ကမ္ဘာ့ကုလ သမဂ္ဂ၏ ၆၇ ကြိမ်မြောက် အထွေထွေညီလာခံတွင် သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သော မိန့်ခွန်းအပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝန်းက ကြိုဆိုကြကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်သည် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာသမ္မတ တဦးအနေဖြင့် နှစ်ပေါင်း ၆၀ ကျော် အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၂၇ ရက်က မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍လည်း လေးစား ဂုဏ်ယူကြောင်း ပြောဆိုသွားခဲ့သည့် အပေါ် နိုင်ငံရေး အသိုင်းအဝန်းက ကြိုဆို လိုက်ကြခြင်း ဖြစ်သည်။
“ယခင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ် တဦးအနေဖြင့် သာမက ယခုအခါမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော် ကော်မတီ၏ ဥက္ကဋ္ဌ အနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီ ရက်သတ္တ ပတ် အတွင်းမှာတော့ သူ့အနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူ့ရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေ ရိကန် ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တယောက်အနေနဲ့ ကျနော် ဝမ်းမြောက် ဂုဏ်ယူပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းအပေါ် ကြိုဆိုကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့အနေနဲ့တော့ သမ္မတကြီးရဲ့ မိန့်ခွန်းဟာ အလွန်ကြိုဆိုတယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေတဲ့ မိန့်ခွန်းပဲလို့ အဲဒီလို ပြောချင်ပါတယ်။ ဝမ်းသာ အားရ စရာပါ။ အားလုံးအတွက် တိုင်းပြည်အတွက်ရော ပြည်သူအားလုံး အတွက် ရော နိုင်ငံသားတွေ အားလုံးအတွက်ရော အကျိုးရှိမယ့် မိန့်ခွန်းတခုပဲလို့ ပြောချင်ပါတယ်” ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား အမည်ထုတ်ဖော် ဂုဏ်ပြုစကား ပြောကြားခြင်းကို မြန်မာ့နိုင်ငံရေး အင်အားစုများက အားတက်မိကြပြီး ယခုကဲ့သို့ သမ္မတ၏ ပြောဆိုမှုသည် မြန်မာနိုင်ငံတွင် အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်နေပြီး အတိုက်အခံနှင့် အစိုးရ ပူးပေါင်းဆောင်ရွက် နေသည်ကို နိုင်ငံတကာမြင်ရန် ပြသလိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ပေး ပြောဆို ကြသည်။
ဦးသိန်းစိန်က သမ္မတ သက်တမ်း တနှစ်ကျော် ကာလအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် နေသည် များနှင့် အောင်မြင်မှု တချို့ရှိနေသည် ကိုလည်း ပြောဆိုသည်။
“ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မ တော်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ အဓိကအားဖြင့် ပြည်သူများနဲ့ အတူ တက်ညီလက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။ ယခင်က အာဏာ ၃ ရပ်ကို တစ်ပေါင်းတည်း ကျင့်သုံးခဲ့တဲ့ အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီ နည်းလမ်းကျပြီး အပြန်အလှန် ထိန်းကြောင်းမှု စနစ်တွေ ပါတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဖော်ဆောင် နိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုတွေ အများအပြား ရှိနေ ပေမယ့်လည်း ဂုဏ်ယူဖွယ်၊ အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက် လာနေပြီ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။
ဒီမိုကရေစီပါတီ၊ မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေက မိန့်ခွန်းတွင် သမ္မတ အနေဖြင့် လုပ်ဆောင် ခဲ့သည်များကို ပြောဆို သွားခဲ့ခြင်းကိုတွေ့ရပြီး စိန်ခေါ်မှုများ ရှိနေသေးသည်ကိုလည်း အားလုံးပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဧရာဝတီကို ပြောဆိုသည်။
“သူပြောတဲ့ အတိုင်းပေါ့၊ စိန်ခေါ်မှုတွေလည်း အများကြီး ကျန်သေးတယ်ပေါ့နော်။ အဲဒီတော့ အဲဒါတွေကို ကျနော်တို့တွေ အားလုံး ဝိုင်းပြီးတော့ ဒါတွေဟာ ကောင်းတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် ဝိုင်းကူ လုပ်ပေးဖို့ ကျနော်တို့မှာလည်း တာဝန်ရှိတာပေါ့နော်။ ကျနော်တို့လည်းပဲ သူတို့ အစိုးရရဲ့ တည်ဆောက် ပြုပြင် လုပ်ငန်းတွေမှာ ဝင်ပါကြမှာပါပဲ” ဟု သူက ဆိုသည်။
ဦးသိန်းစိန်က ၎င်းလုပ်ဆောင် အကောင်အထည် ဖော်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အဆင့်ဆင့် ငြိမ်းချမ်းရေး စကားပြောဆိုနေမှု၊ လက်ရှိ ကချင်ပြည်နယ်က ဖြစ်စဉ်များကိုလည်း ထည့်သွင်းပြောဆိုသွားသည်။
“မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ ခေါင်းဆောင်များနဲ့ ကချင် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည်မှု တည်ဆောက်မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြောင့် ဘယ်ဘက်က ဖြစ်စေ အသက်နှင့် အိုးအိမ်ပစ္စည်း ဆုံးရှုံးမှုရှိရင် မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်” ဟု သူက ဆိုသည်။
အမေရိကန် ပြည်ထောင်စုရောက် ကချင် တိုင်းရင်းသားတချို့က သမ္မတ ဦးသိန်းစိန်တည်းခိုရာ ဟော်တယ်ရှေ့တွင် ကချင်ပြည်သူများ၏ ကြေကွဲစရာများဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု စသည့် ပိုစတာများကိုင်ကာ ဆန္ဒပြခဲ့ရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများက ဆန္ဒပြခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းက အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သမ္မတက တချိန်က အတိုက်အခံများ၊ နိုင်ငံရေးအင်အားစုများနှင့် လက်တွဲ၍ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု အသစ် အခင်းအကျင်း အသစ်ကို ပုံဖော်နေကြောင်းလည်း မိန့်ခွန်းတွင် ဆိုသည်။
“လက်ရှိရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာဆိုရင် မတူညီတဲ့ နိုင်ငံရေးအင်အားစုများ ပိုမို ပါဝင်လာပြီး ယင်းတို့ အကြား စိတ်ရှည် သည်းခံနိုင်စွမ်း၊ သဘောထားကြီးနိုင်စွမ်း မြင့်မားလာမှု နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်နိုင်သည့် နယ် ပယ် ခဲျ့ထွင်နိုင်မှု၊ ပြည်သူလူထု အများစုကို တိုးမြှင့်ကိုယ်စားပြုနိုင်မှု၊ တာဝန်ခံမှု ပိုမိုမြင့်မားလာမှု စတဲ့ ဒီမိုကရေစီရဲ့ အခြေခံ လက္ခာဏာများ ပိုမိုပေါ်ထွန်း လာနေပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ သက်ဆိုင်သူ အားလုံးအကြား နိုင်ငံရေး သည်းခံမှု ရှိရှိဖြင့် မျက်နှာစုံညီ ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဓလေ့သစ်ကို စတင် ပုံဖော် နိုင်ခဲ့ပြီ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကလည်း ၎င်းတို့အနေဖြင့် အစဉ်တစိုက် တောင်းဆိုနေသည့် နိုင်ငံရေးဖြစ်စဉ်တွင် အားလုံး ပူးပေါင်းဆောင်ရွက်ခွင့် ရရေး တောင်းဆိုနေကြောင်း၊ မြန်မာနိုင်ငံ၏ ပြဿနာ အများစု သည် ယခုမှ ဖြစ်ပေါ်သည့် ပြဿနာ အသစ်များမဟုတ်ဘဲ အဟောင်းများဖြစ်ပြီး ပုံစံအသစ်ဖြင့် ချဉ်းကပ်ရန် အမြဲ တိုက်တွန်းနေခဲ့ကြောင်း၊ ယခုအခါ လမ်းစပေါ် ရောက်ပြီဟု ပြော၍ရကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်တို့က နည်းလမ်း အသစ်တွေ၊ စဉ်းစားပုံ အသစ်တွေ အဲဒါတွေ ရှာဖွေ ဖော်ထုတ်ဖို့လိုတယ်။ နောက်ပြီးတော့ တကယ်ပဲ နိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့ လူတွေ၊ အင်အားစုတွေ အားလုံး ပါဝင်ဖို့လိုတယ်။ အဲဒါကို ကျနော် အဓိက ထားပြီး ပြောဖြစ်တာပါ။ အဲဒီတော့ သမ္မတကြီးကလည်း ဒီအယူအဆအပေါ်မှာ ပြောသွားတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်” ဟု သူကဆိုသည်။
ထို့အပြင် ဦးသိန်းစိန်က လက်ရှိ မြန်မာ့ စီးပွားရေး တိုးတက်လာစေရေး အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာရောက်နိုင်ရေး ဆိုင်ရာ ဥပဒေ ပေါ်ပေါက်ရေးလည်း ဆောင်ရွက်နေကြောင်း ပြောဆိုသည်။
“ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားတဲ့ စီးပွားရေး ဖံွ့ဖြိုးမှုစနစ် တရပ်သို့ ဦးတည်သွားခြင်း မရှိစေရန်၊ အမျိုးသား အကျိုး စီးပွားနှင့် ကိုက်ညီစေရန်၊ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရန်၊ နိုင်ငံတကာ အလုပ်သမား အခွင့်အရေး တွေနဲ့ အညီ ရရှိစေရန်တို့အတွက် လိုအပ်တဲ့ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေး ဆောင်ရွက်လျက် ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စွမ်းအင် ကဏ္ဍကဲ့သို့သော သဘာဝ သယံဇာတတွေ ထုတ်ယူ သုံးစွဲတဲ့ ကဏ္ဍမှာ ပွင့်လင်းမြင်သာပြီး ဘက်လိုက်မှု ကင်းတဲ့ ရင်းနှီး မြှုပ်နံှမှုတွေ ဖြစ်အောင် ဆောင်ရွက်နေပါတယ်” ဟု သူက ဆိုသည်။
အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း သမ္မတ ဦးသိန်းစိန်အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေစဉ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလည်း လုပ်ဆောင်နေသည်ကို မြင်တွေ့ နေရကြောင်း၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှု ဥပဒေသည် လာရောက်ရင်းနှီး လိုသူများနှင့် အမျိုးသား အကျိုးစီးပွား ၂ ခုစလုံးကို ဟန်ချက်ညီစွာ ထိန်းညှိ သွားနိုင်မည်ဆိုပါက သမ္မတလက်ရှိသွားနေသည့် လမ်း ချောမွေ့မည်ဟု ယုံကြည် ကြောင်း ဧရာဝတီကို ပြောသည်။
“ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း နိုင်ငံတကာက လုပ်ငန်းရှင်တွေကို ဆွဲဆောင်နိုင်ဖို့ ဟာတွေ ပါဖို့လိုလိမ့်မယ်။ တချိန်တည်းမှာပဲ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေ ကိုလည်း ကာကွယ်ခွင့် ရှိထားဖို့ လိုမယ်။ အလျှော့အတင်းတွေ ပါတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဖြစ်သင့်ပါတယ်” ဟု သူက ဆိုသည်။
သမ္မတ ဦးသိန်းစိန် လက်ထက် ပြုပြင်ပြောင်းလဲရေးများ လုပ်နေသော်လည်း အကျင့်ဟောင်းများကြောင့် အပြောင်း အလဲသည် အောက်ခြေအထိ မရောက်သေးကြောင်း သူက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် မမျှော်လင့်ပဲ ရခိုင်ပြည်နယ် အရေး ပေါ်ပေါက်လာခဲ့ကြောင်း၊ အဆိုပါကိစ္စသည် သိမ်မွေ့ပြီး စနစ်တကျ ကိုင်တွယ် ဖြေ ရှင်းနေပြီး စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းထားကြောင်း၊ ကမ္ဘာ့ မွတ်ဆလင် အဖွဲ့ချုပ်အပါအဝင်၊ အမေရိကန်၊ အာဆီယံ အစ ရှိသည့် လေ့လာလိုသူများ၊ ကူညီလိုသူများကို အဆင်ပြေစေရေး ကူညီ ဆောင်ရွက်ပေးနေကြောင်း ထည့်သွင်း ပြောဆိုသည်။
“ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဟာ နေ့ချင်းညချင်း အဖြေရှာနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ကျနော်တို့ အစိုးရ အနေနဲ့ ရေတို ရေရှည် စီမံချက်များ ချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံက ချဉ်းကပ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတနိုင်ငံ အနေနဲ့ မိမိ နယ်စပ်မျဉ်းတွေ လုံခြုံဖို့ ဆောင်ရွက်ခွင့်၊ နိုင်ငံ အချုပ်အခြာ အာဏာကို ကာကွယ်ပိုင်ခွင့်နဲ့ ကာကွယ်နိုင်ခွင့် ရှိတယ်လို့လည်း ကျနော်တို့ အနေနဲ့ ရိုးသားစွာ ယုံကြည်ပါတယ်။ ဒီ ကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်း ကျင့်ထုံးများနှင့် ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။
ရခိုင်ပြည်နယ်ပဋိက္ခဆိုင်ရာ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တဦးလည်းဖြစ်သူ ကိုကိုကြီးက ၎င်းတို့ စုံစမ်းရေး ကော်မရှင် စတင်သည့် အချိန်ကတည်းက လွတ်လပ်၍ သီးခြား ကော်မရှင်အဖြစ် ရပ်တည် လုပ်ဆောင်သွားရေးကို အဓိကထား လုပ်ဆောင်ခဲ့ကြောင်း၊ တွေ့ရှိချက်များကို သမ္မတထံ တိုက်ရိုက် အစီရင်ခံရမည် ဖြစ်ကြောင်း ပြောသည်။
“ဒီပြဿနာက သိမ်မွေ့တယ်၊ ရေတိုဖြေရှင်းရမယ့် ကိစ္စတွေရယ်၊ ရေရှည် အချိန်ယူပြီးတော့ လုပ်ရမယ့် ကိစ္စတွေရယ် ၂ ပိုင်းရှိတယ်။ ရေတိုကတော့ လောလောဆယ် ပဋိပက္ခတွေ အေးချမ်းသွားဖို့ရယ်၊ ရေရှည်မှာ လူမှုရေး သဟဇာတ ဖြစ်တဲ့ အခြေအနေတခုကို ဖန်တီးဖို့ရယ် အဲဒါကတော့ ခေါင်းအေးအေးနဲ့ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားကြရလိမ့်မယ်လို့ ထင်တယ်” ဟု သူက ဆိုသည်။
သမ္မတက မြန်မာနိုင်ငံတွင် လက်ရှိ အခက်အခဲများ၊ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေပြီဖြစ်သဖြင့် နိုင်ငံတကာ အသိုင်းအဝန်းကလည်း မြန်မာနိုင်ငံကို အကူအညီများ ပေးရန် တိုက်တွန်းရင်း ချဉ်းကပ်နည်း အသစ်များ လိုအပ်ကြောင်း မိန့်ခွန်းတွင် ထည့်ပြောသွားသည်။
“တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အဝန်း တရပ်လုံး အနေနဲ့ မြန်မာပြည်သူ များရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည် ထောက်ခံမှုနဲ့ အကူအညီများ ပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ချဉ်းကပ်နည်း အသစ်တွေနဲ့ ရှုမြင် ချဉ်းကပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင် တခုကို ဝိုင်းဝန်း ဖန်တီး ပေးဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ပြင်ပ အကူအညီများ သက်သက်အပေါ် မှီခို ရပ်တည် ခြင်းထက် မိတ်ဘက်နိုင်ငံ တနိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်” ဟု ဦးသိန်းစိန်က ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးသုဝေကလည်း မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာများသည် လွတ်လပ်ရေးကာလ ကတည်းက ဖြစ်ပြီး ယခု အစိုးရက တဆင့်ချင်း ဖြေရှင်း နေသည့်အတွက် မြန်ဆန်မှု မရှိသည်ကို နားလည်ရန် လိုအပ် ကြောင်း ပြောသည်။
“တိုင်းပြည် တပြည်နဲ့ တပြည်က တကယ်တော့ အခြေအနေချင်းလည်း မတူဘူးလေ။ မတူတဲ့ အခါကျတော့ မြန်မာ နိုင်ငံကို ရှုတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ အခြေခံ အခြေအနေလေးတွေကို သိထားရင်တော့ ပိုကောင်းတာပေါ့။ မြန်မာက တဆင့်ပြီးတဆင့် လုပ်တဲ့ နည်းတွေကို နိုင်ငံတကာက မြန်မာကို နားလည်ဖို့ဆိုတာ ရှုထောင့် အထွေထွေက ကြည့်ရမှာပေါ့” ဟု သူက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်က ၎င်း၏ စကားကို တတိယမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် တာဝန်ယူခဲ့သူ ဦးသန့်၏ လုပ်ဆောင်ချက်များအား ဂုဏ်ယူလေးစားကြောင်း ပြောကြားရင်း အဆုံးသတ်ခဲ့သည်။
“ကျနော့် အနေနဲ့၊ မြန်မာပြည်သူများ အနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက် သွားမှာ မဟုတ်ဘဲ၊ အစဉ်ထာဝရ ချီးကျူး ဂုဏ်ယူနေမည် ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟု သူက ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးသုဝေကလည်း ဦးသန့်သည် ကုလသမဂ္ဂတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဂုဏ်ကို ယခု အစိုးရ သမ္မတ လက်ထက်မှသာ ဖော်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ချီးကျူးဂုဏ်ပြုသည့် အတွက် အားလုံးအတွက် ဝမ်းသာစရာဖြစ်ကြောင်း ပြောသည်။
“သူ (ဦးသန့်) လုပ်ခဲ့တာတွေက အင်မတန်မှ အမြော်အမြင်ကြီးကြီးနဲ့ လုပ်ခဲ့တာတွေ၊ တကယ်ကျတော့ တိုင်းပြည် အနေနဲ့ ဂုဏ်ယူရမှာပဲ။ ဒါပေမယ့် ဦးသန့်လည်း ဆုံးပြီးရော သူတို့ မဆလ ခေတ်မှာ ကိုယ့်နိုင်ငံက ဂုဏ်ယူစရာ ပုဂ္ဂိုလ်ကို ကျနော်တို့ တိုင်းပြည်က ပစ်ပယ်ရာလည်း ကျခဲ့တာပေါ့” ဟု ဦးသုဝေက မှတ်ချက်ပေးခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းပြောကြားမှုကို မြန်မာ့အသံ၊ မြန်မာ့ ရုပ်မြင်သံကြား MRTV, MRTV 4, SKY NET ရုပ်/သံ လိုင်း နှင့် FM ရေဒီယို စသည်တို့မှတဆင့် တိုက်ရိုက် ထုတ်လွှင့်သွားခဲ့ရာ မြန်မာနိုင်ငံသမိုင်းတွင် နိုင်ငံ့ခေါင်းဆောင် တဦး၏ ကုလ သမဂ္ဂ ညီလာခံ မိန့်ခွန်းကို ပထမဆုံးအကြိမ် အချိန်နှင့် တပြေးညီ သိမြင် နားထောင်ရခြင်းလည်း ဖြစ်သည်။