိ စိုက်ခင်းများ၊ သောက်သုံး ရေများကို ထိခိုက်ခဲ့ကြောင်း၊ အက်စစ်မိုးများကြောင့် အိုးအိမ်များကအစ ပျက်စီးနေကြောင်း၊ ယခုအခါ ကြေးစင်တောင်နှင့် စံပယ်တောင်တို့မှာ ပျောက်ဆုံးသွားပြီဖြစ်ကြောင်း မုံရွာခရိုင် ဒေသခံများထံမှ စုံစမ်းသိရသည်။