သီတဂူဆရာတော် အရှင်ဉာဏိဿရက ဆန်ပြတ်လပ်မှု ရင်ဆိုင်နေရသော ကချင်ပြည်နယ်၊ ပူတာအို ခရိုင်သို့ ဆန်တတင်းခွဲဝင် အိတ်ပေါင်း ၁၀၀ သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
“မနေ့က ညနေ သုံးနာရီခွဲ မန္တလေးရထားနဲ့ ဆန်အိတ် ၁၀၀ မြစ်ကြီးနားကို ပို့လိုက်ပါပြီ။ ဆရာတော်ကြီးကတော့ အောက်တိုဘာ ၁၂ လောက်မှာ မြစ်ကြီးနားကို ရောက်မယ်” ဟု သီတဂူဆရာတော်၏ မြစ်ကြီးနားခရီးစဉ်ကို စီစဉ်သူ စစ်ကိုင်းမှ ဆရာတော် ဦးကောဝိဒက မိန့်သည်။
သွားရောက်လှူဒါန်းခြင်းသည် သီတဂူဗုဒ္ဓတက္ကသိုလ်၏ အလှူသက်သက်သာ ဖြစ်ပြီး အခြားအဖွဲ့အစည်း နှင့် ပုဂ္ဂလိက အလှူရှင်များ ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။
“ဆရာတော်က မြစ်ကြီးနားထောင်မှာ လှူဦးမယ်။ ဆေးရုံမှာလည်း မျက်စိ ဝေဒနာသည်တွေ ကုဖို့ ဝင်ဦးမယ်ဆိုတော့ ပူတာအိုကို ၁၅ ရက်နေ့လောက်မှ ရောက်မှာပါ” ဟု ဦးကောဝိဒက ဆက်မိန့်သည်။
ရာသီဥတု ပြောင်းလဲမှုကြောင့် ပြီးခဲ့သည့်နှစ် စိုက်ပျိုးရာသီက သီးနှံမအောင်မြင်ခြင်း၊ တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စိုက်ပျိုးရန် ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရန် ခက်ခဲသွားခြင်းတို့ကြောင့် သြဂုတ်လ အစောပိုင်းကတည်းက ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေခဲ့ကြောင်း သိရသည်။
“မနှစ်က အထွက်နည်းတယ်။ ဒီနှစ် စိုက်ထား ပျိုးထားတာတွေ ကလည်း ရိတ်သိမ်းချိန် မရောက်သေးဘူး။ ဒီကြားထဲမှာ ပြတ်သွားတာ။ တိုက်ပွဲကြောင့် လမ်းပန်းမကောင်းတော့ ပိုဆိုးသွားတာပေါ့” ဟု ကချင်ပြည်နယ်လွတ်တော် ပူတာအိုမြို့နယ် အမတ် ဦးလီပေါ်ရဲက ဆိုသည်။
ပူတာအို၊ မချမ်းဘောနှင့် ဆွမ်ပရာဘွန်မြို့နယ်များတွင် ဆန်ပြတ်လပ်မှု အဓိက ကြုံတွေ့နေရပြီး ဒေသခံအများစုမှာ ငှက်ပျောအူ၊ ပိန်းဥ စသည့် သစ်သီး သစ်ဥများ ရှာဖွေစားသောက်နေရကြောင်း သိရသည်။
“အမြဲတမ်းတော့ မဟုတ်ဘူး။ ပြည်နယ်အစိုးရက ဆန်လာရောင်းတာရှိတယ်။ အဲဒါ ဝယ်စားနိုင်သူက ဝယ်စား၊ မဝယ်စားနိုင်သူကတော့ အဲလိုပဲ ရှာဖွေစားရတယ်။ တခါတရံ ဆန်ပြုတ်စားရတယ်” ဟု ပူတာအိုဒေသခံ တဦးက ပြောသည်။
ကချင်ပြည်နယ်အစိုးရက ၂ ပတ်လျှင်တကြိမ် လေယာဉ်ဖြင့် ဆန်သယ်ယူ ရောင်းချပေးမှု ရှိသော်လည်း လောက်ငမှု မရှိကြောင်း သိရသည်။
“ဆန် တအိတ်ကို မြစ်ကြီးနားမှာ ၂၀၀၀၀ ပေးရတယ်။ လေယာဉ်ခက ဆန်တအိတ်ကို လေးသောင်းကျတယ်။ အဲဒါကို ပြည်နယ်အစိုးရက ပူတာအိုမှာ ဆန်တအိတ် ၃၂၅၀၀ နှုန်းနဲ့ အရှုံးခံ ရောင်းပေးနေပါတယ်” ဟု ဦးလီပေါ်ရဲက ဆက်ပြောသည်။
လက်ရှိ ကျင်းပနေသည့် ကချင်ပြည်နယ် လွှတ်တော်တွင်လည်း ပူတာအိုဒေသ ဆန်ပြတ်လပ်မှုကို အရေးပေါ် အဆိုတရပ် အနေဖြင့် ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်အနေဖြင့် ကူညီပံ့ပိုးပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။
ပူတာအို ဆန်ပြတ်လပ်မှုအတွက် ဒေသခံ အလှူရှင်များ သွားရောက် လှူဒါန်းမှုတချို့ ရှိနေသော်လည်း သယ်ယူစရိတ် ကြီးမြင့်မှုသည် အခက်အခဲဖြစ်နေကြောင်း သိရသည်။
“ဘုန်းကြီးတို့မှာ ဆန်အိတ် ၇၀ လောက် စုဆောင်းပြီးပါပြီ။ ဒါပေမယ့် လေယာဉ်ခ ကုန်ကျခံဖို့ မတတ်နိုင်ဘူး။ သီတဂူ ဆရာတော်ကြီး လာတော့မှ သူ့ကို လျှောက်ပြီး အကူအညီတောင်းရမယ့်ပုံ ဖြစ်နေတယ်” ဟု ဝိုင်းမော်မြို့နယ်မှ ဆရာတော် ဦးဝိဇယက ပြောသည်။
ပူတာအိုခရိုင်အတွင်းတွင် လူဦးရေ ၁ သိန်း ၂ သောင်းကျော် နေထိုင်လျက်ရှိပြီး လူဦးရေနှင့် တွက်ချက်ပါက တလလျှင် ဆန်တတင်းခွဲအိတ် ၄၀၀၀ ကျော်ခန့် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။