အစိုးရ အာဏာပိုင်များက ရဟန်းသံဃာတော်များအပေါ် အပြစ်ကျူးလွန်ကြောင်း ဝန်ခံပြောကြားလာပါက ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ထားမှုကို ကမ္မဝါဖတ်၍ ကံလှန်နိုင်ရန် ကမ်းလှမ်း ထားကြောင်း သတင်းရရှိသည်။
“သံဃ မဟာ နာယက က တဆင့်ရော၊ သာသနာရေး က ပုဂ္ဂိုလ်များက တဆင့်ရောကို ပတ္တနိကုဇ္ဇန ကံဆောင်ထားတာကို ကျူးလွန်ခဲ့မှုအတွက် တောင်းပန်ရင် ကမ္မဝါ ပြန်ဖတ်ပြီး ကံလှန်ပေးလို့ရတယ်ဆိုတာ အကြောင်းကြားထားတယ်၊ အခုထိ သူ တို့ဘက်က ဘာမှတော့ တုံ့ပြန် မလာသေးဘူး”ဟု ရန်ကုန်တိုင်း သံလျှင်မြို့ ဓမ္မခွန်အား ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးဇဝန က ဧရာဝတီသို့ မိန့်ကြားသည်။
အဆိုပါ ကမ်းလှမ်းချက်သည် စက်တင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် ရွှေဝါရောင် ၅ နှစ်ပြည့် နှစ်ပတ်လည် နေ့တွင် သံဃာများ ဆွေးနွေး သဘောတူထားချက်ဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ်က ကံဆောင်မှုသည်လည်း ကံလှန်ထားမှု မရှိသေးကြောင်း၊ ၂၀၀၇ ခုနှစ်က စတုတ္တမြောက် ကံဆောင်မှုလည်း ယခုအထိ တည်ရှိနေသည့်အတွက် ကျူးလွန်ခဲ့သည့် စစ် အစိုးရ တာဝန်ရှိသူများအနေဖြင့် ဗုဒ္ဓဘာသာအရ သံသရာပါမည့် အဖြစ်မျိုး မဖြစ်စေရန် ကမ်းလှမ်းခြင်းဖြစ်ကြောင်း ဦးဇဝန က ဆက်လက် မိန့်ကြားသည်။
နေပြည်တော် သာသနာရေး ဦးစီးဌာနသို့ ဧရာဝတီက ဆက်သွယ်ရာတွင် အဆိုပါအကြောင်းအရာကို ဖြေဆိုမည့် အရာရှိများ အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ဆောင်နေကြောင်း တယ်လီဖုန်း လက်ခံဖြေကြားသူက ပြောသည်။
ရန်ကုန် ပုဇွန်တောင် ကျောင်းတိုက်ဆရာတော် ဦးပြည်ကျော်ကလည်း ယခုကဲ့သို့ နိုင်ငံပြုပြင်ပြောင်းလဲရေး၊ နိုင်ငံပြန်လည် ထူထောင်ရေး လုပ်ဆောင်နေချိန်တွင် ကံဆောင်ထားမှုသည် နိုင်ငံလည်း နစ်နာကြောင်း မိန့်ကြားသည်။
“အခုလိုမျိုး အချိန်မှာ စစ်အစိုးရလည်း မရှိတော့ဘူးဆိုတော့ မရှိပင် မရှိငြားသော်လည်း လက်ရှိ တာဝန်ထမ်းဆောင် နေတဲ့ တပ်မတော် ခေါင်းဆောင်ဟောင်းတွေဟာ စစ်အစိုးရတုန်းက ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်နေတာကိုး”ဟု ဦးပြည်ကျော်က မိန့်သည်။
သို့အတွက် လက်ရှိ အစိုးရခေါင်းဆောင်များအနေဖြင့် တောင်းပန်ရန်လိုအပ်ကြောင်း၊ သံဃာများတဖက်သတ် ကမ္မဝါ ဖတ်ကာ သပိတ်ကံကို လှန်၍ မရကြောင်း ဦးပြည်ကျော်က ဆက်လက် မိန့်ဆိုသည်။
“အဲဒီလိုပြောတဲ့ ဟာကို သူတို့ဘက်က တိုင်းပြည်အပေါ်မှာ စေတနာကောင်းတဲ့ စိတ်ထားမယ် ဆိုရင်တော့ ဒီမည်းညစ်နေတဲ့ဟာကို သူတို့ဘက်က ပြန်လည်ပြီးတော့ ဆေးကြောသုတ်သင်ဖို့ တာဝန် ရှိတယ်”ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့တွင် ယနေ့ ကျင်းပသည့် ရွှေဝါရောင် ၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင်လည်း ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ထားမှုကိစ္စ အလားတူ ဆွေးနွေးကြောင်း မန္တလေး မစိုးရိမ် တိုက်သစ်မှ ဆရာတော် ဦးဝီရသူက မိန့်သည်။
၂၀၀၇ ခုနှစ်က စစ်အစိုးရက ရုတ်တရက် လောင်စာဆီ ဈေးနှုန်းများ မြှင့်တင်ခဲ့မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ပြည် သူများ စားဝတ်နေရေး ခက်ခဲနေသဖြင့် စက်တင်ဘာ ၅ ရက်နေ့တွင် ပခုက္ကူမြိ့မှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်း လျှောက်ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက် ခဲ့သောကြောင့် မြန်မာပြည် အနံှ့အပြားမှ ရဟန်းရှင်လူများ ဒေါသထွက်ခဲ့ကြသည်။
ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက အာဏာပိုင်တို့ကို ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။
ပတ္တနိကုဇ္ဇန ကံဆောင် သပိတ်မှောက်သည်ဆိုသည်မှာ အပြစ်ကျူးလွန်သူ အစိုးရအာဏာပိုင်များ ကပ်လှူသည့် ဆွမ်း၊ သင်္ကန်း၊ ဆေးဝါး၊ ကျောင်း စသည့် လှူဖွယ်ပစ္စည်းများကို ဗုဒ္ဓဘာသာ ရဟန်းတော်များအနေဖြင့် လက်မခံခြင်း၊ တရားချီးမြှင့်ခြင်း မပြုပဲ နေခြင်းဖြစ်သည်။
သံဃာတော်များ မေတ္တာပို့ ဆန္ဒပြကြွချီရာမှ မြန်မာနိုင်ငံမြို့ကြီးများတွင် လူထုလှုပ်ရှားမှု အသွင်ပြောင်းလဲခဲ့ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအဖြစ် လူသိများခဲ့သည်။
ရွှေဝါရောင် တော်လှန်ရေးကို ယခင် စစ်အစိုးရက ရက်စက်စွာ ဖြိုခွဲ၍ သံဃာ နှင့် သီလရှင် ၂၀၀ ကျော်ကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ တချို့သံဃာများ ပျံလွန်တော်မှုခဲ့ရသည်ဟု သတင်းတချို့တွင် ဖော်ပြခဲ့ပြီး တချို့သံဃာတော်များ၊ ကျောင်းသားများ၊ ပါဝင်ခဲ့သူများ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်ကို ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းများကြောင့် နိုင်ငံတကာက သိရှိခဲ့ပြီး ထိုစဉ်က စစ်အစိုးရကို ဝိုင်းဝန်း ရှှုတ်ချခဲ့ကြ သည်။
၂၀၀၇ ခုနှစ် ပတ္တနိကုဇ္ဇန ကံဆောင်မှုသည် စတုတ္တမြောက်ဖြစ်ပြီး ဗုဒ္ဓ သာသနာတွင် ဘုရားရှင်လက်ထက်က ၂ ကြိမ်ပြုလုပ် ခဲ့ဖူးသည်။ တတိယအကြိမ်အဖြစ် ၁၉၉၀ က ကံဆောင်ခြင်းဖြစ်ပြီး ယခုအထိ ကမ္မဝါဖတ်ကာ ကံလှန်ထားမှု မရှိသေးပေ။