ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ရခိုင် လူထုအခြေပြုအဖွဲ့များက ဦးစီး၍ စက်တင်ဘာ ၂၅ နှင့် ၂၆ ရက် နှစ်ရက်ကြာ ကျင်းပ သည့် ရခိုင် လူထုအစည်းအဝေးကို တက်ရောက်သူ ၃၀၀၀ ကျော် ရှိကြောင်း သိရသည်။
ရသေ့တောင်မြို့ အလိုတော်ပြည့် ကျောင်းတိုက် ဘုရားဝင်း အောင်မြေဗောဓိ သာသနာ့ရိပ်သာ၊ ဗောဓိသုခ ဓမ္မာရုံတွင် ကျင်းပ သည့် ထိုစည်းဝေးပွဲတွင် ရခိုင် စာရေးဆရာများ၊ လူထု အခြေပြု အဖွဲ့အစည်းများမှ ဦးဆောင်လှုပ်ရှားသူများ၊ တတ်သိ ပညာရှင်များက ဟောပြောကြပြီး နိုင်ငံရေးသမားများ အပါအဝင် ရခိုင်ပြည်နယ်မှ ၁၇ မြို့နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရန်ကုန် မြို့တို့မှ ရခိုင် တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။
လူထုစည်းဝေးပွဲကို အာဏာပိုင်များက လူနည်းနည်းဖြင့်သာ ကျင်းပခွင့်ပြုထားသော်လည်း တက်ရောက်သူများပြားသည့်အတွက် ဘုရားကျောင်းဝင်းအပြည့် ဖြစ်သွားရကြောင်း အစည်းအဝေးဖြစ်မြောက်ရေး ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုမောင်က ဧရာဝတီသို့ ပြောသည်။
“လူက ၃၀၀၀ ကျော် လာကြတယ်။ သူတို့ဆန္ဒအရ လာရောက်တာကို ကျနော်တို့ တားပိုင်ခွင့်မရှိပါ။ ဒေသအာဏာပိုင်တွေက ကျနော်တို့ကို လူဦးရေ ၃၅၀ နဲ့ပဲ လုပ်ဖို့ပြောတယ်။ ကျောင်းလုံးပြည့် ကျောင်းလုံးလျှံ အခုလိုမျိုး ရောက်လာတာကတော့ ဒေသခံလူထုရဲ့ သဘောဆန္ဒနဲ့ပါပဲ။ လူထုက ကျနော်တို့ကို ထောက်ခံပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်တယ်လို့ ပြောလို့ရတယ်”ဟု ဦးကိုကိုမောင် က ဆို သည်။
ဇွန်လကဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး မြို့နယ်အသီးသီးမှ စာတမ်းရှင် ၃၀ နီးပါးက ၎င်းတို့ဒေသခံများ၏ ဆန္ဒသဘောထားများ ဖတ်ကြားတင်ပြခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။ ရခိုင်စာရေးဆရာများ ဖြစ်ကြသည့် မောင်တောသား၊ နတ်မြစ်(လှိုင်းပြာ)၊ မောင်အေး(အနောက်)၊ ပန်သုခင်(ရခိုင်ပြည်)၊ ငွေသဇင်(သံတွဲ)၊ မဟာပညာကျော်၊ သူမြတ် မဟောအောင်မြေ၊ သားလှ(ရသေ့တောင်) တို့ ပါဝင် ဟောပြောခဲ့ကြသည်။
တချို့လူကိုယ်တိုင် မလာရောက်နိုင်သော်လည်း စာတမ်းများပေးပို့သဖြင့် ဖတ်ကြားခဲ့ကြောင်းလည်း သိရသည်။
“ရန်ကုန်က စာတမ်း၊ ပြည်ပက ဦးခိုင်အောင်ကျော် နယူးယောက်က ပို့တဲ့စာတမ်းတွေ ရောက်တယ်”ဟု ဦးကိုကိုမောင်က ပြောပြ သည်။
“ရခိုင်သူ ရခိုင်သားများ သိသင့်သိထိုက်သော အကြောင်းအကျိုးများ”ဆိုသည့် ခေါင်းစဉ်ဖြင့် ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ရန်ကုန်)၏ ဥက္ကဌ ဖြစ်သူ ဒေါ်စောခင်တင့် ကလည်း ဟောပြောခဲ့ကြောင်း သိရသည်။
“ဒီနေ့ဖြစ်စဉ်ပေါ်မှာ ရခိုင်တွေက ကိုယ့်တိုင်းပြည်ကို ဘယ်လိုငြိမ်းချမ်းအောင် လုပ်ရမလဲ။ ဝင်လာနေတဲ့ ကျူးကျော်နေတဲ့သူတွေကိစ္စ ဖြေရှင်းဖို့ နိုင်ငံတော်အနေနဲ့ ရခိုင်တွေနဲ့ ပူးပေါင်းပြီး ဘယ်လိုအဖြေရှာနေကြတယ်။
ပြီးတော့ နိုင်ငံသားနဲ့ တိုင်းရင်းသား ဥပဒေ တွေဆိုတာ ဘာလဲ။ ဆိုပြီးတော့ ဒီရခိုင်သူ ရခိုင်သားတွေက ရှေ့ဆက်ပြီး ကိုယ့်တိုင်းပြည်ကို တည်ငြိမ်အေးချမ်းအောင် ကိုယ့်လူမျိုးတွေက ဆောင်ရွက်သွားရမယ်။ နောက်ပြီးတော့ တည်ဆောက်ရေး လုပ်ငန်းတွေကို ဘယ်လိုစိတ်ပါဝင်စားစွာ လုပ်သွားရမယ်၊ သင့်မြတ်အောင် ဘယ်လိုနေရမယ်၊ အဲဒါတွေ ဆွေးနွေးတာပါ”ဟု ဒေါ်စောခင်တင့် က ဧရာဝတီကို ပြောသည်။
ဒေသခံများနှင့် မွတ်စလင်များ ရေရှည် အတူယှဉ်တွဲနေထိုင်ရေး များလည်း ပါဝင်ကြောင်း ရခိုင်အမျိုးသား စာရေးဆရာ ဦးသားလှ (ရသေ့တောင်) ကလည်း ပြောဆိုသည်။ ဦးသားလှသည် မောင်းတောမြို့က လက်ထောက်မြို့နယ် ပညာရေးမှူးလည်း ဖြစ်သည်။
“အတူယဉ်တွဲနေထိုင်ဖို့ကို ရခိုင်တိုင်းရင်းသားအများစုက သဘောမတူကြဘူး။ ဒါပေမယ့် နိုင်ငံတော်ကနေ အတူယှဉ်တွဲနေထိုင်ဖို့ အစီအမံတွေ လိုလို့ရှိရင်တော့ အတူယှဉ်တွဲနေထိုင်ဖို့ နည်းလမ်းတွေကို ပညာရှင်တွေကပဲ ဆွေးနွေးရပါလိမ့်မယ်။ အဓိက ကျနော် တို့ တင်ပြတာက တိုင်းနဲ့ပြည်နယ် ၁၄ ခု မှာ ဘင်္ဂါလီတွေကို အကုန်လုံး ပို့ပြီး နယ်စပ်မြို့မှာ အဲဒီ ဘင်္ဂါလီတွေ မထားဘဲ နယ်စပ်မှာ ရခိုင်ကျေးရွာတွေပဲ ထားမယ်ဆိုရင် နောက်နောင် ဖြစ်နိုင်မယ် မဟုတ်ဘူးလို့ တချို့က ဆွေးနွေးကြပါတယ်”ဟု ဦးသားလှ က ပြော ဆိုသည်။
ရခိုင် လူထုစည်းဝေးပွဲ လုံခြုံရေးအတွက် ရဲ ဘက်၊ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများက ကူညီပေးသည်ဟုလည်း ဆိုသည်။
ယခုကျင်းပသည့် ရခိုင် လူထုစည်းဝေးပွဲနှင့် ပတ်သက်ပြီး လူထု သဘောထား ထုတ်ပြန်ချက် တရပ် ထုတ်ပြန်ရန် ရှိကြောင်း၊
တောင်းဆိုချက်၊ ဆုံးဖြတ်ချက်များကို ဒေသ အာဏာပိုင် အသီးသီး၊ သမ္မတနှင့် ကုလသမဂ္ဂအထိ တင်ပြသွားရန် ရှိပြီး ထိုအတွက် ပညာရှင် ၉ ဦး ပါဝင်သည့် ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ နှင့်၂၃ ရက်က နေပြည်တော်၌ကျင်းပသော ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြည်လည် ထူထောင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဒု သမ္မတ ဒေါက် တာ စိုင်းမောက်ခမ်းက ရခိုင်ဒေသ ရေရှည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြမြေပုံတခု ရေးဆွဲသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။