ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ အများစုသည် ၎င်းတို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရန်နှင့် ဌာနဆိုင်ရာ
ဝန်ထမ်းများကို လစာပေးဆောင်ရန် ဘဏ္ဍာငွေ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ပြည်နယ်၊ တိုင်းဒေသလွှတ်တော် အသီးသီး၏ စတုတ္ထအကြိမ်မြောက် ပုံမှန်အစည်းအဝေးများအား ယခုရက်ပိုင်းအတွင်း ကျင်းပလျှက်ရှိရာ ဘဏ္ဍာငွေသုံးစွဲမှုကိစ္စ အဓိကဆွေးနွေးကြပြီး အများစုမှာ လိုငွေပြနေကြောင်း ပြည်နယ်၊ တိုင်းဒေသ လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့၌ ကျပ် ၈၅ ဘီလီယံကျော် လိုအပ်နေကြောင်း၊ ထိုသို့ လိုအပ်နေခြင်းမှာ တံတား ၄ စင်း တည်ဆောက်နေရခြင်းကြောင့်ဟု တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက ယမန်နေ့တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ ပြောဆိုသွားကြောင်း၊ ဘတ်ဂျက်လိုငွေပြမှု စာရင်းဇယား ကိန်းဂဏန်းများကိုလည်း ကိုယ်စားလှယ်များထံ ကြိုတင်ဝေငှထားမှု မရှိ၍ ဆွေးနွေးခွင့် မရဟု သိရသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ဘဏ္ဍာရေးကိစ္စကို ဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် မြို့တော်ဝန် ဦးလှမြင့်တို့က ရှင်းလင်းပြောဆို ဖတ်ပြကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အပြန်အလှန် ဆွေးနွေးမှု မရှိကြောင်း တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်က ဧရာဝတီသို့ ပြောသည်။
ထို့အတူ ချင်းပြည်နယ်အစိုးရတွင်လည်း ဘဏ္ဍာငွေအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း၊ ထိုကိစ္စသည် ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု အားနည်းခြင်း၊ ဖြေရှင်းရန်နည်းလမ်း ရှာဖွေမှု မရှိခြင်းတို့ကြောင့်ဟု ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးဇိုဇမ် က ဧရာဝတီသု့ိ ပြောသည်။
၎င်းက “ဒီကိစ္စက ပြည်နယ်အစိုးရ ညံ့တဲ့အတွက်လို့ ပြောရမှာပဲ၊ ဘတ်ဂျက်ကျအောင် မတောင်းနိုင်ဘူးဗျာ။ လုံလောက်အောင် တင်ပြတောင်းဆိုဖို့ ကျနော် အကြိမ်ကြိမ်ဆွေးနွေးပေမယ့် အစိုးရအဖွဲ့က ဘာမှမလုပ်ဘူး၊ နှစ်ပြားတပဲ တောင်းတော့ နှစ်ပြားတပဲပဲ ရတာပေါ့ဗျာ” ဟု ဆိုသည်။
ပြည်နယ်၊ တိုင်းဒေသအစိုးရ အနေဖြင့် အသေးစား အသုံးစရိတ်မှအပ ကြီးမားသည့် ဘတ်ဂျက်ငွေကို ပြည်နယ်၊ တိုင်းဒေသ လွှတ်တော်၌ တင်ပြဆွေးနွေး အတည်ပြုပြီးပါက ပြည်ထောင်စု အစိုးရထံ ဆက်လက်တင်ပြ တောင်းခံရမည် ဖြစ်သည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၌ အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမည့် ကဏ္ဍအများအပြား ရှိကြောင်း၊ ပြည်နယ်အစိုးရ အနေဖြင့် ဘတ်ဂျက်ကိစ္စကို နားလည်တတ်ကျွမ်းသူများနှင့် ညှိနိုင်းလုပ်ဆောင်ခြင်းမရှိဘဲ ၎င်းတို့ စိတ်ကြိုက်လုပ်ဆောင်နေမည် ဆိုပါက မည်သည့်အရာမှ ဖြစ်မြောက်လာမည် မဟုတ်ဟု ဦးဇိုဇမ်က ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင်လည်း ဘတ်ဂျက်ငွေ အခက်အခဲ ဖြစ်နေသည့်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများကို လစာပေးရန် အခက်အခဲနှင့် ကြုံတွေ့နေသည်ဟု ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် တင်ပြဆွေးနွေးသွားကြောင်း နိရဉ္စရာသတင်း၌ ရေးသားထားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၌ ဌာန စုစုပေါင်း ၁၀ ခုရှိပြီး အများစုသည် မိမိတို့ဌာနမှ ဝန်ထမ်းများကို လစာ ပေးရန်အခက်အခဲများ ဖြစ်နေကြောင်းသိရပြီး၊ မြန်မာနိုင်ငံ၌ ရခိုင်ပြည်နယ်သည် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်၌ ဘဏ္ဍာရေး ကိစ္စဆွေးနွေးသော်လည်း လိုငွေပြမှုမရှိကြောင်း၊ သို့သော် ဘတ်ဂျက် တချို့
ပိုမိုတောင်းခံထားကြောင်း တိုင်းဒေသလွှတ်တော် ကိုယ်စားလှယ် ဦးနိုထန်ကပ် က ပြောသည်။ စစ်ကိုင်းတိုင်းသည် ကျယ်ပြန့်သည့် ဒေသတခုဖြစ်၍ အခွန်အခကောက်ခံ ရရှိမှု များသည့်အတွက် ဖုံလုံမှုရှိကြောင်းလည်း ၎င်းက ဆိုသည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့သည်လည်း လိုငွေပြမှု နည်းပါးကြောင်း သိရပြီး တခြားသော ပြည်နယ်၊ တိုင်းဒေသ အသီးသီး၏
လွှတ်တော် အစည်းအဝေးများ၌ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း ကိစ္စများကို ဆွေးနွေးကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ ၌ ရေးသားထားသည်။
ရှမ်းပြည်နယ် လွှတ်တော်၌ ဘဏ္ဍာရေးကိစ္စအပြင် ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ လျှပ်စစ်မီးရရှိရေး ကိစ္စတို့ကိုလည်း ဆွေးနွေးကြောင်းသိရသည်။ ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရရှိမည့် အကျိုးအမြတ်၏ ၅ ရာခိုင်နှှုနု်းအား ရှမ်းဒေသခံများ၏ နစ်နာကြေးအတွက် ပေးရန် တောင်းဆိုခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေသဘာ၀ ဓာတ်ငွေ့ဂက်စ် ပိုက်လိုင်းသည် ရခိုင်ပြည်နယ်မှ တဆင့်
တရုတ်နိုင်ငံသို့ သွယ်တန်းရာ လမ်းကြောင်း၌ ရှမ်းပြည်နယ်ထဲမှ မြို့နယ် ကျေးရွာတချို့ကို ဖြတ်သန်းမည်ဖြစ်သည်။ထိုပိုက်လိုင်းဖြတ်လမ်းရာ လမ်းကြောင်း၌ ကျေးရွာ များပြောင်းရွှေ့ခြင်း၊ လယ်မြေများ သိမ်းယူခံရခြင်းကြောင့် ဒေသခံ ရှမ်းပြည်သူများ၏ နစ်နာဆုံးရှှုံးမှုအတွက် တင်ပြတောင်းဆိုရခြင်းဟု ဆိုသည်။
ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးမှ ထွက်ရှိသည့် သယံဇာတများမှ ရရှိသောဝင်ငွေ၏ ၂၅ ရာခိုင်နှှုန်း သို့မဟုတ် သင့်တင့်သော နှှုန်းထားတခုကို တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့တို့ကို ခွဲဝေပေးရန် အဆိုတခုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်စောဖြူက မကြာသေးခင်က တင်သွင်းခဲ့သေးသည်။
ပြည်နယ်၊ တိုင်းဒေသများမှ ထွက်ရှိသည့် သယံဇာတများမှ ရရှိမည့် အကျိုးအမြတ်ကို ခွဲဝေပေးရန် ရှိသည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့က ပြောဆိုထားကြောင်း သိရသော်လည်း ရာခိုင်နှှုန်း မည်မျှပေးမည်၊ မည်သည့်ကာလတွင် ပေးမည်ဆိုသည်ကို တိကျစွာ ပြောဆိုခြင်း မရှိသေးဟု သိရသည်။