မြန်မာနိုင်ငံတွင်း၌ နှစ်ပေါင်းများစွာ ပိတ်ပင်ထားသည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ စာအုပ်များ ပြန်လည် ၍ စတင် ထုတ်ဝေခွင့်ရပြီ ဖြစ်သည်။
ပထမဆုံး ထုတ်ဝေလိုက်သည့် စာအုပ်သည် “အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ” ဖြစ်ပြီး နေရီရီ စာအုပ်တိုက်မှ ဖြန့်ချိ ခြင်းဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံရေးစာပေ အမျိုးအစား ဖြစ်သော်လည်း စာပေစိစစ်ရေးအဖွဲ့ မဖျက်သိမ်းမီ ထုတ်ဝေခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇောသည် နယ်ချဲ့ ဆန်ကျင်ရေးနှင့် တရုတ်ဖြူ ကျူးကျော်မှုကို ဦးဆောင်ကာကွယ်ခဲ့သူတဦး ဖြစ်ကြောင်းကို နောင် လာ နောက်သားများ သိစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခြင်းဖြစ်ကြောင်း နေရီရီ စာအုပ်တိုက် ပိုင်ရှင် ဒေါ်နီနီနိုင် က ဆိုသည်။
“ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့စာအုပ်တွေလည်း ခွင့်ပြုချက်နဲ့ ထုတ်နေတာပဲလေ၊ ဗိုလ်မှူးချုပ်ကျော်ဇောကို ကြည်ညို တာကြောင့် ထုတ်ဝေတာပါ”ဟု ၎င်းက ဆိုသည်။
ဤစာအုပ်သည် ၁၉၆၁ ခုနှစ်က လင်းထင်စာပေမှ ပထမအကြိမ် ထုတ်ဝေခဲ့ပြီး ယခု ဒုတိယအကြိမ်ပြန်လည် ထုတ်ဝေရာတွင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ယခင်ရေးသားခဲ့သည့် စကားလုံး အာဘော်အတိုင်း အဖြတ်အတောက်မရှိ ထုတ်ဝေ ထားသည် ဟု လည်း ဒေါ်နီနီနိုင်က ပြောသည်။
နောက်ထပ်လည်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရေးသားခဲ့သည့်“ပြည်တွင်းငြိမ်းချမ်းရေး သဘောထားနှင့် လက်ရွေးစင် မိန့်ခွန်း များ”၊ “ဖက်ဆစ်တော်လှန်ရေး၊ ကမ္ဘာစစ်နှင့် ငြိမ်းချမ်းရေး ”စသည့် စာအုပ်များကိုလည်း ဒုတိယအကြိမ် ပြန်လည်ထုတ်ရန် စီစဉ် ထား ကြောင်း သိရသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောမှာ ရဲဘော်သုံးကျိပ်ဝင် တဦးဖြစ်ပြီး စစ်ပြီးခေတ် မြန်မာ့ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာတွင် ပါ ဝင်ခဲ့သည်၊၊ ပြည်တွင်းစစ်ကာလ ကရင် အမျိုးသားကာ ကွယ်ရေးတပ် (KNDO)များ ဝန်းရံထားသည့် ရန်ကုန်မြို့ကိုလည်း ကာ ကွယ်ပေးခဲ့ပြီး ကျူးကျော်သူ တရုတ်ဖြူတပ်များကိုလည်း ရန်ကြီးအောင်၊ ဘုရင့်နောင် စစ်ဆင်ရေးများ ပြုလုပ်ကာ တိုက်ခိုက် ခဲ့သူဖြစ်ဖြစ်သည်။
သို့သော် ၁၉၇၆ ခုနှစ် ရန်ကုန်မြို့ စမ်းချောင်းနေအိမ်မှ ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာ သွားသည့် နောက်ပိုင်း ပြည်တွင်းစစ်ကာလနှင့် တရုတ်ဖြူကျူးကျော်မှုအကြောင်း ရေးသားသည့် သမိုင်းနှင့် စစ်ဖက်ဆိုင်ရာ စာအုပ် များတွင် ဗိုလ်မှူးချုပ်ကျော်ဇော အမည်အစား စစ်ဆင်ရေးမှူးကြီး၊ တိုင်းမှူးကြီး စသည့် နာမ်စားစကားလုံးများကိုသာ စာပေ စိစစ်ရေး က သုံးစွဲခွင့်ပြုခဲ့သည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ စာအုပ်များကို တရားဝင်ပြန်လည် ထုတ်ဝေခွင့်ရရှိခြင်းနှင့့် ပတ်သက်ပြီး သမီးဖြစ်သူ ဒေါက်တာလှ ကျော်ဇောကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မိမိဖခင်၏ စာအုပ်များ ပြည်တွင်း၌ ဖြန့်ချိနေခြင်းကို မသိကြောင်း၊ မြန်မာပြည်နှင့် ပတ်သက်၍ သမိုင်းမှန်ပေါ်ပေါက်ရေးကို အားပေးကြောင်း၊ သို့သော် ထုတ်ဝေသူများ အနေဖြင့် မိမိ ဖခင်ရေးသည့် မူရင်းစကားလုံး အားဘော်အတိုင်း ပြင်ဆင် ခြင်းမပြုရန် သတိပေးလိုကြောင်း ပြောသည်။
“ဖေဖေရဲ့ အတွေ့အကြုံ အမြင်တွေကို များများပျံ့စေချင်တယ်၊ အပျော်ဖတ်မဟုတ်ဘူး နိုင်ငံရေးတို့ သမိုင်းတို့ လေ့လာသူတွေပဲ ဖတ်တာ၊ ထုတ်ဝေသူက အကျိုးအမြတ်ကြီး အရမ်းရဖို့ မလုပ်ရင်ပြီးတာပါပဲ၊ ခွင့်တော့တောင်းစေချင်တယ်”ဟု ၎င်းကဆိုသည်။
ပြည်တွင်းထုတ် ဂျာနယ် တခုဖြစ်သည့် Northen Star ဂျာနယ်၌ ပင် ဗိုလ်မှူးချုပ် ကျော်ဇော၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိများကို ခွင့်ပြုချက်မယူဘဲ ထည့်သွင်းနေသော်လည်း ကန့်ကွက်ပြောဆိုခြင်း မရှိခဲ့ကြောင်း၊ သို့သော်လည်း ခွင့်တောင်းလျှင် ပိုမိုကောင်းမွန် သည် ဟု ထင်ကြောင်း ပြောဆိုသည်။
အသက် ၉၃ နှစ်ရှိပြီဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ယခုအခါ တရုတ်နိုင်ငံ ကူမင်းမြို့တွင် နိုင်ငံရေးခိုလှုံနေရပြီး မကြာသေးမီက ကျန်းမာရေး ဆိုးရွားသည့် အတွက် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံသို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့သေးသည်။