ဒီနေ့ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောဖို့ရှိတဲ့ သမ္မတ ဦးသိန်းစိန်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဗုဒ္ဓဟူးနေ့ကတွေ့ဆုံပြီး မြန်မာ့ပို့ကုန်တွေ ပိတ်ပင်ထားတာ ပြန်ဖွင့်ပေးမယ်လို့ ပြောကာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အသိအမှတ်ပြု ချီးကျူးလိုက်ပါတယ်။
မနေ့က နှစ်နိုင်ငံအစိုးရ ကိုယ်စားလှယ်တွေ တရားဝင် တွေ့ဆုံဆွေးနွေးပွဲမှာ ဟီလာရီက မြန်မာကုန်ပစ္စည်းတွေ အမေရိကန်ဈေးကွက်ကို တင်ပို့ရောင်းချစေနိုင်မယ့် အခွင့်အလမ်းတွေ ရရှိလာမယ်လို့ ပြောပြီး နောက်ထပ်ခြေလှမ်းတွေ ဆက်လက်လှမ်းနိုင်ဖို့ ကွန်ဂရက်နဲ့ ဆက်လက် တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်သွားမယ်လို့ ဦးသိန်းစိန်ကို ကတိပေးပါတယ်။
သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ရှိနေသေးဆဲ ဖြစ်သော်လည်း အမေရိကန် ပြည်ထောင်စုရဲ့ အသိအမှတ်ပြုမှုတွေကြောင့် ရွေးချယ်ထားတဲ့ ဒီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းဖို့ တွန်းအားတရပ် ဖြစ်တယ်လို့ ဟီလာရီကို ပြန်ပြောပါတယ်။
မြန်မာ့ပို့ကုန်တွေ ပြန်သွင်းခွင့်ပြုဖို့ကို အိုဘားမားအစိုးရက စပြီးဆောင်ရွက်ခဲ့တာပါ။ ကွန်ဂရက်က ဥပဒေကို ဆက်ထိန်းထားပြီး အမေရိကန်သမ္မတ လုပ်ပိုင်ခွင့်နဲ့ ဖယ်ရှားပေးဖို့ သဘောတူပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို အလေးအနက်ထားဖို့ စောင့်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့တပတ်က စလို့ အမေရိကန်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားရေးကို ထောက်ခံလိုက်ပြီး ဦးသိန်းစိန်ကိုလည်း “ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဖို့ ဆန္ဒပြင်းပြသူဆိုတာ ကျမ ယုံကြည်ပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ပိတ်ဆို့ဒဏ်ခတ်ထားသူ စာရင်းကနေ ဖယ်ရှားပေးတာနဲ့ အခု မြန်မာ့ပို့ကုန် ပြန်သွင်းခွင့်ပေးတာတို့ဟာ မြန်မာသမ္မတအတွက် အမေရိကန်တွေရဲ့ ခိုင်မာတဲ့ ထောက်ခံမှုလို့ ဆိုနိုင်ပါတယ်။
အကြောင်းက မြန်မာ့ပို့ကုန်တွေ အမေရိကန်လို ဈေးကွက်မှာ ပြန်ရောင်းချနိုင်ပြီမို့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ ပိုချဲ့ထွင်ဖို့ အခြေအနေကောင်းလာနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု ဝင်လာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ အလုပ်အကိုင် ဈေးကွက်လည်း ဖွံ့ဖြိုးလာနိုင်တာမို့ နိုင်ငံ့စီးပွား ဖွံ့ဖြိုးစေရုံမက ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက်လည်း အလားအလာကောင်းတွေ ဖန်တီးနိုင်မယ်လို့ ယူဆရလို့ပါပဲ။
မြန်မာ့ပို့ကုန် တင်သွင်းခွင့်သတင်းကြောင့် မြန်မာပြည်တွင်းမှာ အခြေစိုက်ပြီး စင်ကာပူ စတော့အိတ်ချိန်းမှာ နာမည်စာရင်းသွင်းထားတဲ့ ရိုးမနဲ့ အင်တာရာ ကုမ္ပဏီ ရှယ်ယာတွေ ဒီနေ့ ဈေးခုန်တက်သွားတာကိုက ဈေးကွက်တွေက အကောင်းမြင်တာကို ပြတာပါ။
စက်တင်ဘာ ၂၇ ရက်နေ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောတဲ့အခါ ဦးစီးဦးဆောင် လုပ်ကိုင်နေသူ တဦးအနေနဲ့ လတ်တလော မြန်မာပြည် ပြုပြင်ပြောင်းလဲရေးတွေ ဘယ်ကို ဦးတည်နေတယ်၊ မြန်မာအစိုးရက ဘယ်လို အကောင်အထည် ဖော်နေတယ်ဆိုတာတွေ ပြောဆို ရှင်းလင်းနိုင်ပါတယ်။
ဦးသိန်းစိန်ဟာ ၂၀၀၉ ခုနှစ်တုန်းက စစ်အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ် တက်ရောက်ခဲ့ဖူးပြီး အထွေထွေညီလာခံ ခန်းမစင်မြင့်မှာ “အစိုးရအနေနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲများ ကျင်းပရန် စနစ်တကျ စီစဉ်နေကြောင်း” ကြေညာခဲ့ပြီး ဒီမိုကရေစီဆိုတာ “ပုံသွင်း” မရဘဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ “မတရား” တဲ့ “မြန်မာကို ဆန့်ကျင်ဖို့ နိုင်ငံရေးလက်နက်” လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။
လေ့လာစောင့်ကြည့်သူတွေက ယခင်က ဦးသိန်းစိန်ဟာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ကိုယ်စား ပြောဆိုခဲ့ရသူသာဖြစ်ပြီး ယခုအခါမှာတော့ နိုင်ငံ့အကြီးအကဲ တယောက်အနေနဲ့ ကိုယ်တိုင်တာဝန်ယူ ပြောဆိုရမှာဖြစ်တာမို့ အနေအထားခြင်း ကွာတယ်လို့ သုံးသပ်ကြပြီး မြန်မာသမ္မတဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ လေ့လာအကဲခတ်ကြပါတယ်။
မြန်မာပြည်ကို ၁၀ ကြိမ်လာဖူးပြီး သမ္မတဦးသိန်းစိန်နဲ့ ၇ ကြိမ် တွေ့ဖူးသူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယားက မြန်မာသမ္မတဟာ “ကြီးကြီးကျယ်ကျယ် မပြောဆိုတတ်တဲ့ မွေးရာပါ လူအေး” လို့ သရုပ်ဖော်ပါတယ်။
“ကြည့်ရတာ စိတ်ဆုံးဖြတ်ချက် အခိုင်အမာရှိပြီး စကားနည်းသူပါ။ ပြောရင်လည်း အေးဆေးသက်သာစွာ ပြောပေမယ့် မေးခွန်း မရွေးတတ်ပါဘူး။ အခု သူရနေတဲ့ လူတွေဆီက အာရုံစိုက် စိတ်ဝင်တစားရှိတာတွေကို အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက် တုန့်ပြန်တတ်သူပါ။ အင်မတန် အေးတယ်။ ကိစ္စ အတော်များများမှာ ကိုယ့်အားကိုယ်ကိုးသူပါ” လို့ မစ္စတာ နမ်ဘီယားက Bloomberg သတင်းစာကို ပြောပါတယ်။
လက်ရှိ သမ္မတရာထူးနေရာကို ရယူထားပေမယ့် ဦးသိန်းစိန်ရဲ့ အနာဂတ်နိုင်ငံရေးက မသေချာသေးပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ အနားယူမယ်ဆိုပြီး သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြောဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရာထူးလက်ကိုင်ရှိတုန်း နောက်ကျန်နေပြီဖြစ်တဲ့ တိုင်းပြည် အရေးကို နိုင်ငံရေးအင်အားစု အားလုံးနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ကို ဦးသိန်းစိန် စိတ်ဆုံးဖြတ်ပုံပါ။ ဒါကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တတပ်တအား ပံ့ပိုးပါတယ်။
ဦးသိန်းစိန် ကုလသမဂ္ဂမှာ မိန့်ခွန်းပြောဖို့ရှိတာနဲ့ တပြိုင်တည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း နာမည်ကျော် တက္ကသိုလ်ကြီးများဖြစ်တဲ့ ယေးလ်နဲ့ ဟားဗတ်တို့မှာ စကားပြောဖို့ရှိတာကြောင့် မနေ့က မစ္စတာ ဘန်ကီမွန်းရဲ့ ဖိတ်ကြားချက်နဲ့ “ပညာရေး ပထမ” ညီလာခံကို တက်ရောက်အပြီး နယူးယောက်က ထွက်သွားပါပြီ။
ဗုဒ္ဓဟူးနေ့ မနက်ပိုင်း နယူးယောက်တိုင်းမ်သတင်းစာ အယ်ဒီတာအဖွဲ့နဲ့ တွေ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အတိတ်က သူကြုံခဲ့ရတာတွေကို မခါးသီး၊ လက်စားချေဖို့ မရှိဘူးလို့ ပြောဆိုပါတယ်။ ဒါအပြင် အနာဂတ်မှာ သမ္မတရာထူးနေရာအတွက် အရည်အချင်းပြည့်မီတဲ့ ကိုယ်စားလှယ်ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။
“နိုင်ငံရေးပါတီတိုင်းရဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံ့အကြီးအကဲ ဖြစ်ချင်တဲ့စိတ် ရှိရမယ်။ ဒီလိုမှ မဟုတ်ရင် ပါတီကို သူ အရှုံးပေးခံပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၂၀၁၂ ခု ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပိုင်ခွင့် မရှိဘဲ ဖြစ်နေပါတယ်။