ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ တည်ဆောက်နေသည့် ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအား ရပ်ဆိုင်းပေးရန် ပြည်တွင်း အခြေစိုက်အဖွဲ့ ၁၂ ဖွဲ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။
မြန်မာ-တရုတ် ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက်၍ မြန်မာပြည်သူတို့၏ သဘောထား ထုတ်ပြန်ချက်ဟူသော အချက် ၇ ချက်ဖြင့် ဂက်စ်ပိုက်လိုင်း စီမံကိန်း ရပ်ဆိုင်းထားရေး အောက်တိုဘာလ ၁ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်၌ သဘာ၀ ပတ်ဝန်းကျင်ပျက်စီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စီမံကိန်းနှင့်ပတ်သက်၍ ဘဏ္ဍာငွေကိစ္စတို့ ပွင့်လင်းမြင့်သာမှု မရှိခြင်းတို့အား ထောက်ပြ ဝေဖန်ထားသည်။
ကျောက်ဖြူမြို့နယ်ရှိ စီမံကိန်းများအနက် အများစုမှာ ပြီးစီးလုနီးပါးရှိနေပြီး ရခိုင်ရိုးမနှင့် ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် (KIA ) ထိန်းချုပ်ရာ ဒေသတို့၌သာ ကျန်ရှိကြောင်း စိမ်းရောင်စို (မန္တလေး) အဖွဲ့ခေါင်းဆောင် ကိုတင်သစ်က ဧရာဝတီကို ပြောသည်။
စီမံကိန်း မစရသေးသည့် ဒေသများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘ၀ ထိခိုက်မှုများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြားခံအဖွဲ့များက လေ့လာစစ်မှု ပြုလုပ်ပြီးမှသာ စီမံကိန်းများ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
ရွှေဂက်စ် စီမံကိန်းကြီးများအား တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီတခုဖြစ်သော တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) ကုမ္ပဏီက ၂၀၁၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ကိုရီးယား၊ အိန္ဒိယ ကုမ္ပဏီများနှင့် ပြည်တွင်း ကုမ္ပဏီအများအပြားက စီမံကိန်းအလိုက် တည်ဆောက်လျက်ရှိသည်။
မြန်မာအစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ နှစ်စဉ် ရရှိမည်ဖြစ်ပြီး
တရုတ်နိုင်ငံသည် ရခိုင်ကမ်းလွန်ဒေသမှ သဘာဝဓာတ်ငွေ့များအား နှစ်ပေါင်း ၃၀ အထိ ဝယ်ယူခွင့် ရရှိမည်ဖြစ်သည်။
ထိုစီမံကိန်းများနှင့် ပတ်သက်၍ မြန်မာ-တရုတ် အစိုးရတို့အကြား ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်အလက်များ၊ နိုင်ငံရေးနှင့် ပတ်သက်သည့် သဘောတူညီချက်များ၊ ပိုက်လိုင်း ဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရွက်ထားမှု၊ ပိုက်လိုင်းနှင့် ပတ်သက်သည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများကို ပြည်သူများထံ တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသည့်အချက်များကိုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
“ဒီစီမံကိန်းက ရတဲ့ငွေတွေကို ဘယ်မှာ ဘယ်လိုသုံးမယ် ဆိုတာလည်း ပြည်သူတွေ သိခွင့်မရဘူး၊ ဂက်စ်ပိုက်လိုင်းရဲ့ လုံခြုံရေးအတွက် ဘယ်လိုမျိုး စီမံဆောင်ရွက် ထားတာကိုလည်း ပြည်သူတွေကို ပြောဆိုတာ တခုမှ မရှိသေးဘူး” ဟု Thazin Development Foundation အဖွဲ့၏ ဒု တာဝန်ခံ ကိုအောင်ကျော်ဇောက ဧရာဝတီကို ပြောသည်။
ထို့အတူ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ ဆက်လက် အကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ လုပ်ငန်းခွင်၌ အလုပ်သမားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကလေးအလုပ်သမား အသုံးပြုမှုနှင့် အမျိုးသမီးတို့၏ ဘ၀ ထိခိုက်မှုများကို ကွင်းဆင်းလေ့လာချက်များဖြင့် မှတ်တမ်းများ ရှိကြောင်း ၎င်းက ဆိုသည်။
ကြေညာချက် ထုတ်ပြန်ရခြင်းသည် လက်ရှိ အဖြစ်အပျက်များအား အစိုးရနှင့်စီမံကိန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများ၊ ပြည်သူများ အားလုံးသိရှိသွားရန် ရည်ရွယ်ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုအချိန်သည် ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ဆိုင်းငံ့ထားသည့် တနှစ်ပြည့်မြောက်ချိန်လည်း ဖြစ်ကြောင်း ကိုအောင်ကျော်ဇောက ဆိုသည်။
အဖွဲ့ ၁၂ ခု၌ ရခိုင်ဒေသ ကိုယ်စားပြုထားသည့် Thazin Development Foundation နှင့် Arakan Ray Youth, မကွေးဒေသ ကိုယ်စားပြု Ayarwady West Development Organizationနှင့် Green Network Sustainable Development Group အဖွဲ့၊ Green Future – ရေနံချောင်း၊ ပုပ္ပါးတောင်ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့၊ Green for All, စိမ်းရောင်စို (တံတားဦး) နှင့် စိမ်းရောင်စို Activities (မန္တလေး)၊ စိမ်းလန်းပြင်ဦးလွင် (ပြင်ဦးလွင်)၊ စိမ်းရောင်စို (ကျောက်မဲ)၊ ရှမ်းပြည်နယ်မြေက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ဖြစ်သည်။
ဂက်စ်ပိုက်လိုင်း လမ်းကြောင်းတွင် ပါဝင်သည့် ပြင်ဦးလွင်မြို့နယ်တွင် ရေထိန်းတောများ ပျက်စီးဆုံးရှှုံးသွားခြင်း၊ ကျေးရွာ ၂၀
ကျော်တွင် နေထိုင်သည့် ဒေသခံပြည်သူများ၏ လယ်မြေများ၊ ဒေသတွင်းလမ်းများ ပျက်စီး၍ ကလေးများ ကျောင်းသွားကျောင်းလာ ခက်ခဲခြင်း စသည်ဖြင့် ကြုံတွေ့နေရကြောင်း စိမ်းလန်းပြင်ဦးလွင်အဖွဲ့မှ ကိုမောင်မောင်သွင်က ပြောသည်။
ပြင်ဦးလွင်၊ မန္တလေး၊ နောင်ချို၊ မိုးကုတ် ဒေသတဝိုက်တို့တွင်လည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ပြားကြောင်း၊ ပြင်ဦးလွင်ဒေသ၌ ကန်ထရိုက်အဖြစ် မန္တလေးကျုံး ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေကြောင်း၊ ပျက်စီးသွားသည့် လမ်းများအား ပြန်လည် ပြုပြင်ပေးမှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်မှ အမ်းမြို့နယ်၊ ထိုမှတဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကိုဖြတ်၍ တရုတ်နိုင်ငံ နန်နင်းမြို့အထိ သွယ်တန်းမည် ဖြစ်သည်။ ဓာတ်ငွေ့ပိုက်လိုင်း အရှည် ကီလိုမီတာ ၂၈၀၀ ဝန်းကျင် ဖြစ်ပြီး သဘာဝဓာတ်ငွေ့တန်ချိန် တနှစ်လျှင် ကုဗမီတာ ၁၂ ဘီလီယံနှင့် ရေနံစိမ်းစည် ၄၀၀၀၀၀ တင်ပို့နိုင်မည် ဖြစ်သည်။ ဂက်စ်ပိုက်လိုင်း စီမံကိန်းသည် ယခုအခါ ၈၀ ရာခိုင်နှှုန်းကျော် ပြီးစီးနေပြီ ဖြစ်၍ ၂၀၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့များ ပို့လွှတ်တော့မည်ဖြစ်ပြီး၊ ဂက်စ်ပိုက်လိုင်းနှင့်အတူ ရေနံပိုက်လိုင်း၊ မီးရထားလမ်း၊ မော်တော်ကားလမ်းတို့ ပါဝင်မည်ဖြစ်သည်။
ဂက်စ်ပိုက်လိုင်း စတင်သည့် မဒေးကျွန်းအနီးရှိ ပင်လယ်ပြင်တွင် သန္တာကျောက်တန်း အများအပြားကို CNPC ကုမ္ပဏီမှ မိုင်းခွဲဖျက်စီးခြင်းကြောင့် သန္တာကျောက်တန်းများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့သည့်အပြင် ရေနေသတ္တဝါ အများအပြား သေဆုံးသွားပြီး ကျောက်ဖြူဒေသရှိ လမ်းများ အားလုံးနီးပါးမှာ ပျက်စီးနေသည်ဟု ဒေသခံများက ပြောသည်။