အနာဂတ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များ၏ အသက်အရွယ်ကို အကြီးဆုံး ၅၀ နှစ်အထိ သတ်မှတ်ရန် အစီအစဉ်ရှိကြောင်း ပါတီခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်က ပြောကြားလိုက်သည်။
“အနာဂတ် ပါတီခေါင်းဆောင် တွေရဲ့ အသက်အပိုင်း အခြားကို အောက်ချပြီး သတ်မှတ်ဖို့ရှိတယ်။ လက်တွေ့ ဘယ်လောက် ဖြစ်လာမလဲ ဆိုတာတော့ ကျနော်တို့ ညီလာခံ အပြီးမှ သိမယ်” ဟု သူက ဧရာဝတီကို ပြောသည်။
ယခုအခါ NLD ပါတီ အနေဖြင့် အောက်ခြေ ပါတီ ညီလာခံများ လုပ်ဆောင်နေပြီး ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ပါတီညီလာခံမှ တဆင့် ပါတီခေါင်းဆောင်သစ်များ ရရှိမည်ဖြစ်ကြောင်း၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ ခေါင်းဆောင်များသည် အသက်အရွယ် ကြီးရင့်နေကြပြီဖြစ်၍ မျိုးဆက်သစ် ခေါင်းဆောင်များ လိုအပ်နေကြောင်း၊သို့သော် ပါတီ တရပ်အနေဖြင့် အလုပ် ခန့်အပ် တာဝန်ပေးသကဲ့သို့ ခန့်အပ်၍ မရကြောင်း၊ ပါတီတွင်း ပြဿနာ များလည်း ရှိနေကြောင်း ဦးဝင်းတင်က ဆိုသည်။
“တိုင်းပြည်တပြည်မှာ ကိုယ်နဲ့ တန်ရာတန်ရာ အစိုးရကို ရတယ်ဆိုသလိုပဲ၊ ပါတီမှာလည်း ပါတီခေါင်းဆောင်ဆိုတာ ကိုယ့် ပါတီနဲ့ တန်ရာတန်ရာပဲ ရမှာပဲ” ဟု သူက ပြောသည်။
ယနေ့ စက်တင်လာလ ၂၇ ရက်နေ့သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးမှ မွေးဖွားလာခဲ့သည့် NLD ပါတီ တည်ထောင်ခြင်း ၂၄ နှစ်ပြည့် မွေးနေ့ဖြစ်သည်။
ကျင်းပမည့် ပါတီ ညီလာခံသည် ၂၀၁၅ ခုနှစ်အတွက် ကြိုတင်ပြင်ဆင်မှုလည်း ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင်လည်း လက်ရှိ လူထု ထောက်ခံမှု၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထု အားကိုးမှု စသည့် အခြေအနေများအရ မဲ အများစုဖြင့် အနိုင်ရမည်ဟု ယုံကြည်ကြောင်း၊ သို့သော် လက်ရှိ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ မဖြစ်နိုင်ကြောင်း ဦးဝင်းတင်က ဆိုသည်။
“ဒီပုံစံအတိုင်းဆိုရင် ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုလုပ် သမ္မတ ဖြစ်နိုင်မလဲ၊ ကျနော်တို့ အများစု မဲနိုင်ချင်နိုင်မယ်၊ ဒါပေမယ့် ဒီအခြေခံ ဥပဒေ ငုတ်တုတ်ကြီး ရှိနေသေးရင် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးဟာ ဘယ်လိုမှ သမ္မတ မဖြစ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။
မကြာသေးခင်က ဒု သမ္မတ ရွေးပွဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တင်ခဲ့သော်လည်း ၎င်း၏ သားသမီး များထဲမှ သြစတြေးလျတွင် နိုင်ငံသား ခံယူထားသူများ ရှိသောကြောင့် ဒု သမ္မတရာထူးကို မရခဲ့ကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ နေရာ ရရှိနိုင်ဖွယ် မမြင်ကြောင်း ဦးဝင်းတင်က ရှင်းပြသည်။
“ငါတို့ ဗိုလ်ချုပ်ကြီးတယောက်ကို သမ္မတ နေရာ တင်တာကိုတောင်မှ သူ့သားသမီးတွေထဲက သြစတြေးလျမှာ နိုင်ငံသား ခံယူထားသူ ရှိတဲ့အတွက် ပယ်လိုက်တယ်ဆိုတဲ့ အစဉ်အလာ တခု လုပ်ပြီးတဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးတကြိုး ချည်လိုက်တာ တွေ့ရတယ်” ဟု ဦးဝင်းတင်က သုံးသပ်ပြသည်။
ဦးဝင်းတင်သည် အသက်အရွယ်အိုမင်းခြင်း၊ ကျန်းမာရေး မကောင်းခြင်းတို့ကြောင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ ကာလအထိသာ NLD ပါတီအတွက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သဘောထား မတူ သည်များ ရှိသော်လည်း မြန်မာ့ဒီမိုကရေစီ အရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် အလွန်အရေးပါ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ညှိနှိုင်းဆောင်ရွက်မှုများ ရှိ၍ လုပ်ကိုင်သည့်တိုင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးသည် စစ်တပ် ပူးပေါင်း ပါဝင်မှု မရှိပါက မည်သို့မှ မဖြစ်နိုင်ကြောင်း ဦးဝင်းတင်က ပြောသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စသည် ၂၀၁၅ အလွန် နိုင်ငံရေး အခြေအနေပေါ်တွင် တည်မီနေကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အလွန်ကာလကို ၁၉၉၀ ရွေးကောက်ပွဲ အပြီး အာဏာလွှဲပေးခြင်း မရှိခဲ့သည့် သင်္ခန်းစာ အရ ခန့်မှန်းပြောရန် ခက်ခဲကြောင်း ဦးဝင်းတင်က ဆိုသည်။