မုံရွာမြို့ အနောက်ဘက် ကမ်းကြေး စင်တောင်နှင့် စံပယ်တောင် အနီးတွင်နေထိုင် လျှက်ရှိကြသည့် ဒေသခံပြည်သူများ တွင်ရှုရှိုက်သည့် လေသန့်ရှင်းမှု မရှိခြင်း၊ သောက်သုံးရေ ညစ်ညမ်းခြင်း တို့ကြောင့် အမည် မဖော်နိုင်သည့် ရောဂါဆန်းများ ဖြစ်ပွားမှု များပြားနေကြောင်း သိရသည်။
ယင်းဒေသတွင် ဒေသခံ ၇၀၀၀ ကျော်တို့ နေထိုင်လျှက် ရှိပြီး ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ယခုနှစ်အထိ ၂ နှစ်အတွင်း သေဆုံးသည့် ဦးရေနှုန်းပိုမို မြင့်တက်လာပြီး ဆေးဝါးကုသမှုများလည်း စနစ်တကျ မခံယူနိုင်သေးကြောင်း ကြေးစင်တောင် အနီးရှိ ကံကုန်းကျေးရွာမှ ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ်လမှဇူလိုင်လ သုံးလအတွင်း အသည်းကင်ဆာနှင့် သေဆုံးသူ၄ ဦးရှိခဲ့ကြောင်း၊ ယခင်က သေဆုံးမှုများနှင့် ပတ်သက်၍ မည်သည့် ရောဂါဟု အတိကျမသိရ သော်လည်း၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် သေဆုံးသူများကို စာရင်းသေချာစွာ ပြုစုကောက်ခံထားပြီး ရောဂါကိုလည်း စစ်ဆေး ရှာဖွေ မှတ်တမ်းများ ပြုစုထားကြောင်း ကံကုန်း ကျေးရွာတွင် နေထိုင်သည့် အသက်၆၂ နှစ်အရွယ်ရှိဦးဘိုသန်းက ဆိုသည်။
‘‘သေတာကတော့ အရင်ကလည်း တဖြုတ်ဖြုတ်နဲ့သေကြတာ။ သေတာက ဘာမှမဆန်းဘူး ဆိုပေမယ့် ၂၀၀၃ ခုနှစ်က စပြီး လူလတ်ပိုင်းတွေ တဖြုတ်ဖြုတ်နဲ့ အသေများလာတာ ကိုတွေ့ရတယ်။ ကျနော်တို့ရွာမှာက သေတဲ့လူကို အခေါင်းထဲမှာ ဇာတာနဲ့ ဆေးမှတ်တမ်းတွေ အကုန်ထည့်ပေးတဲ့ ဓလေ့ရှိနေတော့ အရင်က ဘာရောဂါဆိုတာ မသိရဘူး။ လွန်ခဲ့တဲ့နှစ်နှစ် လောက်ကမှ သေဆုံးတဲ့နှုန်း များလာပြီး သေတဲ့ရောဂါတွေ ကလည်း ကင်ဆာရောဂါ ဆန်းတွေဖြစ်နေ တဲ့တွက်မှတ်တမ်း ယူခဲ့တာပါ”ဟု ၎င်းကပြောသည်။
သုံးလအတွင်း အသည်းကင်ဆာနှင့် သေဆုံးသူများမှာ ဦးအေးလွင် -၃၅ နှစ်၊ ဦးမြင့်အောင်- ၄၈နှစ်၊ အောင်ကိုလတ် – ၃၃ နှစ်နှင့် ဦးချစ်ဖေ- အသက် ၇၀ နှစ်တို့ဖြစ်သည်။ ၎င်းတို့အားလုံးမှာ အရက်နှင့် ဆေးလိပ် သောက်သုံးသူများ မဟုတ်ဘဲ အကောင်းပတိ မှရောဂါဖြစ်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ်မှ၂၀၁၂ ခုနှစ်အတွင်း ကင်ဆာရောဂါနှင့် သေဆုံးသူများမှာ လူဦးရေ ၂၀ ကျော်လာပြီ ဖြစ်ကြောင်း ဦးဘိုသန်းက ပြောသည်။
အများဆုံး သေဆုံးသည့် ရောဂါများမှာ အသည်းကင်ဆာ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ ချောင်းဆိုးပြီး လည်ပင်းကြီး၊ လေပိတ်ရောဂါ၊ နှလုံးအဆို့ရှင် ပျက်ဆီးခြင်း၊ သားအိမ်ကင်ဆာ၊ သွေးကင်ဆာ၊ အသည်းကင်ဆာ၊ အကြိတ်ကင်ဆာ၊ အဆုတ်ပြွန်မှ အကြိတ်ထွက်သည့် ရောဂါ၊ မျက်နှာများတွင် အကြိတ်နှင့် ဘုများထွက်သည့် ရောဂါဆန်းများ ဖြစ်ကြောင်းသိရသည်။
ယင်းရောဂါများမှာ သက်ဆိုင်ရာ ဆရာဝန်များ ဆေးကုသနေချိန် အတွင်း တွေ့ရှိပြောပြခဲ့သည့် ရောဂါဆန်းများ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ယင်းဒေသတွင် ကြေးစင်တောင်နှင့် စံပယ်တောင်တို့ ကိုဦးတည်ပြီး ကြေးနီထုတ်လုပ်မှုများ လုပ်ဆောင်လျှက် ရှိကြောင်း၊ ထုတ်ကုန်တိုးမြှင့် လုပ်ဆောင်ရန် အတွက် ကံကုန်းကျေးရွာ အနီးတွင် အက်စစ် ထုတ်လုပ်သည့် စက်ရုံ တည်ဆောက် ထားကြောင်း၊ အဆိုပါစက်ရုံမှ ထုတ်လုပ်သည့် အခိုးအငွေ့များကြောင့် နေ့စဉ် လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လျှက်ရှိပြီး ဆိုးရွားသည့် အနံ့အသက်များကို ဒေသခံပြည်သူများ ရှုရှိုက်နေကြရကြောင်း သိရသည်။
ထို့အပြင် ကြေးနီထုတ်လုပ်မှု လုပ်ငန်းခွင်ကြောင့် ရေတွင်းများ သန့်ရှင်းမှုမရှိတော့ဘဲ သောက်ရေ သုံးရေ ပြတ်လပ်သည့် ပြဿနာနှင့် ကြုံတွေ့နေကြရသည်။
စက်ရုံမှ စွန့်ပစ်ရေဆိုးများကို သေချာစနစ်တကျ စွန့်ပစ်ခြင်း မရှိသည့် အတွက် ကျေးရွာတွင်းရှိ ရေတွင်းများထဲသို့ စီးဝင်ကာ ရေများတွင် ဆိုးရွားသည့် ကန့်အနံ့များ ထွက်ခြင်း၊ စိမ်းရွှေရွှေ အနံ့ဆိုးများ ဖြစ်ပေါ်ခြင်းနှင့် ရေအရောင်များမှာ စိမ်းပြာအရောင် ပြောင်းလဲလာခြင်းများ ဖြစ်ပေါ်လျှက်ရှိသည်။
‘‘ကြေးနီတောင်က ထွက်လာတဲ့ မြေတွေကို ထုံး၊ ထင်းရှူးဆီ၊ ဆာလ်ဖာ အမှုန့် ရောစပ် အရည်ဖျော်ပြီး ကျောက်တုံးတွေကို ဖျန်းတယ်။ အက်စစ်နဲ့လည်း ဖျန်းတယ်။ အဲဒီအချိန်မှာ မြေက အရည်ပျော်ကျပြီး စီးချင်တဲ့နေရာတွေ စီးဆင်းတယ်။ တခါတလေ အဲဒီ ဓာတ်သတ္တုရေတွေက မိုးရွာတဲ့အချိန် ရွာတွေထဲကို စီးဝင်တယ်။ အဲလိုဝင်ပြီး ကတည်းက ရွာဟာ လယ်လုပ်စားလို့ မရတော့ဘူး။ ရေတွင်း တွေခန်းတယ်။ လယ်မြေတွေ ဘာအသီးအနှံမှ စိုက်ပျိုးလို့ မရတော့ဘူး” ဟုဦးဘိုသန်းက ပြောသည်။
ယင်း အတွက်ကြောင့် ဒေသခံများမှာ ရေအတွက် နှစ်ပေါင်းများစွာ ဒုက္ခရောက်ကြရပြီး စိုက်ပျိုးရေး လုပ်ငန်းများလည်းပျက်စီး ဆုံးရှုံးခဲ့ရသည်။ အိမ်မွေး တိရစ္ဆာန်များ ဖြစ်သောနွား၊ ဆိတ်နှင့်ခွေးများမှာလည်း ယင်းရေကို သောက်သုံးသည့် အတွက် သေဆုံးကြကြောင်း သိရသည်။
‘‘လူတွေကတော့ အဲဒီရေကို မသောက်ရဲလို့ မသောက်ကြဘူး။ နွားတွေတော့ တိုက်စရာ ရေမရှိလို့ အဲဒီရေဘဲ တိုက်တယ်။ နွားတွေသေတော့ ဖျက်ကြည့်တဲ့ အခါ အသည်းတွေ ခြောက်နေတာ တွေ့ရတယ်”ဟု ရွာသာကွင်းတွင် နေထိုင်သည့် ကိုညိုထွန်းက ပြောသည်။
ကြေးစင်တောင်ရှိ ကြေးထုတ်လုပ်ရေး စီမံကိန်းကြောင့် ဒေသခံပြည်သူများ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်ဒဏ်ရာ ရရှိနေသော်လည်း အာဏာပိုင်များက တစုံတရာ ကျန်းမာရေး စောင့်ရှောက်မှု မပေးကြောင်း သိရသည်။
‘‘ဒီလိုတွေဖြစ်နေတဲ့ အချိန်မှာ ကျန်းမာရေးဌာနက ဘယ်သူကမှလည်းလာပြီး စောင့်ရှောက်တာ မရှိပါဘူး။ ကျနော်တို့က တင်ပြရင်လည်း ဘယ်ဆရာဝန်ကမှ ဘာကြောင့် ဒီလိုကင်ဆာတွေ ဆက်တိုက် ဖြစ်ပွားရတယ် ဆိုတာမျိုးတွေ မပြောရဲ ကြပါဘူး”ဟု ကံကုန်း – ဒုန်းတောတွင် နေထိုင်သည့် ကျေးရွာသား တဦးက ဆိုသည်။
လက်ပန်းတောင်းတောင်တွင် နေထိုင်လျှက် ရှိကြသည့် ဒေသခံများမှာလည်း စံပယ်တောင်နှင့် ကြေးစင်တောင်များကို နမူနာယူကာ လက်ပန်းတောင်းတောင် ကြေးနီထုတ်လုပ်သည့် စီမံကိန်းကို ဝိုင်းဝန်း ကန့်ကွက်နေသည်။ သို့အတွက် စစ်ကိုင်းတိုင်း အစိုးရနှင့် ဒေသခံတို့အကြား တင်းမာမှုဖြစ်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပေါ်ခဲ့သေးသည်။
စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရသည် ကြေးနီထုတ်လုပ်သည့် စီမံကိန်းဧရိယာအတွင်း နေထိုင်သည့် ပြည်သူများကိုသာမက မုံရွာမြို့ရှိဒေသခံများကိုပါ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး စောင့်ရှောက်မှုမရှိဘဲ စီမံကိန်းအတွင်းမှ ရရှိသည့် အကျိုး အမြတ်များကိုသာ မျှော်ကိုး လျှက်ရှိကြောင်း၊ ဒေသခံများ၏ လက်ရှိခံစားနေမှုကို ဖြေရှင်းမပေးဘဲ ယင်းစီမံကိန်း ဆက်လက် လုပ်ဆောင်နေခြင်းကိုလည်း နောက်ကွယ်မှ အကာကွယ်ပေးနေကြောင်း ဒေသခံများက ဆိုသည်။
ထို့အပြင် မုံရွာမြို့နယ်မှူးသည်လည်း ကြေးနီစီမံကိန်းမှ စွန့်ပစ်မြေများကိုယူကာ အသေးစား ကြေးနီထုတ်လုပ်နေသည့် ဒေသခံများထံမှ ခြိမ်းခြောက်ကာ လစဉ်ကြေးများ ကောက်ခံလျှက် ရှိကြောင်း၊ ဒေသခံများမှာ ယင်းဒေသတွင် စိုက်ပျိုးရေးလုပ်၍ မရသည့် အတွက်ရရာ အလုပ်များကို ရှာဖွေ လုပ်ကိုင်နေရကြောင်း သိရသည်။
လက်ရှိကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းကြောင့် စွန့်ပစ် ထုံးရေလွှမ်း ဧရိယာ၆၄၆၁ ဧကရှိပြီး ယင်း ထုံးရေလွှမ်း ဧရိယာကြောင့် ကျေးရွာပေါင်း ၁၀ ရွာမှတောင်သူ ၁၂၆၆ ဦး နစ်နာဆုံးရှုံးလျှက် ရှိကြောင်း ဒေသခံများက ရှင်းပြသည်။