ရန်ကုန်မြို့တွင်းရှိ ဆေးဆိုင်၊ ဆေးခန်းများတွင် ရက်မလွန်သေးသည့်ဆေးများ မှိုတက်ခြင်း၊ ပျက်ဆီးခြင်းများ ဖြစ်ပေါ်နေသည်က လက်ရှိ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။ အဆိုပါဆေးများသည် တရားဝင် ကျန်းမာရေးဝန်ကြီးဌာန၏ စစ်ဆေးမှုများကိုခံယူခဲ့ပြီး သော ဆေးဝါးများဖြစ်သည်။
“ကျနော့်ဆေးခန်းကို ပြနေကြ လူနာတွေမလာကြတော့ ဘာဖြစ်လို့လဲစုံစမ်းတယ်။ ရင်းနှီးတဲ့သူတစ်ဦးက ဆရာ့ဆေးခန်းက ပေးလိုက်တဲ့ ဆေးတွေမှာ မှိုတွေတက်နေတဲ့ဆေးတွေ ပါလာလို့ နောက်ဆေးခန်း တခုကို ပြောင်းပြလိုက်တာလို့ဆိုတော့မှ ဆေးတွေကို ပြန်စစ်ဖြစ်တာ။ အဲဒီမှာတွေ့တာပဲ” ဟု သင်္ဃန်းကျွန်းမြို့ နယ်အတွင်းရှိ ရွှေစင်္ကြာဆေးခန်းမှ ဒေါက်တာနန္ဒထွန်းက အဆိုပါ ပေးလိုက်သော ဆေးအမျိုးအစားများကို ဆေးခန်းတွင်ရှာပြီး စစ်ဆေးကြည့်သည့်အခါတွင် ဆေးကဒ်တကဒ်လျှင် ဆေးတတောင့်က မှိုတက်နေခြင်းကို တွေ့ရှိခဲ့ရသည်ဟု ပြောပြသည်။
ထို့အပြင် မိမိသောက်နေကြ နှလုံးဆေးများသည် သက်တမ်းကုန်ဆုံးခြင်းမရှိသော်လည်း ဆေးလုံးများ အရည်ပျော်နေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရက်ကွက်မှ ဒေါ်တင်ကလည်း ပြောသည်။
“ကျမ နှလုံးအောင့်တတ်တဲ့အတွက် အဲဒီဆေးကို အမြဲဆောင်ထားခဲ့တယ်။ တနေ့က ညသန်းခေါင်ဆေး သောက်ဖို့လုပ်တော့ ဆေးကပျော်နေပြီ။ ဒါပေမယ့် အဲဒီအချိန် ဆေးဆိုင်တွေက ပိတ်နေပြီဆိုတော့ ဝယ်လို့မရ တာနဲ့ အဲဒီဆေးအပျော်ကိုပဲ သောက်လိုက်ရတယ်” ဟု ပြောသည်။
ဈေးကွက်အတွင်း ဆေးများမှိုတက်ခြင်း၊ ပျက်ဆီးခြင်းများသည် ဖြစ်တတ်သောသဘောရှိသော်လည်း ကုမ္ပဏီအများစုက ပြန်အကြောင်းကြားလျှင် ဆေးအသစ်များ လဲလှယ်ပေးတတ်ကြောင်း၊ ထားသိုမှု နည်းစနစ် မမှန်ကန်လျှင်လည်း ဖြစ်တတ်ကြောင်း သိရသည်။ ဆေးဘူးများတွင်ထားသိုမှုနည်းစနစ်နှင့်ပက်သက်ပြီး လမ်းညွှန်ချက်များပါသော်လည်း ဆေးဆိုင်များတွင် လိုက် နာမှုအားနည်းခြင်းများ၊ သယ်ယူပို့ဆောင်မှုများတွင်လည်း ဖြစ်တတ်သည်။
သို့ရာတွင် ဆေးဘူးများတွင် ထားသိုမှု ညွှန်ကြားလွှာများ ရေးသားလိုက်ရုံဖြင့် လုံလောက်ပြီလား၊ ဆေးဝါးများ ကိုယ်တိုင်က အ၇ည်အသွေး ညံ့ဖျင်း လာပြီလားဆိုသည်ကို စစ်ဆေးရန် မလိုအပ်ဘူးလားဟု အချို့ကလည်း မေးခွန်းထုတ်ကြသည်။
ဆရာဝန်ရှုထောင့်မှနေပြီး ဆေးများ ရက်မလွန်ခင် မှိုတက်ခြင်း၊ ပျက်ဆီးနေခြင်းက မှတ်ပုံတင်ဖြန့်ချိနေသော ဆေးများတွင် ဖြစ်ပျက်နေခြင်းက လက်ခံနိုင်စရာလုံးဝမရှိကြောင်း၊ သက်ဆိုင်ရာများအနေဖြင့် ထိုကိစ္စကို စိစစ်အရေးယူရန်လိုအပ်လာပြီဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး လုံခြုံ စိတ်ချမှုကို ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ် ၂ မှ အမည်မဖော်လိုသော သင်တန်းနည်းပြ ဆရာဝန် တစ်ဦးက ပြောသည်။
“ဆေးတွေ ရက်မလွန်ခင် မှိုတက်ကတော့ ဘယ်လိုမှကို မဖြစ်သင့်ဘူး။ အဓိက ဖြစ်နေတာက ဆေးလောကမှာ ဈေးကွက်စစ်တမ်းမျိုးတွေ လုပ်တာမရှိတာပဲ။ ဈေးကွက်မှာ စစ်နေတာက ဆေးဝါး အတုကိစ္စလောက်ပဲ အလေးထားတယ်။
လိုင်းဆေးတွေလောက်ပဲ သေသေချာချာလုပ်တယ်။ ကုမ္ပဏီက ဆေးတွေဆို ယုံကြည်မှုရှိကြတယ်။ တကယ်ဆိုရင် ဆေးတွေက ထုတ်လုပ်တဲ့နေ့ ဘယ်လောက်ဆိုရင် ပျက်စီးတတ်လဲ။ ဘယ်လိုမျိုး ထားသိုတာတွေက ပျက်စီးတတ်လဲ ဆိုတာကို သေသေချာချာ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့မျိုး၊ လုပ်တဲ့သူမျိုး မရှိသေးဘူး။ တကယ်လို့ထားသိုမှုမှာ ပြောစရာရှိရင် ညွှန်ကြားချက် အသစ်တွေထပ်ထုတ်ရမယ်၊ ဆေးကိုက ရက်မလွန်ခင် ပျက်ဆီးတတ်တယ်ဆိုရင် ရက်လွန်နေ့စွဲကို ပြင်ဖို့လိုလာတယ်။ ဒါတွေကို တိတိကျကျ စစ်တမ်းကောက်ယူတာမျိုး၊ စောင့်ကြည့်လေ့လာတာမျိုး ကျနော့်လုပ်သက်အရ မတွေ့သေးဘူး။ အဲဒီလို သုသေသနပြုစုတဲ့ စာတမ်းမျိုး လုံးဝကိုမတွေ့ဖူးဘူး” ဟု အဆိုပါ ဆရာဝန်က ထောက်ပြပြောဆိုသည်။
မြန်မာနိုင်ငံ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ကျွမ်းကျင်ဆရာဝန် ဒေါက်တာသိဂီ ၤဇင် က ထိုသို့ ဖြစ်ပျက်လာလျှင် မိမိတို့သက်ဆိုင်ရာအဖွဲ့များထံ အကြောင်းကြားရန် လိုအပ်ကြောင်း၊ အကြောင်းမကြားသည့် အခါတွင် မိမိတို့စစ်ဆေးရေးအဖွဲ့အနေဖြင့် ညွှန်ကြားမှုများ လုပ်ရန်မလွယ်ကူကြောင်း၊ အကြောင်းကြားရာတွင်လည်း သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးအဖွ့ဲထံသို့ အကြောင်းကြားပြီး ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပြောသည်။
ဆေးများ သက်တမ်း ကုန်ဆုံးရက် မတိုင်ခင် ပျက်ဆီးခြင်း၊ မှိုတက်ခြင်းများ တွေ့ကြုံရလျှင် ဆေးခန်းများအနေဖြင့်လည်း သက်ဆိုင်ရာသို့တိုင်ကြားအသိပေးခြင်းများကို ပြု လုပ်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်ကလည်း ပြောသည်။
ဆေးဝါးနှင့်ပက်သက်ပြီး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ရှိသောကြောင့် ၎င်းတို့ထံအကြောင်းကြားပြီး ဆေးဆိုင်၊ ဆေးခန်းများ၏ ထားသိုမှုနည်းစနစ်များကြောင့်လား၊ ဆေးကုမ္ပဏီမှ ဆေးများကြောင့်လားဆိုသည် ကို ညှိနှိုင်းအဖြေရှာသင့်ကြောင်း ၎င်းကဆက်ပြောသည်။
ထို့အပြင် ” ဆေးခန်းဖက်က သိဖို့ကောင်းတာက ဆေးကို သူလက်ခံတဲ့အချိန်မှာ ဆေးရဲ့အခြေအနေ ကို သူစိစစ်ဖို့တော့ လိုမယ်။ အဲဒီအချိန်ထဲမှာပဲ ကုမ္ပဏီဘက်က ဆေးမကောင်းဘူးဆိုရင် ဒါကို သူပြောပြဖို့လိုမယ်။ ကုမ္ပဏီဘက်က ဆေးဝါးတွေ သိုလှောင်တယ်ဆိုတာ ဘယ်လိုသိုလှောင်ရမလဲဆိုတဲ့ သီးခြား သတ်မှတ်ချက်တွေရှိတယ်။ အဲဒီသတ်မှတ်ချက်တွေအတိုင်း မသိုလှောင်နိုင်ဘူး ဆိုလို့ရှိရင်လည်း ဆေးဝါးတွေမှာ ပျက်ဆီးမှုတွေ ဖြစ်တယ်” ဟု ဒေါက်တာ မင်းသန်းညွှန့်က သုံးသပ်ပြသည်။
သို့ရာတွင် ဆေးဆိုင်များအနေဖြင့် မှိုတက်ဆေးဝါးများ တွေ့လာလျှင် တိုင်ကြားခြင်း မလုပ်လိုကြပေ။
ဆေးဆိုင်များတွင် လာရောက်စစ်ဆေးသည်ကို မလိုလားသောကြောင့် မိမိတို့ဆိုင်များတွင် တွေ့ရှိသည့်အခါ သက်ဆိုင်ရာေ ဆးဝါးဖြန့်ချိပေးသည့်ကုမ္ပဏီမှ လာရောက် လဲလှယ်မပေးလျှင် လွှင့်ပစ်လိုက်ကြကြောင်း ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီးရှိ ဆေးဆိုင်ပိုင်ရှင် ဒေါ်ခင်ခင်လေး ကပြောသည်။
“ကိုယ့်ဆိုင်တွေမှာ နယ်စပ်ကဝင်တဲ့ လိုင်းဆေးတွေရော၊ ကုမ္ပဏီပစ္စည်းတွေရော ရောရောင်းတော့ လာစစ်ဆေးတာမျိုးကို မလိုချင်ဘူး။ နောက်ပြီး ပတ်ဝန်းကျင်က ကိုယ့်ဆိုင်ကို သက်ဆိုင်ရာအဖွဲ့တွေ လာစစ်ဆေးခဲ့တယ်ဆိုတဲ့ အမြင်ကိုလည်း မခံချင်ကြဘူး။
ဒါ့ကြောင့် ဆေးဆိုင် တော်တော်များများကတော့ အဲဒီလို ဆေးတွေ မှိုတက်တာ တွေ့ရင် ကျန်းမာရေးဝန်ကြီးဌာနကို အကြောင်းမကြားကြဘူး ထင်တယ်။ ကျမတို့ဆေးဆိုင်မှာလည်း အဲဒီလိုဖြစ် ပျက်တာတွေ ဒီနှစ်ပိုင်းမှာ ပိုဖြစ်လာပါတယ်။ တခါမှတော့ အကြောင်းမကြားဘူး။ ကုမ္ပဏီကို ဖုန်းဆက်လိုက်ပြီး လာလဲပေးဖို့ပဲ ပြောတယ်။ လဲမပေးတဲ့ ကုမ္ပဏီတွေလဲရှိတယ်။ ဒါမျိုးဆို မှိုတက်နေတဲ့ဆေးကို ပစ်လိုက်တာပဲ” ဟု ဒေါ်ခင်ခင်လေးကပြောသည်။