ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်ခဲ့သူ ၁၂ ဦးကို သက်ဆိုင်ရာ ရဲအာဏာပိုင်များ က ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အမှုဖွင့် အရေးယူထားခဲ့ရာမှ ယနေ့တွင် ဆန္ဒပြပွဲဦးဆောင်သူ ကိုဂျော်ဂွန်းနှင့်မမေစပယ်ဖြူ တို့နှစ်ဦးကို ဒဂုံမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် ရုံးတင်စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကိုဂျော်ဂွန်းနှင့် မမေစပယ်ဖြူတို့ကို ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးထွန်းထွန်းဝင်းက ငြိမ်းချမ်းစွာစုဝေးခွင့်ဥပဒေ ပုဒ်မ ၁၈ ချိုးဖောက်မှုဖြင့် တရားလိုလုပ် တရားစွဲဆိုခြင်းဖြစ်ပြီး ဒဂုံမြို့နယ် တရားသူကြီးဒေါ်ခင်သန့်ဇင်က တာဝန်ယူစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
“ဆန္ဒပြပွဲ ဦးဆောင်ခဲ့တဲ့သူတွေထဲမှာ ကျနော်တို့နှစ်ဦးကို ပထမဆုံး တရားရုံးတင် စစ်ဆေးတာပါ။ တရားရုံး ဆင့်ခေါ်စာနဲ့ခေါ်တာမဟုတ်ပါဘူး။ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးက ဖုန်းဆက်ပြီး တရားရုံးလာခဲ့ပါဆိုပြီး ခေါ်တာ။ ကြိုလည်းမသိဘူး။ ဒီလိုလုပ်တာက တရားဥပဒေနဲ့ မညီညွတ်ဘူး ” ဟု ကိုဂျော်ဂွန်းက ပြောသည်။
ယနေ့ အမှုစတင်စစ်ဆေးချိန်တွင် တရားသူကြီးက ကိုကျော်ဂွန်းနှင့် မမေစပါယ်ဖြူတို့ကို အာမခံလျှောက်ထားရန် ပြောဆိုသော်လည်း ကိုဂျော်ဂွန်းနှင့် မမေစပယ်ဖြူတို့က အာမခံလျှောက်ထားခြင်းမပြုဘဲ တရားရုံးက ရုံးချိန်းဆင့်ခေါ်သမျှ တရားရုံးလာရောက်ပါမည်ဆိုသော ကိုယ်တိုင်ခံဝန်ကတိဖြင့် နေထိုင်မည်ဖြစ်ကြောင်း လျှောက်ထားသည်ဟု သိရှိရသည်။
ရန်ကုန်မြို့ ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့ကြသော ကိုဂျော်ဂွန်း၊ါ်မမေစပယ်ဖြူ၊ ကိုမိုဃ်းသွေး၊ မခင်စန္ဒာညွန့်၊ မဖွေးယုမွန်၊ ကိုကျော်ဘိုဘို၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဦးဝင်းချို၊ ကိုဝေဠု တို့ကို စမ်းချောင်း၊ ကမာရွတ်၊ ကျောက်တံတား၊လှိုင်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗိုလ်တထောင်၊ ပုဇွန်တောင် မြို့နယ်ရဲစခန်းများက အမှုဖွင့် အရေးယူထားပြီး တောင်ကြီးမြို့တွင်လည်း ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြပွဲ ဦးဆောင်ပြုလုပ်ခဲ့သည့် တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ကိုအောင်သူ၊ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုဘိုဘိုဟန်နှင့် တောင်ကြီးမြို့ခံ တဦးဖြစ်သည့် ကိုနေမျိုးအောင်တို့ ၃ ဦးကို တောင်ကြီးမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
အမှုဖွင့်ခံထားရသော ဆန္ဒပြပွဲဦးဆောင်ခဲ့သူ ၁၀ဦးမှာမူ ယနေ့အချိန် တရားရုံးတင်ခြင်း မရှိသေးသော်လည်း အာဏာပိုင်များက ခေါ်ယူစစ်ဆေး ခံနေရဆဲဟု သိရှိရသည်။
“ခွင့်တောင်းရဲ့သားနဲ့ ခွင့်မပြုတာပဲ။ ဥပဒေကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုသင့်တဲ့ နိုင်ငံသားအခွင့်အရေး ပိတ်ပင်ထားတယ်” ဟု ဆန္ဒပြပွဲ ဦးဆောင်မှုဖြင့် အမှုဖွင့်ခံထားရသူ ကိုမိုးသွေး က ရှင်းပြသည်။
ဆန္ဒပြပွဲဖြင့် အာဏာပိုင်များ၏ အမှုဖွင့်ခံထားရသူများကလည်း ရန်ကုန်တိုင်းအစိုးရနှင့် ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် တန်ပြန်တရားစွဲဆိုရန် စီစဉ်နေပြီး လတ်တလော နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေးဦးစီးချူပ်ရုံး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် မြန်မာနိင်ငံလူ့အခွင့်အရေးကော်မရှင်တို့သို့ တိုင်ကြားစာများပေးပို့ထားကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ဆိုသည်။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေချိုးဖောက်မှုအနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် ၃ သောင်း၊ ထောင်ဒဏ်နှင့် ငွေဒဏ်ပါ ပူးတွဲ ချမှတ်နိုင်ကြောင်း တရားဝင်ပြဋ္ဌာန်းထားသည်။