ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် မကွေးတိုင်း ကံမမြို့နယ် အတွင်းရှိ လယ်သမားများကို NGO တခုက လယ်ယာကဏ္ဍနှင့် ကျေးလက်ဖွံ့ဖြိုးရေး ၅ ရက်သင်တန်း စက်တင်ဘာ ၂၇ ရက်နေ့မှ စတင်ပေးနေကြောင်း သတင်းရရှိသည်။
“ကျေးလက်ဒေသမှာ အဓိက လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ပြဿနာတွေဖြစ်နေတာ နံပတ် (၁) ပညာအခြေခံ နည်းပါးမှု၊ (၂) သတင်းအချက်အလက်အပေါ် အခြေပြုတဲ့ စာဖတ်မှုမရှိလို့၊ (၃) တောင်သူလယ်သမား အခွင့်အရေး မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သတ်တဲ့ အခွင့်အရေးတွေ ဥပဒေတွေ ဒါတွေကို သူတို့ ကောင်းကောင်းမွန်မွန်နားလည်း သဘောပေါက်ထားမှု မရှိသလောက်ရှားတယ်၊ (၄) စိုက်ပျိုးရေးနဲ့ ပတ်သတ်လို့ စနစ်တကျ တတ်ကျွမ်းတာမျိုး မရှိဘူး။ လယ်သမားတွေတဦးချင်းစီ အခြေအနေပေါ်မှုတည်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေးတဲ့အနေနဲ့ ဒီလိုမျိုး တတ်သိပညာရှင်တွေ ဖိတ်ကြားပြီး သင်ကြားပေးတာဖြစ်တယ်” ဟု နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့ (CPRCG) မှ ကိုရဲထင်ကျော်က ဧရာဝတီသို့ ပြောသည်။
လယ်ယာမြေဥပဒေ နည်းဥပဒေ၊ သတင်းနှင့် အချက်အလက်စုဆောင်းခြင်း၊ လယ်ယာမြေ သိမ်းဆည်းခံရခြင်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ၊ စရိတ်သက်သာ အထွက်တင်း ၁၀၀ အထက် စပါးစိုက်နည်းပညာ၊ လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် အခြေခံ ဒီမိုကရေစီ၊ သဘာဝမြေသြဇာ လက်တွေ့ပြုလုပ်ခြင်းနှင့် ကောင်းကျိုးများ စသည့် သင်ခန်းစာများကို သင်တန်းကာလ ၅ ရက်အတွင်း သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
“ဒီဘာသာရပ်တွေ သူတို့ သိသွားစေချင်တာရယ် သူတို့နဲ့ မရင်းနှီးတဲ့ အကြောင်းအရာတွေ မရင်းနှီးတဲ့ စကားလုံးတွေနဲ့ သူတို့ အကျွမ်းတဝင်ဖြစ်လာပြီး လက်တွေ့သူတို့ရဲ့ လူနေမှုဘဝမှာ အသုံးချတတ်ဖို့ အတွက်ရယ်၊ လယ်ယာဥပဒေနဲ့ မြေလွတ်မြေလတ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ အဲဒီ ဥပေဒတွေအပေါ်မှာ နဂိုသူတို့လုံးဝ ဘာမှ မသိတာထက်စာရင်၊ ဒီသင်တန်းမှာတက်ပြီး သူတို့ အထိုက်အလျောက် နားလည်လာနိုင်တယ်။ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ နည်းပညာတွေထဲက ပိုးသတ်ဆေးသုံးစွဲတဲ့ နည်းလမ်းတွေ စနစ်တကျ ပိုသိသွား နိုင်သလို၊ ကျေးလက်ဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေမှာ အမှန်တကယ် ဦးဆောင်နိုင်တဲ့ တောင်သူလယ်သမားတွေ တဖြည်းဖြည်းဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ကိုရဲထင်ကျော်က ဆိုသည်။
သင်တန်းနေရာ အခက်အခဲကြောင့် ကျေးရွာတရွာလျှင် လယ်သမား တဦး၊ နှစ်ဦးကိုသာ ကိုယ်စားလှယ်များအဖြစ် ခေါ်ယူ သင်တန်းပို့ချပြီး ထိုသင်တန်းသားတွေများမှတဆင့် ကျေးရွာများတွင် ပြန်လည် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော် အမတ်များသည်လည်း ပဲခူးတိုင်းအတွင်း လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ ကွင်းဆင်း စုံစမ်း ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်အတွင်းမှ လယ်ယာမြေ အသိမ်းခံထားရသည့် လယ်သမားများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ သဲကုန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်နှင့် ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းတို့သည်လည်း စက်တင်ဘာလ ၂၇ ရက်နေ့က လယ်ယာမြေ ပြန်လည်ရရှိရေး ဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ် ဘူးဘတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်သည် ပဲခူးတိုင်းအတွင်း လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဖြစ်သည်။
ပဲခူးတိုင်း အတွင်းလယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လွှတ်တော် ကိုယ်စားလှယ် ၄ ဦးက စစ်ဆေးရမည်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီမှ ပြည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းတို့လည်း ပါဝင်သည်။
“ဒီပြဿနာတွေကို တကယ် ဖြေရှင်းပေးချင်တာကြောင့် ကြံ့ခိုင်ရေးပါတီ ဇလွန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့တာဖြစ်လို့ ကျနော်တို့ ကြံ့ခိုင်ရေးပါတီက ပါတီမှုဝါဒတရပ် အနေနဲ့ နစ်နာခဲ့ရတဲ့ တောင်သူတွေဘက်က ရပ်တည်လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ဦးစိုးအောင်က ဧရာဝတီကို ပြောသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ ဘူးဘတ်၊ ရပ်သာ၊ ဒေါင်းတိုက်၊ မကျည်းပင်ကွင်း စသည့်ကျေးရွာများမှ တောင်သူဦးရေ ၈၀ ကျော်သည် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် အပြန်အလှန် ဆွေးနွေးပြောဆိုခဲ့ကြသည်။
“တနိုင်ငံလုံးမှာ တပ်မတော်ရဲ့ သိမ်းဆည်းမှုပုံစံတွေက တပုံစံတည်းပဲ ရှိနေတယ်။ အဲဒီမှာ တပ်မတော်က တနိုင်တပိုင် မွေးမြူးရေးဆိုတဲ့ စီမံချက်တွေရှိတယ်၊ စိုက်ပျိုးရေးလုပ်ငန်းဆိုတာ ရှိတယ်။ ကျနော် တပ်မတော်ရဲ့ ဘတ်ဂျက်တွေထဲမှာ ကျနော်ရှာကြည့်တော့ တွေ့တယ်။ သို့သော်လည်းပဲ နိုင်ငံတော်အကြီးအကဲတွေက လုပ်ခိုင်းလိုက်တာက ဒါတွေကတော့ ရေအောက်မြေတွေ ဒါကတော့ မြေလွတ်မြေရိုင်းတွေဆိုရင် ဖော်ထုတ်ပါ။ ပြည်သူတွေက မဖော်ထုတ်နိုင်ဘူး၊ စရိတ်မရှိဘူး။ ဒါတွေကို မင်းတို့ဖော်ထုတ်ပြီး ရယူလိုက်ဆိုပြီး မှာထားတယ်။ မြေစာရင်းရဲ့ မြေကြီး မြေပုံစာရင်းတွေ မမှန်ကန်တဲ့အတွက် ဒါတွေဟာ မြေစာရင်းမှာ မြေလွတ်တွေ ပေါ်နေတယ်။ အဲဒီမြေစာရင်းတွေဟာ လယ်မြေတွေ ဖြစ်နေတယ်” ဟု ဦးစိုးအောင် ရှင်းပြသည်။
ပဲခူးတိုင်း ပြည်ခရိုင်းအတွင်း လယ်မြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် နောက်လာမည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြနိုင်ရန် ကြိုးစားသွားမည်ဟု သိရသည်။