တနင်္သာရီတိုင်း ထားဝယ် ရေပိုင်နက်အတွင်း သင်္ဘောကြီးများဖြင့် သဲတူးဖော်ရေး လုပ်ငန်းများ ပြုလုပ်နေသောကြောင့် ကမ်းနားတွင် နေထိုင်လျက်ရှိသော ကျေးရွာများ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြသည်။
စင်ကာပူနိုင်ငံမှ အေးရှား ပစိဖိတ် ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ ကျော်ကျော်ဖြိုး ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်သည့် သဲတူးသင်္ဘောကြီး ၈ စီးခန့် ထားဝယ်မြစ်ဝတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင် ရောက်ရှိနေကြောင်း ထားဝယ်မြို့နယ် အခြေစိုက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သည့် ကိုကျော်ကျော်သက်က ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၆ ရက်နေ့တွင် သဘာ၀ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကျေးရွာ ဒေသခံများက လက်မှတ်ရေးထိုး၍ နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်နှင့် တနင်္သရီတိုင်း ဒေသကြီး အစိုးရ အပါအဝင် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများထံ ကန့်ကွက်စာ ပေးပို့ ထားကြောင်း ၎င်းက ဆိုသည်။
ယင်း သဲတူးဖော်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် ကုမ္ပဏီများက ရေကြောင်း ဦးစီးဌာနနှင့် သတ္တုတွင်း ဦးစီးဌာန အပါအဝင် ဆိပ်ကမ်း အဏာပိုင်များ၏ ခွင့်ပြုချက် ရရှိထားသည်ဟု တနင်္သာရီတိုင်း ဒေသကြီး အစိုးရထံ တင်ပြသည့် စာအရ သိရကြောင်း ကိုကျော်ကျော်သက်က ဆက်ပြောသည်။
“စက်အကြီးတွေနဲ့ သူတို့ လာတူးတဲ့ အချိန်မှာ ရှေးဟောင်း အမွေ အနှစ်တွေလည်း ပါသွားနိုင်တယ်၊ ကမ်းပါးတွေလည်း ပြိုနိုင် တယ်၊ ရေအောက်နေ သတ္တဝါတွေလည်း ပျက်စီးသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ယင်း သဲတူးဖော်ရေး လုပ်ငန်းများကြောင့် ဆင်ဖြူပြင်၊ တီတွတ်ပြင်၊ အိမ်ရှေ့ပြင် စသည် ကျေးရွာတို့တွင် ကမ်းပါးပြိုမှုနှင့် ရေ အောက်နေ သတ္တဝါများ ပျက်ဆီးမှုတို့ ကြုံတွေ့နေရကြောင်း သိရသည်။
မြစ်ကမ်းနားအနီးရှိ ကျေးရွာဒေသခံများသည် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်ပြီး လတ်တလော ကမ်းပါးပြိုသည့် အခြေအနေ များကြောင့် သဘာဝဘေး အန္တရာယ်နှင့် ရင်ဆိုင်ရလာနိုင်သည်ဟု ယူဆပြီး ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။
ထားဝယ်မြစ်ဝတွင် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေးနှင့် လုံလောက်သော ကြိုတင် လေ့လာ ဆန်းစစ်ခြင်း မရှိဘဲ ဒေသခံများ၏ လူမှုစီးပွားရေး ထိခိုက်စေနိုင်သည့် မြစ်သဲများ ထုတ်ယူမည့် လုပ်ငန်းအား တားမြစ် ရပ်ဆိုင်းပေးရန် တင်ပြကြောင်း အစိုးရ တာဝန်ရှိသူများထံ ပေးပို့သည့် စာတွင် ပါရှိသည်။
ကိုကျော်ကျော်သက်က “ဒီသင်္ဘာကြီးတွေက တနင်္သာရီ ကမ်းရိုးတန်တလျှောက် ကော့သောင်း၊ မြိတ်၊ ထားဝယ် ဒေသတွေမှာ လိုက်တူးနေတာ၊ ကော့သောင်းကနေ ကန့်ကွက်လို့ မတူးတော့ဘူး။ မြိတ်ကလည်း ကန့်ကွက်လို့ မတူးတော့ဘူး။ အခုဟာက ကျနော်တို့ ထားဝယ်မြစ်ထဲကို ကျွံပြီးတော့ ဝင်လာတာပါ” ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလကလည်း ကော့သောင်း ရေပိုက်နက်တွင် သဲတူးဖော်ရေး လုပ်ငန်းများကြောင့် ရေအောက် ချိုင့်ဝှမ်းအတွင်းသို့ အစားထိုးနွံများ၊ သဲများ စီဆင်းသဖြင့် ခရုကျွန်း (ခေါ်) ရွာသာရွာ၊ သီရိမြိုင် ရပ်ကွက်၊ ဘုရင့်နောင် ရပ်ကွက်၊ ပုလိုတုံတုံးကျေးရွာ၊ ဆလုံကျွန်း၊ ရွှေပြည်စိုး ကျေးရွာစသည့် ကျေးရွာများတွင် ကမ်းပါးပြိုမှု၊ သဲသောင် ပျက်စီးမှုများ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရသေးသည်။
စင်ကာပူနိုင်ငံသည် ၎င်းပိုင် ရေပိုင်နက်အတွင်း မြေဖြည့်ကျွန်းတု (Land fill) တည်ဆောက်လျှက် ရှိရာ သဲမြောက်များစွာ လိုအပ်နေပြီး အိမ်နီးချင်းနိုင်ငံများထံမှ ရသလောက် သဲများ တူးဖော် ဝယ်ယူလျှက်ရှိသည်။
မြန်မာနိုင်ငံသည် စင်ကာပူနိုင်ငံအတွက် လိုအပ်သော သဲများကို ၂၀၀၇ ခုနှစ် နောက်ပိုင်းမှ စ၍ အဓိက ထောက်ပံ့ ပေးခဲ့ကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံသည်လည်း ယင်းကမ်းရိုးတန်းမှ သဲများကို စင်ကာပူသို့ ရောင်းချနေပြီး သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ပြည်တွင်း လူမှုရေး အဖွဲ့များက ဝေဖန်နေကြကြောင်း သတင်းများက ဆိုသည်။
မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ရှိလာသောကြောင့် ယင်းနိုင်ငံ ကမ်းရိုးတန်းများမှ သဲများ စင်ကာပူသို့ ရောင်းချခြင်းကို ရပ်ဆိုင်ခဲ့ကြောင်း သိရသည်။