မန္တလေးတိုင်းဒေသကြီး အစိုးရက ယခင်စစ်အစိုးရလက်ထက်တွင် ချပေးထားသည့် အောင်မြေသာဇံမြိုနယ် မဟာဇေယျာဘုံ သရက်ကုန်း ကွက်သစ်ကို ဖယ်ရှားရန် စီစဉ်နေသည့်အတွက် နေထိုင်သူများက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြား လိုက်သည်။
အဆိုပါ ကွက်သစ်ကို ၁၉၉၃ ခုနှစ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် လက်ထက် ဝန်ကြီးဌာနအလိုက် ဝန်ထမ်းအိမ်ရာ များအတွက် လယ်မြေများကို အကွက်ရိုက်ကာ အိမ်ခြေ ၂၅၀ ခန့်ကို တရားဝင် ချထားပေးခဲ့ခြင်းဖြစ်သော်လည်း
မြေကွက် ၈၀ ခန့် ဂရန်ချထားပြီးချိန် ဗိုလ်ချုပ် ထွန်းကြည်ပြောင်း ရွှေ့သွားသည့်အတွက် ဆက်လက် ဂရန်ချထားပေးခြင်း မရှိ တော့ပေ။
ယခုအစိုးရသစ်လက်ထက် ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီးလွှတ်တော်၌ နယ်စပ်ဒေသနှင့် စည်ပင် ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက သရက်ကုန်းကွက်သစ်၌ မြေဂရန်မရှိဘဲ နေထိုင်သူများကို စည်ပင်သာယာ အက်ဥပဒေ အတိုင်း အရေးယူ မည်ဟု ပြောဆိုခဲ့သည့်အတွက် ကွက်သစ်နေသူများက သမ္မတ ဦးသိန်းစိန်အပါအဝင် အဖွဲ့အစည်း အသီးသီးသို့ စာများပေးပို့ တိုင်ကြားခြင်းဖြစ်သည်။
အဆိုပါ ကွက်သစ်တွင် နေထိုင်သည့် စာရေးဆရာ ဆူးငှက်က “ကျနော်တို့အားလုံးမှာ ၁၉၉၁ ခုနှစ်ကတည်းက အစိုးရထုတ်ပေးတဲ့ လန ၃၈ ရပြီးသား၊ ဒါကို ဂရန်ချမပေးတာ၊ နေထိုင်သူဘက်က စည်းကမ်းဖောက်ဖျက်တာ ဘာမှမရှိဘူး” ဟု ဆိုသည်။
အဆိုပါ ကွက်သစ်ကို မန္တလေးတိုင်း တိုင်းမှူး ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်လက်ထက်ကလည်း ဖျက်သိမ်းရန် ပြုလုပ်ခဲ့သေးရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထောက်လှမ်း ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ထံ တင်ပြခဲ့သည့်အတွက် ရပ်ဆိုင်းခဲ့ကြောင်း၊ ယခုအခါ ထပ်မံဖျက်သိမ်းရန် ပြုလုပ် လာခြင်းဖြစ်ကြောင်း သူက ရှင်းပြသည်။
သရက်ကုန်း ကွက်သစ်သည် တရားဝင် ချထားပေးခဲ့ခြင်းဖြစ်ပြီး ကျူးကျော်အိမ်ရာများ မဟုတ်ကြောင်းကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် လွှတ်တော်များ၌ ဖွဲ့စည်းထားသည့် တရားဥပဒေစိုးမိုးရေး ကော်မရှင် အပါအဝင် စာများ ပေးပို့ထားသည်ဟု သိရသည်။
ယမန်နေ့က အောင်မြေသာဇံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက် တာစိုးထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဦးကျော်လှ၊ ဦးဖုန်းဇော်ဟန်တို့က လာရောက် အားပေးစကား ပြောဆိုကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုကြီးက “စစ်တိုင်းမှူး အဆက်ဆက် လုပ်သွားတွေဆိုတော့ ရှုပ်ထွေးမှုတွေ ရှိတယ်၊ စနစ်တကျဖြစ်အောင် လုပ်ရမယ်၊ ဖြစ်စေချင်တာကတော့ နှစ်ပေါင်းများစွာ နေပြီး အထောက်အထား ခိုင်လုံတဲ့သူတွေ ရစေချင်တယ်၊ ဒီလိုပဲ အဆင့်ဆင့် ရောင်းဝယ်လာတဲ့ သူတွေလည်း မနစ်နာစေချင်ဘူး” ဟု ဆိုသည်။
ယခုအခါ မန္တလေးမြို့တွင် မြေဈေးအိမ်ဈေးနှုန်းများ မြင့်တက်လာသည်ကို စီးပွားရေးအရ အခွင့်ကောင်းယူ လိုသည့် စီးပွားရေးသမားတချို့လည်း နောက်ကွယ်မှ ပါနေသည်ဟု သတင်း ထွက်ပေါ်နေသည့်အတွက် ပြည်သူများဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း ဦးကိုကြီးက ဆက်ပြောသည်။
အဆိုပါ အောင်မြေသာဇံ သရက်ကုန်း ကွက်သစ်နှင့် အနီးအနားရှိ လက်ရှိ မြေပေါက်ဈေးမှာ တဧကလျှင် ကျပ်သိန်း ၁ သောင်းခန့် ရှိကြောင်း မန္တလေးမြို့ခံ မြေပွဲစားများကဆိုသည်။
မကြာသေးမီကလည်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ပုသိမ်ကြီး မြို့နယ် ကံကြီးကုန်း၊ ဇီးအုပ်ကျေးရွာများရှိ နေအိမ် များကို ကျူးကျော်များအဖြစ် သတ်မှတ်ကာ မန္တလေးတိုင်း စည်ပင်သာယာ၏ အမိန့်ဖြင့် ဘူဒိုဇာဖြင့် ထိုးကာ ဖယ်ရှားခဲ့သည်။
ဖျက်သိမ်းခံရသည့် အိမ်များတွင် အမှန်တကယ် စာချုပ်စာတမ်း အပြည့်အစုံဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သက်သေထားကာ ဝယ်ယူနေထိုင်သူများလည်း ရှိသကဲ့သို့ မကြာသေးမီကမှ လာရောက်ကာ အိမ်ဆောက်ထားသူများလည်း ရှိသည်။
ထိုဖျက်သိမ်းခံရသည့် ကျူးကျော်အိမ်များနှင့် ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီးအစိုးရတွင် ပြန်လည်နေရာချထားရေး အစီအစဉ်များ မရှိပေ။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန်က ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ ကျူးကျော်များကို ဖျက်သိမ်းကာ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ စသည့် မြို့သစ်များ တည်ထောင် နေရာချထားပေး ခဲ့သည်။