[irrawaddy_gallery]
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်မိန့်ခွန်းပြောကြားခြင်းနှင့် အမေရိကန်-မြန်မာ ဆက်ဆံရေးသစ် သံတမာန်ရေး တိုးမြှင့် ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုသို့ တပတ်ကြာ ခရီးထွက်ခဲ့သော သမ္မတ ဦးသိန်း စိန်သည် ခရီးစဉ် ပြီးဆုံးပြီး ယနေ့ အောက်တို ဘာ လ ၁ ရက်နေ့ နံနက်က ပြန်လည်ရောက်ရှိလာသည်။
ယနေ့နံနက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော သမ္မတ ဦးသိန်းစိန်ကို လူအများ ကြိုဆိုနေကြသည့် မြင်ကွင်းတချို့လည်း အင်တာနက်စာမျက်နှာများတွင် တွေ့ရသည်။
သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ခရီးစဉ်အတွင်း ကုလ သမဂ္ဂအထွေထွေညီလာခံတက်ရောက်ခြင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် သီးခြား တွေ့ဆုံခြင်းများပြုလုပ်ပြီး ညီလာခံ ပြင်ပ သီးခြားဆွေး နွေးပွဲများလည်း တက်ရောက်ခဲ့သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ကမ္ဘာ့ မိသားစုကြီးက အပြည့်အ၀ အားပေးထောက်ခံ ကူညီရန် တိုက်တွန်း ပြောကြားသည်။
ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်နှင့် အခိုင်အမာ ဆက်လက်ဖြစ်စေရန် အားပေးရင်း ဦးသိန်းစိန်၏ နိုင်ငံရေးအမြင်နှင့် ဦး ဆောင်မှု ချီးကျူးစကား ဆိုလျှက် ဦးသိန်းစိန်၏ သမ္မတရုံးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ လုပ် ဆောင်နေမှုများ အပါအဝင် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကုလသမဂ္ဂက ဆက်လက် ထောက်ခံ အားပေးရန် အဆင်သင့်ရှိကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောသည်။
ထို့နောက် သမ္မတ ဦးသိန်းစိန်သည် မစ္စတာ ဘန်ကီမွန် ဦးဆောင်သည့် နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့် ဖွဲ့စည်းထားသည့် မြန် မာ မိတ်ဆွေအဖွဲ့အစည်း အဝေးကိုလည်း တက်ရောက်ခဲ့သည်။
အဆိုပါမြန်မာမိတ်ဆွေများအဖွဲ့၏ လွန်ခဲ့သည့် သောကြာနေ့က အစည်းအဝေး တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး တခုလုံးကို ခြုံငုံ၍ သုံးသပ်ကာ မကြာသေးခင်က တိုးတက်မှုများအကြောင်း ဆွေးနွေးခဲ့သည်။
အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီယားက “ မြန်မာမှာ ဘာသာရေး အုပ်စုတွေ၊ တိုင်းရင်းသားတွေ အားလုံးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေနဲ့ ဒီမိုကဂရက်တစ် ဝန်းကျင် အားကောင်းလာမယ့် ရလာဒ်တွေ ဆက်ဖြစ်နေမယ်လို့ ကျနော်တို့ မျှော် လင့်ပါတယ်” ဟု ဆိုသည်။
ကုလသမဂ္ဂ အနေဖြင့်လည်း တိုင်းပြည်တွင် ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ လူသားချင်းစာနာရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ စိန် ခေါ် ခံနေရမှုများကို အလေးအနက်ထားပြီး ထိုအထဲက အစိပ်အပိုင်း တခုဖြစ်သည့် မြန်မာပြည်သူများကို အကူအညီ ပေးရေးကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
အဆိုပါ အစည်းအဝေးတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အရေး ဆွေးနွေး ပြောကြားမှုကို ကုလသမဂ္ဂက ထုတ်ပြန်သည့် ကြေညာချက် တွင်လည်း ဖော်ပြထားသည်။
ဦးသိန်းစိန်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) တာဝန်ရှိသူများ ပါဝင်သည့် ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ရာ မစ္စတာ ဘန်ကီမွန်းက OIC အထွေထွေ အတွင်းရေးမှူး Ekmeleddin Ihsanoğlu နှင့် ဆွေးနွေးရာတွင်လည်း ရခိုင်ပြည်ရှိ မွတ်ဆလင်များအရေး စိုးရိမ် မကင်းဖြစ်မှုကိုလည်း ဆွေးနွေးခဲ့ကြကြောင်း လည်း သိရသည်။
ကုလသမဂ္ဂ ကြေညာချက်အရ ဦးသိန်းစိန်နှင့် မစ္စတာ ဘန်ကီမွန်းတို့သည် ရခိုင်ပြည်နယ်တွင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့်ပတ်သက်၍ တင်းမာမှုများ အမြစ်တွယ်နေခြင်းကို ထုတ်ဖော်ပြောဆိုကြပြီး လက်ငင်းဖြေရှင်းမှု၊ ရေရှည် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အားထုတ်မှုများပါ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“တခြားနိုင်ငံတွေမှာ ဖြစ်တတ်သလို ရခိုင်အရေးကြောင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တခုလုံးကို မထိ ခိုက်စေဖို့ ရခိုင်ပြည်နယ် အခြေအနေဟာ အရေးကြီးပြီး သတိကြီးကြီးနဲ့ ကိုင်တွယ်ဖို့ အဓိက ထောက်ပြခဲ့ပါတယ်” ဟု ဘန်ကီမွန်း၏ ပြောရေးဆိုခွင့် ရှိသူက သတင်းထောက်များကို ပြောဆိုသည်။
ခေါင်းဆောင် ၂ ဦးကလည်း မြန်မာ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ရိုဟင်ဂျာ အရေး ဖြေရှင်းရေး အကူအညီပေးရန် ဘုံအားထုတ်မှုလည်း လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်ဟု သူက ဆက်ပြောသည်။
ထို့အပြင် သမ္မတ ဦးသိန်းစိန်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်အပါအဝင် အမေရိကန် ခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်း စသည် တို့ကိုလည်း ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံမှုများတွင် သမ္မတ ဦးသိန်းစိန်က လက်ရှိ ဖော်ဆောင်နေသည့် မြန်မာ့အပြောင်းအလဲလုပ်ငန်းစဉ်များကို ရှင်းပြခဲ့ပြီး အမေရိကန်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ကလည်း မြန်မာ့ ပို့ကုန်ပိတ်ဆို့ထားမှုကို အမေရိကန်ဘက်က ဖယ်ရှားပေးမှုဖြင့် အမေရိကန်က အသိအမှတ်ပြုပေးခဲ့သည်။
အမေရိကန် ပြည်ထောင်စုကို ကြိုတင်ရောက်နှင့်နေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လည်း လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် သမ္မတ ဦးသိန်းစိန်၏အားထုတ်မှုအဖြစ် ချီးကျူးပြောဆိုထား ပြီး အမေရိကန်က မြန်မာအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း ဖြေလျှော့ ဖယ်ရှားပေး ရန် အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းခဲ့သည်။
ထို့အပြင် မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုအရှိန်ရ အောင်မြင်စေရန်အတွက် အမေရိကန်မှ လေ့လာသင် ယူမှုများ ပြုလုပ်ခဲ့သည့်အပြင် အမေရိကန် ပြည်ထောင်စုကိုလည်း သမ္မတ ဦးသိန်းစိန်က အဖက်ဖက်က ဖွံ့ဖြိုးရေး အ ကူအညီများပါ ပေးရန်အတွက် တိုက်တွန်း ပြောကြားခဲ့သည်။
ဦးသိန်းစိန်သည် အမေရိကန် သမ္မတဟောင်း မစ္စတာ ဘီလ် ကလင်တန်၊ မြန်မာအတိုက်အခံများကို အစဉ်တစိုက် ထောက်ပံ့ကူညီပေးနေသည့် Open Society Institute (OSI) ဖောင်ဒေးရှင်းက သူဌေးကြီး မစ္စတာ ဂျော့ဆိုး ရောစ် အပါအဝင် အမေရိကန် လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး အတွက် လည်း ဖိတ်ကြားခဲ့သည်။
ထို့အပြင် သမ္မတ ဦးသိန်းစိန်က အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားနှင့် သမ္မတဟောင်း မစ္စတာ ဘီ ကလင်တန်တို့ကိုလည်း မြန်မာ့အပြောင်းအလဲကို မျက်မြင်လာရောက် လေ့လာရန်အတွက် ဖိတ်ကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ်တခု ဖြစ်သည်။